ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ အနီးကပ်ဆုံးသူ၊ မွေး/ ရေနှင့် စက်မှုဝန်ကြီးဟောင်း၊ စစ်အစိုးရ လက်ထက်မှာ အလွန် ချမ်းသာ ကြွယ်ဝလာသောသူ၊ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟို အတိုင်ပင်ခံနှင့် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် အမတ်၊ သဘောထား တင်းမာသူဟု နာမည်ကြီးလာသူ ဦး အောင်သောင်း ဇူလိုင်လ ၂၃ ရက်နေ့က စင်ကာပူနိုင်ငံ၊ မောင့်အဲလိဇဘတ် ဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မြန်မာ ပြည်သူလူထု၏ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး သူသေဆုံးမှုနှင့် ပတ်သက်ပြီး ဝေဖန် သုံးသပ် ချက်များစွာ ထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ဧရာဝတီ သတင်းထောက်များ ဖြစ်သည့် ဇူးဇူးနှင့် ထွန်းထွန်းတို့က လူ့အဖွဲ့အစည်း အလွှာအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဆက်သွယ် မေးမြန်း ခဲ့ပါသည်။
စာရေးဆရာ သန်းစိုးနိုင်
လူတယောက် ကွယ်လွန်သွားတယ်ဆိုတဲ့ ကိစ္စဟာ ဝမ်းသာစရာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ လူ့အဖွဲ့အစည်း အပေါ်မှာ သူပြုတဲ့ ကောင်းမှု၊ မကောင်းမှုအပေါ်မှာ ပြန်တုန့်မှုတွေ ရှိတတ်ပါတယ်။ ဥပမာ ဆိုကြပါစို့။ ဦးစောကို သေဒဏ်ပေးတဲ့ ကိစ္စဆိုရင် သူ့မိသားစုကလွဲရင် သိပ်ပြီးတော့ ဝမ်းနည်း ကြေကွဲမယ့်သူရှိမှာ မဟုတ်ပါဘူး။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူပြုမူခဲ့တဲ့ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ အကြောင်းပြုပြီးတော့ လူ့အဖွဲ့အစည်းက ဖော်ပြတဲ့ အမြင် ဖြစ်ပါတယ်။ အဲဒီတော့ ဦးအောင်သောင်း ကွယ်လွန်သွားတဲ့ အတွက် ဖော်ပြချက် ၂ ရပ် ရှိပါတယ်။ တခုက ဘာလဲဆိုတော့ တပ်မတော်သားတွေ၊ တပ်မတော်သားဟောင်းတွေ အများစုရှိတဲ့ လွှတ်တော်က တမိနစ် ငြိမ်သက်စွာ ဝမ်းနည်းကြောင်း ဖော်ပြပါတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ လူမှုကွန်ရက်တွေ ထဲမှာတော့ ဒါကတော့ ပြည်သူတွေရဲ့ အမြင်ပေါ့။ ပြည်သူတွေရဲ့ ခံစားမှုတွေပေါ့။ အဲဒီမှာကတော့ ဦးအောင်သောင်း သေတာကို ဝမ်းသာကြောင်း ရေးထားတာ တွေ့ပါတယ်။
ကျနော် ဘာပြောချင်တာလဲ ဆိုတော့ ကျနော်တို့ လူ့အဖွဲ့ အစည်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အကြောင်း ပြုပြီးတော့ ဖော်ပြတဲ့ မျက်နှာစာ ၂ ခု ဖြစ်နေတယ်။ တခုက ဦးအောင်သောင်းနဲ့ ဘဝတူ ဦးအောင်သောင်းလို တပ်မတော်ထဲ ဖြတ်သန်းခဲ့လူ၊ အစိုးရအဖွဲ့မှာ ပါဝင်နေတဲ့လူ၊ ချမ်းသာ ကြွယ်ဝတဲ့လူ၊ ခရိုနီတွေ မွေးထားတဲ့လူ အဲဒီလို လူတယောက်ကို သူနဲ့ဘဝတူ အင်အားစုတွေက ဝမ်းမသာနိုင်ကြသလို၊ ကြေကွဲကြသလို ပြည်သူတွေကလည်း သူတို့ရဲ့ အမုန်းကို သူတို့ရဲ့ နာကျည်းမှုကို ဝမ်းသာကြောင်း ဖော်ပြလိုက်တဲ့ အနေအထား ဖြစ်တယ်လို့ ပြောချင် ပါတယ်။
ကျနော့်ပုဂ္ဂလိက အမြင်ကတော့ ဦးအောင်သောင်း သေသွားတာကို ကျနော့်အနေနဲ့ လူပုဂ္ဂိုလ် တယောက် အနေနဲ့တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် သူပါဝင်ခဲ့တဲ့ အခန်းနဲ့ သူလိုပုဂ္ဂိုလ်မျိုး မြန်မာ့ နိုင်ငံရေး လောကမှာ မရှိတော့ဘဲ အခုလို ထွက်ခွာသွားတာနဲ့ ပတ်သက်လို့တော့ ဝမ်းသာတယ်လို့ပဲ ပြောချင်ပါတယ်။
ဦးမြင့်ဇော် (ရှင်ရေး ကူညီမှုအသင်း ဒု-ဥက္ကဋ္ဌ)
အွန်လိုင်း မီဒီယာပေါ်က လူတွေရဲ့ တုန့်ပြန်မှုတွေကို ဖတ်ရင်၊ နားထောင်ရင် သူ့အပေါ် လူတွေ ဘယ်လို သဘောထားလဲ။ လူတွေအပေါ် သူဘယ်လို လုပ်ခဲ့သလဲဆိုတာကို ခန့်မှန်းလို့ရတယ်။ ဆိုလိုတာက သူက လူမသေခင်ကတည်းက နာမည်သေပြီးသား ဖြစ်နေတာ။ လူတယောက် သေတာတော့ ဝမ်းသာရမယ့် ကိစ္စမဟုတ်ဘူး၊ မြန်မာလူမျိုးတို့ရဲ့ စိတ်ထားအရ အယူအဆအရ လူသေလို့ ဝမ်းမသာကြပါဘူး။ ချစ် တတ်ကြတယ်၊ ခွင့်လွှတ်တတ် ကြတယ်၊ သည်းခံကြတယ်၊ အကြင်နာတရား ကိုယ်ချင်းစာ တရား ရှိတယ်ပေါ့။ ဒါပေမယ့် ကျနော်လည်း အသက် ၄၀ နီးပြီ။ ဒီလိုမျိုး တခါမှ မမြင်ဖူးဘူး။ လူတယောက် သေတာကို ပြုံးပျော်ရွှင်နေတာတွေ ပေါက်ကွဲနေတာတွေကို ပေါ့နော်။ ဒါပထမဆုံးပဲ။
သူတို့ ဖြတ်သန်းခဲ့တဲ့ ကာလမှာ သူတို့ကိုယ်တိုင် ဘယ်လိုထုဆစ် ပုံဖော်သွားသလဲ၊ လူတွေကို ဘယ်လို စိတ်သောက စိတ်ဒဏ်ရာတွေ ပေးခဲ့သလဲဆိုတာ အတိုင်းသား ပေါ်လွင်နေတယ်။ ဒါက Action and Reaction ပဲ။ ကိုယ့်သမိုင်း ကိုယ်ရေးတာပါပဲ။ ပြောရမယ်ဆိုရင် သေပန်းမလှဘူးပေါ့။ ဗိုလ်ချုပ်ဆိုရင် နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာတောင် တသသ ဖြစ်နေကြတယ်။ သူတို့ကတော့ မသေခင်ကတည်းက ပုပ်နေတယ်လို့ ပြောရမယ်။ လူတွေက ရွံရှာ မုန်းတီးကြတယ်။
သူ ရောဂါစဖြစ်တယ် ဆိုကတည်းက ဝမ်းသာကြတယ်။ နိုင်ငံခြားသွားတယ် ဆိုတဲ့အခါ လူတွေက သေပါ စေလို့ ဆုတောင်းခဲ့ကြတယ်။ ကျနော်ကတော့ သူသေသွားတဲ့အတွက် ဘယ်လိုမှ မခံစားရဘူး။ ဒါပေမယ့် တခုတော့ ရှိတယ်။ တိုင်းပြည်ကို ဒုက္ခပေးတဲ့အထဲမှာ သူအပါအဝင်ပေါ့၊ လူတွေ အများကြီးကို ဘဝ ပျက်အောင် လုပ်ခဲ့တယ်။ တိုင်းသူ ပြည်သားတွေကို စိတ်ဆင်းရဲသောက ဖြစ်အောင်လုပ်ခဲ့တယ်။ အဲဒီလို လူတွေထဲက တယောက် လျော့သွားတယ် ဆိုတော့ အနာဂတ်အတွက် ကောင်းတယ်လို့ ပြောရမှာပေါ့။
ဦးရဲအောင် (နိုင်ငံရေး အကျဉ်းသားဟောင်း)
လူတယောက်ရဲ့ သမိုင်းကြောင်းဟာ နောက်ဆုံးအချိန်အထိ သူ့အပေါ်မှာ လာထင်ဟပ်တယ်လို့ပဲ ပြောချင်တယ်။ ကွယ်လွန်သွားတဲ့ အချိန်အထိကို သူလုပ်ခဲ့တဲ့ ကောင်းခြင်း၊ ဆိုးခြင်းဟာ ဆက်ပြီး ထင်ဟပ်နေတယ်လို့ မြင်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ဝေဖန်ကြတယ် ပြုကြတယ်ဆိုတာမှာ လူတိုင်းဟာ အမြင် အမျိုးမျိုးတော့ ရှိကြမှာပေါ့။ ဒီဘက်က မကြိုက်တဲ့ဘက်က ဝေဖန်တဲ့သူရှိသလို သူ့အတွက် ကောင်းတဲ့ ဘက်က ဝေဖန်တဲ့သူလည်း ရှိချင်ရှိမယ်။ ဒါပေမယ့် တကယ့် သမိုင်း အစစ်အမှန်ကတော့ ပြည်သူ အများစုဟာ ဘာပြောလဲ၊ ဘယ်လို ပြောလဲ။
ဒါကိုပဲ တကယ့် ပကတိ အရှိတရားအဖြစ် လက်ခံရမှာပါ။ ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်ကတော့ သိပ်တော့ ထူးထူး ခြားခြား မရှိပါဘူး။ ပြောရမယ်ဆိုရင် ကျနော့်အမြင်က သူ့ရဲ့ သမိုင်းကြောင်းက သူလုပ်ခဲ့တဲ့ အပေါ်မှာပဲ အားလုံးက ဝိုင်းပြီး ဆုံးဖြတ်ကြတာပေါ့။ ပြစ်တင် ဝေဖန်တာလည်း ရှိမယ်။ ဒါဟာ သူလုပ်ခဲ့တဲ့ လုပ်ရပ်အပေါ်မှာပဲ ဆုံးဖြတ်ကြတာ။ ကျနော်ကတော့ သာမန် လူတယောက် ကွယ်လွန်သွားတာ လူတယောက် ကွယ်လွန်သွားတယ်ပဲ သဘော ထားပါတယ်။
နော်ဆူဆန်နာ လှလှစိုး (ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
လူတယောက် သေဆုံးခြင်းအပေါ် ပျော်ခြင်း၊ ဝမ်းနည်းခြင်းတော့ မရှိဘူးပေါ့။ ကျမက System ကိုပဲ ကြည့်တယ်။ System မကောင်းတဲ့ အတွက်ကြောင့် လူတယောက်က သည်လောက်အထိ နာမည် မကောင်းသွားရှာဘူး။ ဒီစနစ်ကြီးကို ပြောင်းလဲလို့ မရမချင်းကတော့ ဦးအောင်သောင်းတွေ အများကြီး ရှိနေဦးမှာပဲ။ သူတယောက် မရှိတော့သော်လည်းပဲ သူလိုလူတွေ အများကြီး ရှိနေဦးမှာပဲ။ စနစ်က မကောင်ဘူး။ Rule of law (ဥပဒေ စိုးမိုးမှု) မရှိဘူးဆိုတော့ လူတွေအများကြီးက ဦးအောင်သောင်းလို ဖြစ်သွားကြတယ်။ ဒါကြောင့် စနစ်တခုကတော့ ပြောင်းလဲချိန် တန်ပြီလို့ပဲ သံဝေဂ ယူမိတယ်။ ကြီးကြီး မားမားကြီးတော့ ဒီလူတယောက်အတွက် ဝမ်းနည်းတာ၊ ဝမ်းသာတာတော့ မရှိဘူး။
လူတွေကို အဲဒီလောက်ထိ နာမည်ပျက်သွားအောင် လုပ်တဲ့ စနစ်ဆိုးတခုကို တိုက်ဖျက်ရမယ်လို့ ယုံကြည်တယ်။ ဒီပဲယင်းကိစ္စမှာဆို ဦးအောင်သောင်း ပါဝင်တယ်လို့ ပြောဆိုကြတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ အတွက်ကြောင့် ဘာမှ အရေးယူလို့မရဘူး။ သူဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ ဒါပေမယ့် သူ့နာမည်ကတော့ ပျက်သွားတယ်။ ပိတ်ဆို့ အရေးယူမှုတွေလည်း ခံလိုက်ရတယ်။ ဒါကြောင့် ကျမက တရားဥပဒေစိုးမိုးမှုနဲ့ ခေတ်တခုရဲ့ စနစ်တခုကိုပဲ ပြန်ထောက်ပြချင်တယ်။
ဒေါက်တာ စိုးထွန်း (စီးပွားရေးလုပ်ငန်းရှင်)
ဦးအောင်သောင်း ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းတွေအပေါ် အကျိုး သက်ရောက် မှုတွေ ရှိလာမယ် မထင်ပါဘူး။ ဘာလို့ဆိုတော့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ အားလုံးဟာလည်း သူ့သား တွေက ဆက်လက် ဦးစီးလုပ်ကိုင်နေကြပါပြီ။ နောက်ပြီး သူက စီးပွား ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း အဆုံးအဖြတ် ပေးတဲ့ အဓိကနေရာက တာဝန် ထမ်းဆောင်ခဲ့တဲ့သူလည်း မဟုတ်ပါဘူး။ လူတယောက်အနေနဲ့တော့ အခုလို သူ ကွယ်လွန်သွားတာကို စိတ်မကောင်း ဖြစ်ရပါတယ်။
ဦးအောင်ဇင် (ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဦးအောင်သောင်းက ကျနော်တို့ လွှတ်တော်က ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အခု သူဆုံးသွားပေမယ့်လည်း ကော်မတီနဲ့ ပတ်သက်တဲ့ မူဝါဒ တွေကတော့ သိပ်ပြီး ပြောင်းလဲသွားမယ် မထင်ပါဘူး။ ဘာလို့ဆို လွှတ်တော် ကော်မတီတွေက စဖွဲ့ကတည်းက မူဝါဒတွေ ချပြီးသားပါ။ ဒီအချက်တွေ အပေါ်မှာပဲ အခြေခံ လုပ်သွားရင် ဘာမှ ထူးထူးခြားခြား ပြောင်းလဲ သွားစရာမရှိပါဘူး။ သူနဲ့ ပတ်သက်လို့ကတော့ သူက အရင် နဝတ လက်ထက်ကတည်းက လုပ်လာတဲ့ သူဖြစ်တဲ့အတွက် အကောင်းအဆိုး တွေကတော့ ရှိနေမှာပဲ။ ဒီဘက်နောက်ပိုင်းတော့ သူရဲ့လှုပ်ရှားမှုတွေက
ဘာမှ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကတော့ မှတ်တမ်း ရှိနေမှာပါ။
ဦးစိုင်းသန်းနိုင် (ဖာပွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ဦးအောင်သောင်းက ကျနော်တို့ပါတီရဲ့ အဓိက ဗဟိုအတိုင် အပင်ခံ တဦးပါ။ သူ့ရဲ့အတွေ့အကြုံ၊ အသက် အရွယ်အရရော ကျနော်တို့ လေးစားရတဲ့သူပါ။ ကျနော်တို့ ပါတီအနေနဲ့ ရှေ့ဆက်သွားမယ့် မူဝါဒလမ်းစဉ် တွေကိုလည်း လမ်းညွန်မှုတွေ အများကြီး ပေးခဲ့တာပါ။ သူ့ကို ဆုံးရှုံးရတဲ့အတွက် ပါတီအနေနဲ့ အင်အား တရပ်ဆုံးရှုံးရသလို အဓိက ဆုံးရှုံးရတာကတော့ သူ့ရဲ့ မဲဆန္ဒနယ်ပါ။ သူ့ရဲ့ ဇာတိလည်းဖြစ်တဲ့ တောင်သာမှာ ဖွံ့ဖြိုးရေးတွေကို သူအများကြီး လုပ်ခဲ့ပါတယ်။ နောက်လာမယ့် သူ့နေရာ အစားထိုးမယ့်သူ ဆိုတာကလည်း သူ့လောက် လုပ်နိုင်မယ်လို့ မထင်ပါဘူး။ ပါတီအနေနဲ့ သူ့ကို ဆုံးရှုံးလိုက်ရပေမယ့် သူ့မရှိလို့တော့ အပြောင်းအလဲတွေ ဖြစ်လာမယ် မထင်ပါဘူး။ နောက်ပြီး သူ့နေရာမှာ အစားထိုးဖို့ လောလောဆယ်မှာ သူ့လောက် လုပ်နိုင်မယ့် သူမရှိသေးဘူးလို့ ကျနော် မြင်ပါတယ်။