၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် တပ်မတော် ဧရိယာနယ်မြေများအတွင်းတွင် မဲဆွယ် စည်းရုံးခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။
UEC က ရွေးကောက်ပွဲဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ ရန်ကုန်မြို့၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲတွင် ပြုလုပ်ရာ တပ်မတော်အတွင်း မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ မီဒီယာ များ၏ မေးမြန်းမှုကို ဦးတင်အေးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးတင်အေးက“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြောတဲ့အခါမှာ တပ်ထဲမှာ မဲဆွယ်စည်းရုံးဖို့ ကတော့ မဖြစ်နိုင်ပါဘူး။ တပ်ကလည်း ခွင့်ပြုမယ် မထင်ပါဘူး”ဟု ပြောသည်။
တပ်မတော်အတွင်း မဲဆွယ်စည်းရုံးရန် မဖြစ်နိုင်သော်လည်း ကိုယ်စားလှယ်များအနေဖြင့် အကြောင်းအရာ အချက် အလက်များကို လက်ကမ်းစာစောင်များဖြင့် တပ်နယ်မြေများတွင် ဖြန့်ဝေ အသိပေး ခွင့်ပြုမည် ဖြစ် ကြောင်း၊ တပ်မတော်နယ်မြေနှင့် နီးစပ်သည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံး ရေးပွဲ များ တပ်မတော်သားများနှင့် မိသားစုများ စိတ်ပါဝင်စားလျှင် သွားရောက် နားထောင်ခွင့်ပြုကြောင်း သိရှိရ သည်။
တပ်မတော်သားများ မဲပေးရန်အတွက် မဲရုံကို တပ်တွင်းကျောင်းများတွင် ပြုလုပ်မည်ဆိုပါက သတင်း မီဒီ ယာ၊ လွှတ်တော် ကိုယ်စားလှယ်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ မဲရုံ ကိုယ်စားလှယ်၊ ပြည်တွင်း ပြည်ပ လေ့လာ စောင့်ကြည့်သူများအားလုံး ဝင်ရောက် ကြည့်ရှုခွင့် ရရမည်ဖြစ်မည်ဖြစ်ပြီး ထိုသို့ မပြုလုပ်နိုင်ပါက မဲရုံကို တပ်မတော်နယ်မြေ ပြင်ပတွင် ပြုလုပ်ရန် ကော်မရှင်က တပ်မတော်ထံသို့ အကြောင်းကြားထားသည်ဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးကို တပ်မတော်က ကူညီနိုင်ရန် ဆောင်ရွက်ပေးနိုင်သည့် အခန်း ကဏ္ဍအားလုံး ဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားကြောင်း၊ တရား နည်းလမ်းကျကျနှင့် ရရှိသည့် ရွေးကောက်ပွဲ ရလဒ် အဖြေမှန်သမျှကို လက်ခံမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘီဘီစီနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ကာလကို လည်း ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၆၀ ခွင့်ပြုမည်ဟု ကော်မရှင်က ကြေညာထားသည်။