နိုင်ငံ့ဝန်ထမ်း လစာများ တိုးမြှင့်ပေးမည့် ဧပြီလဝန်းကျင်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်း ဈေးမြင့် တက် မှုများရှိလာနိုင်၍ အစိုးရက ဗျူဟာချ ထိန်းညှိပေးရန် ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးကြောင်း သိရသည်။
မတ်လ ၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်က အခြေခံစားသောက်ကုန်နှင့် အမေရိကန် ဒေါ်လာဈေး မြင့်တက်မည့် အခြေအနေကို ထိန်းညှိပေးရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က“နိုင်ငံ့ဝန်ထမ်း လစာတိုးမြှင့်မှုနဲ့အတူ အခြားသော ဘေးထွက် သက်ရောက် မှုတွေကို ရင်ဆိုင်ကြရမှာ ဖြစ်တယ်”ဟု ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ပြောဆိုခဲ့သည်။
ဝန်ထမ်းများ လစာတိုးမြှင့်ရန် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ အတည်ပြုထားပြီး ဖြစ်သဖြင့် ယခုဘဏ္ဍာနှစ် ၂၀၁၅- ၂၀၁၆ စတင်မည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်း လစာများကို စတင်တိုးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
“နှစ်ပေါင်းများစွာက ဝန်ထမ်းလစာ တိုးရင် ကုန်ဈေးနှုန်း တက်တယ်၊ လူတွေက လန့်ပြီး ကြိုဝယ်ကြတယ်၊ ရောင်းတဲ့သူကလည်း ဈေးနှုန်းတက်မယ်ဆိုတာ သိတော့ မရောင်းဘူး၊ သိမ်းထားတယ်၊ လူတွေက ကြောက်ပြီး ဝယ်ကြနဲ့ ဈေးတွေ မြင့်တက်လာတယ်”ဟု ဒေါက်တာ ဝင်းမြင့်က ဧရာဝတီကို ပြောသည်။
အခြေခံ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုသည် အခြေခံ လူတန်းစား၊ လက်လုပ်လက်စား၊ နေ့စားသမားများနှင့် ဆင်းရဲသည့် ပြည်သူများ၏ ဘဝအပေါ်တွင် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိစေသည့်အပြင် လစာတိုး ရသည့် ဝန်ထမ်းများ၏ ဘဝသည်လည်း တိုးတက်မှု မရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ဈေးနှုန်း မြင့်တက်မည်ကို ပြည်သူများ မစိုးရိမ်ရန် အတွက် ကြိုတင် စီစဉ်၍ ကြေညာထားခြင်းမျိုးကို ဗျူဟာချ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဒေါက်တာ ဝင်းမြင့်က ဆိုသည်။
နိုင်ငံ့ဝန်ထမ်း လစာ မတိုးမြင့်မီကာလတွင် ကုန်ဈေးနှုန်းနှင့် ဒေါ်လာဈေး မြင့်တက်မှုကို ထိန်းညှိနိုင်ရန် လွှတ်တော်ရှိ အခြားကော် မတီ များနှင့်အတူ ဒေါက်တာ ဝင်းမြင့်က ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟုလည်း သိရသည်။
“ဗဟိုဘဏ်မှာ ဒေါ်လာ သန်းပေါင်း ရှစ်ထောင်လောက် ရှိတယ်၊ ပုဂ္ဂလိက အပ်ငွေအားလုံး ပြန်ထုတ်သွားရင်တောင် သူ့မှာ သန်းပေါင်း ငါးထောင်လောက် ကျန်တယ်၊ ကျန်တဲ့ငွေနဲ့ ဒေါ်လာဈေး မပျက်အောင် ထိန်းနိုင်ပါတယ်”ဟုလည်း ဒေါက်တာ ဝင်းမြင့်က လွှတ်တော် တွင် ပြောဆိုသည်။
ထိုသို့ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က ဖြစ်ပေါ်လာမည့် အခြေအနေများကို ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ၊ ဗဟိုဘဏ်၏ ငွေကြေး မူဝါဒများဖြင့် ထိန်းကျောင်း ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ပြောဆိုခဲ့သည်။
မလိုလားအပ်သည့် နောက်ဆက်တွဲ ကိစ္စရပ်များကို ရှောင်ရှားနိုင်ရန် ဘဏ္ဍာရေးဆိုင်ရာများကို သတိထား ဆောင်ရွက်ကြရန်၊ ယခုအချိန်အခါ၌ နိုင်ငံရေး အခြေအနေမှာ ဘက်စုံထောင့်စုံ စဉ်းစားဆောင်ရွက်ရမည့် အခြေအနေ ဖြစ်သဖြင့် မီးပွားတခုပုံစံ မရောက်ရှိရန် ဂရုပြုရမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းလစာနှင့် အလုပ်သမားလုပ်ခ လစာသည်လည်း ဆက်စပ်မှု ရှိနေသည်ဟုလည်း ဝန်ကြီး ဦးဝင်းရှိန်က ဆက်လက် ပြောဆိုသည်။
ရခိုင် တိုးတက်ရေး ပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက“ဒီကိစ္စက ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ပြဿနာပါ၊ နိုင်ငံ့ ဝန်ထမ်းက တသန်းကျော်ပဲ ရှိတယ်၊ သူတို့ လစာတိုးလို့ အခြေခံစားကုန် မြင့်တက်လာရင် ကျန်တဲ့လက်လုပ်လက်စား ပြည်သူတွေ၊ ဆင်းရဲနွမ်းပါးသူတွေက ခံရမှာ”ဟု ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ လစာမတိုးမီ ဈေးကွက် ထိန်းညှိရေး ဗျူဟာချမှတ် လုပ်ဆောင်ရန် အချိန် တလခန့်သာကျန်ရှိပြီး လုပ်ကိုင် ဆောင် ရွက်ခြင်း မရှိပါက လစာများ တိုးမည့် ဧပြီလ နောက်ပိုင်းတွင် အခြေခံစားသောက်ကုန်များနှင့် ဒေါ်လာ လဲလှယ်နှုန်းဈေးများ တိုးမြင့် လာပါက ပြည်သူများအကြား ဆူပူမှုတခု ဖြစ်လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် အမတ်များအကြား ဝေဖန် ပြောဆိုနေကြသည်။