သြဂုတ်လ ၁၇ ရက်နေ့က ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်လှူဒါန်းသည့်ကား ၂ စီးပေါ်တွင် မှောင်ခို စက်ပစ္စည်းများကို မိုဘိုင်းတင်းမ်ဟုခေါ်သည့် ရွှေ့လျားစစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့သည်။ အဆိုပါ ပစ္စည်းများသည် ထိုင်းနိုင်ငံမှ အကောက်ခွန်မဲ့ တရားမဝင်တင်သွင်းလာသော ပစ္စည်းများဟု ဆိုသည်။
သြဂုတ်လ ၁၇ ရက်နေ့တွင် ပဲခူးမြို့၌် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသာရေးအဖွဲ့ချုပ်ပါတီ (Union of Myanmar Federation of National Politics) နှင့် ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) 88 Generation Student Youths (Union of Myanmar) ပါတီတို့၏ ပါတီဗီနိုင်းများ ကပ်ထားသည့် ကားနှစ်စီးအနက် တစ်စီးသည် ပြည်ပမှတင်သွင်းလာသည့် ကျပ်လေးဆယ့်တစ်သိန်း တန်ဖိုးရှိ ကားအတွင်းပိုင်း အလှဆင်ပစ္စည်း ဆယ်မျိုးကို ဖမ်းဆီးရရှိခဲ့ပြီး နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့သည်။
“သူတို့မှာ ဒီစက်ပစ္စည်းတွေအတွက် တရားဝင် စာရွက်စာတမ်းတွေ မရှိပါဘူး”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါကားနှစ်စီးသည် ပဲခူးတိုင်း သဲကုန်း မြို့တွင် ရေဘေးကြုံနေရသည့် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ကယ်ဆယ်ရေးပစ္စည်းများ ဖြစ်သည့် သောက်ရေသန့်၊ ဆေးဝါးများ၊ ဆန်နှင့် အခြား စားစရာများကို တင်ဆောင်၍ မြန်မာ ထိုင်းနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့မှ သွားရောက်ခြင်းဖြစ်သည်။
သို့သော် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးရဲစခန်းမှ တာဝန်ရှိသူများသည် အဆိုပါ အကောက်ခွန်မဲ့ ကားအလှပစ္စည်းများ တင်ဆောင်လာသည်ကို သတိထားမိ၍ သံသယရှိသောကြောင့် ရှာဖွေစစ်ဆေးခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတယောက် ကပြောသည်။ ဖမ်းဆီးရမိသည့် ပစ္စည်းများကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့ပြီး အကောက်ခွန်ဌာနသို့ ပို့ဆောင်ခဲ့သည်။
ပါတီ ဥက္ကဌ ဦးရဲထွန်းက ပါတီအဖွဲ့ဝင်များသည် ရေဘေးသင့်ပြည်သူများကိုကူညီရန် အာရုံထားခဲ့ပြီး ပြည်ပမှ ကန့်သတ်ထားသည့် ပစ္စည်းများ တင်သွင်းလာခြင်းမှာ ဥပဒေကို တမင်တကာ ချိုးဖောက်ခြင်း မဟုတ်ကြောင်းပြောသည်။
“ပါတီဝင်တွေက သူတို့ ဘာကိုလုပ်လဲ မလုပ်သင့်လဲဆိုတာ မသိကြဘူး။ သူတို့က ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ဘဲ အာရုံရှိကြတာ။ သူတို့က ဒီပစ္စည်းတွေကို စာရွက်စာတမ်းမပါဘဲနဲ့ မတော်တဆ သယ်လာမိကြတာလို့ ထင်ပါတယ်။ အစိုးရအနေနဲ့ သူတို့ကို ပထမအကြိမ်ဖြစ်တဲ့အတွက် သတိပေးသင့်ပါတယ်” ဦးရဲထွန်းကပြောသည်။
ပါတီငယ်နှစ်ခုသည် ၂၀၁၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့၍ နီးကပ်သည့် ဆက်ဆံရေးရှိကြပြီး ယခင်က ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။ ယင်းပါတီနှစ်ခုသည် ဦးကိုကိုကြီးနှင့် ဦးမင်းကိုနိုင်တို့ ဦးဆောင်သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် မည်သို့မျှ ပတ်သက်မှု မရှိကြောင်း သိရသည်။