မူကြမ်းအထိ သဘောတူ လက်မှတ်ထိုးထားပြီးဖြစ်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)ကို ဆက်လက် ဆွေးနွေးရန် တိုင်းရင်းသားများဘက်မှ အသစ်ဖွဲ့စည်းလိုက်သည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အစိုးရဘက်မှ အသိအမှတ် မပြုဟု သတင်းရရှိသည်။
ယင်း အဖွဲ့ကို အင်္ဂလိပ် ဘာသာဖြင့် Senior Delegation for Nationwide Ceasefire Negotiation ဟု အမည်ပေးထားသည်။
အဆိုပါ သတင်း အချက်အလက်သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားများဘက်မှ အဆင့်မြင့်ကိုယ်စားလှယ် ၃ ဦး ယမန်နေ့က ရန်ကုန်မြို့၌ အလွတ်သဘော တွေ့ဆုံပြီးနောက် အဆင့်မြင့် ကိုယ်စားလှယ် တဦးဖြစ်သူ နိုင်ဟံသာက ဧရာဝတီကို ပြောဆိုခြင်း ဖြစ်သည်။
အဆင့်မြင့်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် နိုင်ဟံသာက “အဖွဲ့သစ်ဖွဲ့တဲ့အပေါ် သူတို့ (အစိုးရ) သဘော မတွေ့ဘူး၊ လိုအပ်ရင် သူတို့ အတွက် NCCT နဲ့ ဆက်ဆွေးနွေးရင် ပြဿနာမရှိဘူးလို့ ပြောတယ်၊ အခုလို အဖွဲ့သစ် ဖွဲ့လိုက်တော့ သူတို့အထက်က ခေါင်းဆောင် တွေ အမြင်မရှင်းဘူး၊ လက်ခံဖို့ သင့် မသင့်ဆိုတာကို ဆုံးဖြတ် မပေးနိုင်သေးဘူးလို့ ပြောတယ်”ဟု ပြောပြသည်။
ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ၊ တပ်မတော်ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည် ထောင်စုဝန်ကြီး ဦးခင်ရီနှင့် UPWC အဖွဲ့ဝင်များ၊ တိုင်းရင်းသားများဘက်မှ အဆင့်မြင့်ကိုယ်စားလှယ်များ ဖြစ်သည့် နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း နှင့် ရခိုင်အမျိုးသား ကောင်စီ(ANC)မှ ကိုထွန်းဇော်တို့ ပါဝင်သည်ဟု သိရသည်။
UPWC အထူးအကြံပေး ဦးလှမောင်ရွှေက “ဆွေးနွေးတာနဲ့ ပတ်သက်ပြီး အများကြီးပြောစရာမရှိပါဘူး၊ သူတို့ အဖွဲ့ကို လက်ခံနိုင် တယ်၊ လက်မခံနိုင်ဘူး ဆိုတာ ဘာမှ ပြောစရာမရှိပါဘူး၊ သူတို့(အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့) ကိုလည်း အစိုးရရဲ့ ရပ်တည်ချက် တွေကို ရှင်းပြလိုက်ပါတယ်”ဟု ပြောသည်။
ယခင်က NCAကို အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ညှိနှိုင်းခဲ့ပြီး မတ်လ ၃၁ ရက် တွင် မူကြမ်းအဖြစ် သဘောတူ လက်မှတ်ထိုးထားသည်။
ထိုမူကြမ်းကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များက လက်မှတ်ထိုးသင့် မထိုးသင့် ဆုံးဖြတ်ရန် ကရင် ပြည်နယ်တွင် ကျင်းပ သည့် လော်ခီးလာ တိုင်းရင်းသား ထိပ်သီးညီလာခံတွင် ပြုလုပ်ခဲ့ပြီး NCCT ကို ဖျက်သိမ်း၍ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းခြင်းနှင့် NCA ကို အချက် ၁၅ ချက် ထပ်မံ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်။
ထိုပြင်ဆင်ချက် ၁၅ ချက်ကိုလည်း အစိုးရဘက်မှ လက်ခံခြင်းမရှိဟု နိုင်ဟံသာက ပြောပြသည်။
မူကြမ်းအထိ သဘောတူပြီးသည့် NCA တွင် နှစ်ဦးနှစ်ဖက် လိုအပ်ချက်များရှိပါက အချက်အလက်တချို့ကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်မည်ဟု ပါရှိသဖြင့် ၎င်းတို့ဘက်မှ ပြန်လည် ပြင်ဆင်ဖြည့်စွက်ရခြင်း ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။
UPWC အနေဖြင့် အကြမ်းဖျင်း လက်မှတ်ထိုးထားသည့် စာချုပ်မူကြမ်းကိုသာ ဆွေးနွေးမှု ပြုလုပ်ပြီး အပြီးသတ် စာချုပ်ချုပ်ဆို လိုသည့် သဘောရှိသည်ဟုလည်း သိရသည်။
အဆင့်မြင့်ကိုယ်စားလှယ် တဦးဖြစ်သူ ပဒိုကွယ်ထူးဝင်းက တိုင်းရင်းသားများဘက်မှ ဖြည့်စွက်ချက်များကို သမ္မတ နှင့် တပ်မတော် ဘက်မှ ပြင်ဆင်လိုသည့် ဆန္ဒမရှိဘဲ ထိုအချက်များကို အစည်းအဝေး မှတ်တမ်းတခုအနေဖြင့်သာထားရန် ပြောဆိုသည်ဟုလည်း သတင်းမီဒီယာများကို ပြောသည်။
ထပ်မံဖြည့်စွက်ထားသည့် အချက်များသည် NCA ချုပ်ဆိုရာတွင် တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်ရေး (အနိမ့်ဆုံး NCCT တွင် ပါဝင် သည့် ၁၆ ဖွဲ့လုံးပါဝင်ရေး)၊ အစိုးရဘက်မှ သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့က တာဝန်ခံ လက်မှတ်ထိုးပေးရန်နှင့် လက်မှတ် ထိုးရာတွင် အသိသက်သေအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ၊ အမေရိကန် ၊ဗြိတိန် ၊ တရုတ် ၊ ဂျပန် ၊ အိန္ဒိယ၊ ထိုင်းနှင့် နော်ဝေးနိုင်ငံတို့ ပါရှိရန် ဟူ၍ ဖြစ်သည်။
UPWC မှ NCA ချုပ်ဆိုရာတွင် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် ပါဝင်လက်မှတ် ထိုး မထိုးကို ကတိပြုထားခြင်းမရှိဘဲ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်၍ လက်မှတ်ထိုးမည်ဟုသာ သိထားရသဖြင့် တိုင်းရင်းသားများက NCA ချုပ်ဆိုမည့်အပေါ် စိုးရိမ်မှုများ ရှိသည်ဟုလည်း သိရသည် ။
ထို့အပြင် အသိသက်သေအဖြစ် ကုလသမဂ္ဂ ကိုယ်စားလှယ်၊ အာဆီယံကိုယ်စားလှယ် နှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ် များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းကို အစိုးရဘက်မှ ၂၀၁၄ ခုနှစ်ကပင် ပြောဆိုထားပြီး ဖြစ်သည်။
UPWC မှ အထူးအကြံပေး ဦးလှမောင်ရွှေက NCA ချုပ်ဆိုရာတွင် အားလုံးပါဝင်ရေးနှင့် ပတ်သက်၍ လက်ရှိ တပ်မတော်နှင့် တိုက် ပွဲဖြစ်နေသည့် အဖွဲ့သုံးဖွဲ့အနက် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးအဖွဲ့(TNLA) နှင့် ရက္ခိုင့် တပ်မတော်(AA) တို့ကို ဆွေးနွေးရန် ဖြစ်နိုင်သော်လည်း ကိုးကန့်အဖွဲ့ (MNDAA) ကိုမူ အစိုးရအနေဖြင့် လက်ခံနိုင်မည်မဟုတ်ဟု ဧရာဝတီကို ပြောဆို ထားသည်။
ထိုအချက်နှင့် ပတ်သတ်၍ နိုင်ဟံသာကလည်း“တချို့ကို ချန်ပြီး ထိုးမယ်၊ အစိုးရက ကျန်တဲ့အဖွဲ့တွေကို သွားဖိတိုက်မယ် ဆိုရင် အန်ကယ်တို့က ကိုယ့်အပေါင်းအသင်း ကိုယ့်သူငယ်ချင်း ကိုယ့်ညီအစ်ကို ကို အစိုးရက တိုက်ဖို့ ဖွင့်ပေးလိုက်သလို ဖြစ်သွားမယ်၊ သူတို့အပေါ်မှာ သစ္စာမရှိရာ သစ္စာဖောက်ရာကျမယ်၊ ဒါ့ကြောင့် ညီအစ်ကိုတွေ အားလုံးပါဝင်ရေး ချမှတ်လိုက်တာပါ”ဟုလည်း မှတ်ချက်ပြုသည် ။
ထိုကဲ့သို့ UPWC နှင့် အဆင့်မြင့်ကိုယ်စားလှယ်များအကြား သဘောထားကွဲလွဲနေမှုများကို ဇူလိုင်လ ပထမပတ်တွင် ပြန်လည်တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်မည်ဟုလည်း သိရသည်။
NCA ကို ဇူလိုင်လအတွင်း အပြီးသတ် ညှိနှိုင်းမှု မပြေလည်ပါက ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်မှသာ ဆက်လက် ညှိနှိုင်းမှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟုလည်း အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့က ပြောသည်။