မြန်မာစကားတွင် “အကြွေးရှိလျှင် ဘုရင်ဆပ်လိမ့်မယ်”ဆိုသော စကားတခုရှိပါသည်။ ပဒေသရာဇ်ခေတ်က ဘုရင်က ဆပ် မဆပ် မသိသော်လည်း အရင်းရှင်ခေတ်တွင်မူ အစိုးရက ဆပ်ပေးသည်ဟူ၍ မရှိဘဲ အာဏာလက်ကိုင်ရှိသည့် အစိုးရကသာ တိုင်းသူပြည် သား များကို အကြွေးနှင့်သိမ်းထားသလို ထင်သလို ခိုင်းကြလေတော့သည်။
မည်သူမဆို အကြွေးပတ်ချာလည် ဝိုင်းလာလျှင်ကား မကောင်းတော့ပေ။ ဗုဒ္ဓဘာသာတို့၏ အယူအရ သူတပါးထံမှ အကြွေးယူထား လျှင် ယခုဘဝ၌ အကြေဆပ်ကြလေသည်။ သံသရာကြွေး ပါသွား၍ မရပေ။ သံသရာကြွေး ပါသွားပါက မကြေမချင်း ကြွေးရှင်ထံ တွင် အခိုင်းအစေအဖြစ် ဆပ်ရတတ်လေသည်။ ထိုသည်ကို နားလည်ဖို့လိုသည်။
သို့သော် မြန်မာနိုင်ငံတွင် LDC ဖြစ်လာကတည်း က အကြွေးဝိုင်းလာတော့သည်။ ကမ္ဘာ့ဘဏ်မှအကြွေး၊ IMF မှအကြွေး၊ ဂျပန်မှအကြွေး၊ တရုတ်မှအကြွေး စသည်စသည်ဖြင့် အကြွေးပတ်ချာလည်ဝိုင်းကာ အတိုးပင်မဆပ်နိုင်တော့သည့် အခြေအနေတွင် အနောက်နိုင်ငံများက ပိတ်ဆို့မှုများလုပ်လိုက်သောကြောင့် သံသရာကြွေး တင်လေမလားဟုပင် စိုးရိမ်စရာဖြစ်လာ၏။ ဗိုလ်နေဝင်းတို့ စစ်ကောင် စီ တစု အကြွေးများမဆပ်နိုင်ဘဲ တမလွန် ဘဝသို့ ပြောင်းသွားသည်။ သူတို့ သံသရာကြွေးတင်နေမည်မှာ သေချာပါသည်။
ယခုအစိုးရအဖွဲ့အသစ်မှာ သူ့မတိုင်ခင် စစ်အစိုးရထက်စာလျှင် အများကြီးသက်သာသွားသည်။ ဒီမိုကရေစီလမ်းကြောင်း သွားမည် ဟု ကြွေးကြော်လိုက်ကတည်းက ကြွေးရှင်များက ကြွေးများ လျှော်ပစ်လိုက်သောကြောင့် ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်ဆိုလျှင် ယခင် အကြွေးများ လျှော်ရုံသာမက အကြွေးသစ်ပင် ထပ်ပေးလိုက်ပြန်သည်။
ထိုသို့အကြွေးယူရာတွင် ထင်ရှားသူမှာ သမဝါယမဝန်ကြီး ဦးကျော်ဆန်းဖြစ်၏။ ဦးကျော်ဆန်းသည် တရုတ်မှဒေါ်လာ သန်းပေါင်းများစွာ ချေးလိုက်သည်။ နောက် လယ်သမားများကို ပြန်ချေးလေသည်။ ထိုချေးသောငွေများဖြင့် လယ်သမားများ လုပ်ငန်းမည်မျှအောင်မြင်ပြီး မည်မျှပြန်ဆပ်မည်မသိပေ။
သို့သော် လယ်ယာဝန်ကြီးကမူ လယ်ယာစိုက်ပျိုးရေး ချေးငွေများကို ပြန်မဆပ်လျှင် နောင်သံသရာတွင် ကျွန်ခံရလိမ့်မည်ဟု ပြောဆို ခဲ့သလို လယ်သမားများ ထမင်း ၂ နပ်စားရာမှနေ တနပ်လျှော့စားလိုက်ပါက ကြွေးများပြန်ဆပ်နိုင်မည်ဟု ကမ္ဘာပေါ်တွင် အလွန် ဆန်းသစ်သော အကြံဉာဏ်ကို ပေးသွားသောဝန်ကြီး ဖြစ်ပါသည်။ သမ္မတကြီးကလည်း လူတိုင်း နို့သောက်ဖို့ အကြံပေးသွားသည်။ အလွန်ကောင်းပါသည်။ သို့သော် နို့သောက်နိုင်၊ မသောက်နိုင်ကား အရေးမဟုတ်ဘဲ သူက အကြံပေးခြင်းသာဖြစ်သည်။ ဒုသမ္မတ ကလည်း တနေ့ ကျပ်၂၀၀၀ လောက်အောင်သုံးဖို့ တွက်ချက်ပြသွားခဲ့လေသည်။ သမ္မတအကြံပေး ဦးကိုကိုလှိုင်ကလည်း မီးပျက် တာ ညည်းမနေနဲ့၊ မီးပျက်ရင် ဖယောင်းတိုင်ထွန်းပေါ့ဟု ပြောသွားသည်။
အကြံပေးများ၏ အကြံကောင်းများလား၊ ဖြန့်ထွက်တွေးသလား မတွေးတတ်ပေ။ ဝန်ကြီးတယောက်ကလည်း နယ်လှည့်ပါးရိုက်နေ သူဖြစ်၏။ တရုတ်က ကျေးဇူးရှင်၊ တရုတ်ကို ကြောက်နေရတယ်ဟုပြောသော ဝန်ကြီးလည်း ပါပါသည်။ ထိုသို့သော သမ္မတနှင့် သူ့လူ ဝန်ကြီးများ၏ အစိုးရသက်တမ်းမှာ လာမည့် နှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲကြီးအပြီးတွင် ကုန်ဆုံးပေတော့မည်။
အကြွေးအမျိုးမျိုးရှိပါသည်။ သမ္မာကျမ်း အလိုအရဆိုလျှင် လူတဦးကတဦးကို တချက်ရိုက်လျှင် သူလည်း ပြန်အရိုက်ခံရမည်။ သူများအသက်သတ်လျှင် ကိုယ့်အသက်ပြန်ပေးရမည်ဟု ဥပဒေလည်း ထုတ်ထားသည်။ ဥပဒေကြောင်းအရရော၊ ဘာသာရေး ပညတ်ချက် အရရော သဘာဝကျပါသည်။ ထို့ကြောင့် အသက်ကြွေး၊ ပစ္စည်းဥစ္စာအကြွေး၊ ညှဉ်းပန်းနှိပ်စက်သော ဘဝကြွေးများရှိ၏။ ဆော်ဒီ အာရေးဗီးယားတွင် ယခုထက်တိုင် ဘာသာရေး ပညတ်ချက်များအတိုင်း ကျင့်သုံးနေပါသည်။ သူခိုးဆိုလျှင်လည်း ခိုးသောလက်ကို ဖြတ်ပစ်၏။ ဖောက်ပြန်နေသော တနည်း လင်ငယ်နေသော မိန်းမဆိုလျှင် ခဲဖြင့်ဝိုင်းပစ်ကာ သတ်ပစ်၏။ အပြစ်အတွက် အကြွေးပေး ဆပ်ရခြင်း ဖြစ်ပါသည်။
မြန်မာ့သမိုင်း ကုန်းဘောင်ခေတ်မင်းဆက်၌ ထင်ရှားသော မိဖုရားကြီးတဦးရှိ၏။ နန်းမတော်မယ်နု ဖြစ်ပါသည်။ မယ်နုသည် မင်းမျိုးမင်းနွယ်မဟုတ်၊ တောသူမ ငါးစိမ်းသည်မ ဟုလည်း ဆိုကြ၏။ ရာဇဝင်ကျမ်းထဲတွင် အခိုင်အမာ ဖော်ပြခြင်းကားမရှိသော်လည်း နန်းမတော် မယ်နု၏ အထ္တုပ္ပတ္တိကို ဦးဖိုးကျားတို့၊ မှော်ဘီဆရာသိန်းတို့က ရေးသားရာတွင် ယုံတမ်းများအဖြစ် အလွန်စိတ်ဝင်စားစရာ ကောင်းလှလေသည်။
အလောင်းမင်းတရား၏ သားတော်တပါးဖြစ်သော ဘကြီးတော် မင်းတရား လက်ထက်တွင် ဖြစ်ပါသည်။
တနေ့၌ နန်းတော်ပေါ်သို့ ပျံသန်းလာသော စွန်တကောင်သည် ရေချိုးဆိပ်မှ ထဘီတထည်ချီ၍ ပြန်လာသည်ကို တွေ့ရသောအခါ နန်းတော်စောင့်များက ခြောက်ရာ ထဘီကိုချ၍ ပျံသွား၏။ ဘကြီးတော်ဘုရားက ဒါ ဘယ်သူ့ထဘီလဲဟု စစ်ဆေးရာမှာ ရေချိုးဆိပ် ရောက်သွားပြီး ၇ နှစ်အရွယ် မယ်နု၏ ထဘီဖြစ်ကြောင်း သိရသည်။ ထိုအချိန်မှစ၍ မယ်နုမှာ အပျိုတော်ဘ၀ ရောက်သွားသည်။ အရွယ် ရောက်လာချိန်တွင် ဘုရင်က မယ်နုကို ကောက်လိုက်၏။ ဤသို့ဖြင့် မယ်နုသည် မိဖုရားခေါင်ကြီးအဖြစ်ပင် ရာထူးတက်သွားလေသည်။
နောက်ထပ် မယ်နု မိဖုရားဖြစ်ရသည့် ဇာတ်လမ်းမှာ မယ်နုသည် ငါးစိမ်းသည်ဖြစ်၏။ ငယ်ငယ်ရွယ်ရွယ်နှင့် ငါးရောင်းနေရင်း တနေ့ စစ်ကိုင်းမင်းခေါ် ဘကြီးတော်မင်းတရား လှည့်လည်လာရာတွင် ကလေးပီပီ မယ်နုသည် ငါးကိုသာ အော်ရောင်း၏။ သူ့ ငါးဗန်း စွန် ထိုး သဖြင့် ဗန်းမှောက်ရာ ဘုရင်လာသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ငါးများကိုသာ ဗန်းထဲထည့်နေ၏။ ရဲမက်များက ဟိန်းဟောက် သော် လည်း ဘုရင်က လုပ်ပါစေဟု ဟန့်တားခဲ့သည်။ ရုပ်ရည်ချောမောသော မယ်နုကို ဘုရင်ကမျက်စိကျပြီး အဝတ်သစ်၊ အစားသစ် များ ဝတ်စေကာ နန်းတော်တွင် အပျိုတော်အဖြစ် အထားခံရသည်။
ထိုမှနေ၍ မိဖုရားခေါင်ကြီးအဖြစ် ခန့်အပ်ခံရပါသည်။ မယ်နု၏ အစ်ကိုဖြစ်သူ နောက်မြို့ဝန်ဖြစ်သွားသောဦးအိုမှာ ညီမအရှိန်ဖြင့် အလွန် လက်ရဲဇက်ရဲနိုင်လေသည်။ နောက်ပိုင်း နန်းတွင်းရေးရှုပ်ထွေးကာ ဘကြီးတော်မင်းတရားကြီး ကွယ်လွန်ပြီးသည့်နောက် ရွှေဘိုမင်း လက်ထက်၌ ပုန်ကန်မှုတွင်ပါဝင်သည်ဟု စွပ်စွဲကာစင်္ကြာမင်းခေါ် ညောင်ရမ်းမင်းသားလည်း ကွပ်မျက်ခံရသလို မြို့ဝန် မောင် အိုမှာလည်း အသက်ခံရလေသည်။ နန်းမတော် မယ်နုမှာလည်း ထိုလုပ်ကြံမှုတွင်ပါဝင်နေသည့်အတွက် သူတရားထိုင်သော မယ်နုအုတ် ကျောင်းကိုလာရောက် ခေါ်ယူခံရသည်။ မယ်နုကိုးကွယ်သည်မှာ ဆရာတော် ဦးဗုဓ်ဖြစ်၏။
ဖိဖုရားသည် အခြေအနေကို သဘော ပေါက်၏။ မိမိအသက်ခံရတော့မည်ကို သိလေသည်။ ဆရာတော်ကို ကန်တော့ကာ အခြေ အနေ ကိုရှင်းပြပြီး နှုတ်ဆက်လေသည်။ ထိုအခါ ဆရာတော် ဦးဗုဓ်က “မယ်နု ကြွေးရှိရင် ဆပ်ရမှာပေါ့” ဟု နောက်ဆုံး ဆုံးမစကား ပြောကြားသွားရာ မိဖုရားကြီး သည် ဆရာတော်၏ ဆုံးမစကားကိုကြားသိ၍ စိတ်ထဲရှင်းရှင်းလင်းလင်းဖြစ်သွားပြီး ရဲမက်များခေါ်ဆောင်ရာကို ရဲရဲရင့်ရင့်လိုက်ပါသွား လေသည်။ မကြာခင် မိဖုရားကြီးမယ်နုလည်း အသုတ်သင်ခံရလေသည်။
မကြာသေးခင်က ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့်သည် DVB သတင်းဌာနက မေးမြန်းခဲ့ရာတွင် ဒေါသတကြီးဖြင့် နောက်ကြောင်းပြန် မေးခွန်းများမမေးဖို့၊ နောက်ကြောင်းမပြန်ကြဖို့ အော်ဟစ်ပြောဆိုသွားသည်။ ဆိုလိုသည်မှာ အတိတ်တွင်ဖြစ်ခဲ့ပြီးသမျှကို ပြန်လှန်နေစရာမလိုဆိုသော သဘောမျိုးဖြစ်ပါသည်။ သူသည် သမိုင်းဖြစ်စဉ်များနှင့် အတိတ်ကကျူးလွန်ခဲ့သည်များကို ဖျောက်ဖျက်ဖို့၊ မေ့ဖျောက်ဖို့ ကြိုးစားနေပုံရပါသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က အာဇာနည်နေ့ကို တနိုင်ငံလုံးတွင် ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါသည်။ သမ္မတကိုယ်တိုင် ကွာကွယ်ရေး ဦးစီးချုပ်နှင့် အတူ အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူးကာ ရဟန်းသံဃာများကို ဆွမ်းကျွေးကာ အမျှပေးဝေခဲ့ပါသည်။ အတိတ်ကို ပြန်တူးနေခြင်းမဟုတ်၊ နောက်ကြောင်းပြန်ပြီး အနာကို ပြန်ဖော်နေခြင်း မဟုတ်ပေ။ ကိုယ်ကျိုးစွန့်ခဲ့သော ခေါင်းဆောင်ကြီးများရှိခဲ့သည်ကို နောင်လာနောင်သားများ သိအောင်လုပ်ရမည်ဖြစ်သလို၊ အလွန်ရက်စက်သော လူသတ်ဝါဒကိုလည်း မမေ့ကြ အောင် ဖော်ထုတ်ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ပင် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းပေါ်တွင် တက္ကသိုလ်ကျောင်းသားရာချီပြီး သေနတ် ဖြင့် အပစ်ခံရသော ဆဲဗင်းဇူလိုင်ကိုလည်း မမေ့အောင် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများက အမှတ် တရ လုပ်ကြသည်။ ဗိုလ်နေဝင်းနှင့်အပေါင်းအပါ စစ်ကောင်စီက ထိုသို့ ပြုလုပ်ခဲ့သလို ဇူလိုင် ၈ ရက်နေ့တွင်လည်း ဗိုလ်ချုပ် အောင်ဆန်း၊ ဦးရာရှစ် စသူတို့ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အမတေအဖြစ် စတင်ခဲ့သည်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို လည်း မိုင်းများဖြင့် ဖျက်ဆီးခဲ့သည်။ ထိုသည်များမှာ နောက်ကြောင်းမပြန်၍ မဖြစ်ပေ။ စာရေးဆရာဆိုသော အပြောကောင်း အဟောကောင်း လူငယ် စာရေးဆရာပေါက်စလေးတဦးကလည်း ဆဲဗင်းဇူလိုင် အရေးအခင်းကို ပြန်လည်ရေးနေသည်ဟု ဆိုသည်။
ဗိုလ်ခင်ညွှန့်ပြောသွားသလိုပင် သူလည်းသမိုင်းကို ဖျောက်ပစ်ချင်သူများထဲ ပါနေသလား မသိပေ။ အာဇာနည် ခေါင်းဆောင်ကြီးများလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဦးစောခေါင်းဆောင်သော လုပ်ကြံသူများကို ဖော်ထုတ်အပြစ် ပေးခဲ့ပြီးပြီ။
ဇူလိုင် ၇ ရက် လူသတ်ပွဲနှင့်ပတ်သက်၍ သမိုင်းတွင် ကျူးလွန်ခဲ့သော တရားခံများကို ဖော်ထုတ် အရေးယူသင့်ပါသည်။ တရားခံများမရှိတော့သည့်တိုင် နောင်လာနောင်သားများ သိရှိနိုင်ရန်အဖြစ်မှန်နှင့် တရားခံများကို အသိပေးရပေမည်။
မကြာသေးခင်ကလည်း အာဏာရ ကြံ့ခိုင်ရေး ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင် တဦးဖြစ်သည့် ဦးအောင်သောင်း ကွယ်လွန်သွားခဲ့ပါသည်။ ဦးအောင်သောင်းသည် ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တဦးအဖြစ် နာမည် ထွက်ထားပါသည်။ သူသည်လည်း သမိုင်းကြွေးတင်ရှိသူ တဦးဟု ဆိုရပါမည်။
အရေးကြီးသည်မှာ အကြွေးရှိလျှင် ဆပ်ရပေမည်။ နောင်လာနောင်သားများရော၊ ယခုရှိနေသူများရော အကြွေးမတင်အောင်၊ အကြွေးသစ်များဆက်ပြီး မယူအောင် ဆင်ခြင်ဖို့ သတိပေးကြရ ပေလိမ့်မည်။ ။
ထက်မြက်သည် နိုင်ငံရေး စာပေများကို ရေးသားနေသော ရန်ကုန်အခြေစိုက် စာရေးဆရာတဦး ဖြစ်ပြီး မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ ဥက္ကဋ္ဌလည်း ဖြစ်သည်။