ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့၊ မတ်လန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ်၂ ဦးသေဆုံးသွားကြောင်းသိရသည်။
မတ်လန်းကျေးရွာ တိမ်းချောင်းအနီးတွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ၁၃ နှစ်အရွယ်နှင့် ၈ နှစ်အရွယ် မိန်းကလေး ၂ ဦးဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ ကလေးငယ် ၂ ဦးသည် ချုံပုတ်အတွင်း ဆိုင်ကယ် ဘက်ထရီ ပုံသဏ္ဍန်ကို မြင်သဖြင့် သွားရောက်ကိုင်ကြည့်ရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး ဆန်းလွင်က “ဘယ်ကမိုင်းလဲဆိုတာ ကျနော်တို့ စုံစမ်းတုန်းပါ။ စစ်ဆေးတုန်းပါ။ လွှတ်မြောက်လာတဲ့ ကလေး ပြောချက်အရကတော့ ဘတ္ထရီ အသေးတလုံးလို့ ပြောပါတယ်။ အပြစ်မဲ့တဲ့၊ ဘာမှမဆိုင်တဲ့ ကလေးတွေ ဒီလိုဖြစ်တာက မဖြစ်သင့်တဲ့ အနေအထားပါ။ လက်နက်ကိုင် အချင်းချင်းတိုက်တာက တိုက်တာပဲ၊ အပြစ်မဲ့ပြည်သူတွေ ထိခိုက်တာတော့ မကောင်းပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်တို့အတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း မိုင်းပေါက်ကွဲမှုများ ဖြစ်လာကြောင်း၊ မိုင်းပေါက်ကွဲမှု ထပ်မံမဖြစ်ပွားအောင် မြို့နယ်အလိုက်၊ မြို့အဝင်အထွက် လုံခြုံရေးကို တင်းကျပ်စွာ ယူထားကြောင်းလည်း ဒုရဲမှူး ဆန်းလွင်က ဆိုသည်။
“ကလေး တယောက်ဆို ၃ ပိုင်းလောက် ပြတ်သွားတယ်။ တယောက်တော့ ကျောတခုလုံး မီးလောင်ပြီး သေဆုံးသွားတယ်။ မနေ့ညနေက အလောင်းကို သင်္ဂြိုဟ်လိုက်ပါတယ်” ဟု လဲချားမြိုနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ က ဧရာဝတီသို့ ပြောသည်။
ထို ဗုံးပေါက်ကွဲမှုကြောင့် လဲချားမြို့နယ်အတွင်းရှိ ပြည်သူများ စိုးရိမ်မှု များစွာရှိနေကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) နှင့် အစိုးရတပ်တို့ အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ယနေ့ထိ ကျေးသီးမြို့နယ် နှင့် မိုင်းရှူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် ၆၀၀ ကျော် လဲချားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးရှုးမြို့၊ ရပ်ကွက် (၄) ရှမ်းသာရေး/နာရေး အသင်းအနီးတွင် အောက်တိုဘာ ၂၁ ရက်နေ့ကလည်း မိုးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၇၀ အဘွားအိုတဦး ဒဏ်ရာပြင်းထန်သဖြင့် ခိုလမ်စစ်ဆေးရုံ၌ သေဆုံးခဲ့ပြီး ကိုရင် ၂ ပါးနှင့် အမျိုးသမီးငယ်တဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။