အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးတီခွန်မြတ်က ၎င်းသည် ဘိန်းရာဇာတဦး မဟုတ်ဘဲ ဒေသလုံခြုံရေး အ တွက် ပြည်သူ့အကျိုး ဆောင်ရွက်နေသူတဦး ဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုလိုက်သည်။
၎င်းကို ဘိန်းစိုက်ပျိုးခြင်း လုပ်ငန်းများနှင့် ဆက်စပ်နေသူ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင်တဦး ဖြစ်သည်ဟု သတင်းမီဒီယာများက ရေးသားဖော်ပြနေခြင်းမှာ မဟုတ်မမှန်သည့် စွပ်စွဲချက်များသာ ဖြစ်ကြောင်း ဦးတီခွန်မြတ်က ဧရာဝတီသို့ ပြောသည်။
ဦးတီခွန်မြတ်က“ဘာမှ မဟုတ်ပါဘူး။ အစိုးရနဲ့ အလင်းထဲမှာ အလုပ်လုပ်နေတဲ့လူပါ။ စဉ်းစားပါ။ အဲဒါ မဟုတ်ပါဘူး။ တလျှောက် လုံး မိမိဒေသ လုံခြုံရေးကို ပြည်သူတွေနဲ့အတူ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ”ဟု ပြောသည်။
ထို့ပြင် ဦးတီခွန်မြတ်က ၎င်းသည် အစိုးရ၏ တပ်ရင်းတပ်ဖွဲ့များနှင့် တာဝန် ပူးတွဲ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး ၎င်းထံတွွင် ထိန်းချုပ် နယ်မြေဟူ၍လည်း မရှိကြောင်း၊ သတင်းထောက်များအနေဖြင့် သေချာစေရန် ကွင်းဆင်းလေ့လာပါဟု ဦးတီခွန်မြတ်က ပြောသည်။
“အန်ကယ်တို့ဆီမှာ ဘိန်းပင်တွေ့ချင်လို့တောင် မမြင်ရပါဘူး။ အန်ကယ် တာဝန်ယူရတဲ့ နေရာမှာ အစိုးရလည်း ရှိတယ်။ ဘယ်သူမှ စိုက်လို့ မရပါဘူး။ အဝေးပိုင်း အလှမ်းဝေးတဲ့ နေရာဘက်မှာပဲ ရှိပါတယ်”ဟု ဦးတီခွန်မြတ်က ပြောသည်။
ဧရာဝတီသတင်းဌာနက ၂၀၁၃ ခုနှစ်တွင် ဦးတီခွန်မြတ် အာဏာသက်ရောက်သည့် ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယုလေး၊ နမ့်ဖတ်ကာ၊ ရွှေမော်၊ ၁၂ မိုင် – မိုင်းလွမ့်၊ ကမ်ပါဖို၊ တာပန့်ကုန်း၊ လျှောက်ပန်ကုန်း စသည့် ဒေသများဆီသို့ ကွင်းဆင်းလေ့လာခဲ့ရာ ဘိန်းနှင့် တခြားမူးယစ်ဆေးဝါများကို ရောင်းချခြင်း၊ သုံးစွဲခြင်းများ ပြုလုပ်နေသည်ကို ဧရာဝတီ သတင်းထောက်က မြင်တွေ့ခဲ့ရသည်။
ထို့ပြင် ကွတ်ခိုင်မြို့နယ်၊ မာဝ်းဆောင်း(ခေါ်) မောဆလောင်း၊ ကမ်ပါဖို မန်ကောဝ်၊ ဖားပြဲန်၊ ကျမ်ကား၊ လွယ်ငွမ်၊ လွယ်နန်၊ လွယ် တောင်း၊ ကမ်ပါဖို၊ မန်ကောဝ် ကျေးရွာများတွင် ၎င်းကိုယ်ပိုင် ဘိန်းစိုက်ပျိုး ထုတ်လုပ်ဖြန့်ဖြူးမှုများ၊ တနိုင်တပိုင် ဘိန်းစိုက်ပျိုးသည့် ဒေသခံများထံတွင် အခွန်အခကောက်ယူပြီး ဘိန်းဖြူ၊ ဘိန်းမဲ အပါအဝင် တခြား မူးယစ်ဆေးဝါးများကို ရောင်းချခွင့် ပြုထား သည် ကိုလည်း ဧရာဝတီသတင်းထောက်က မှတ်တမ်းတင်ခဲ့သည်။
ဦးတီခွန်မြတ်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် USDP မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး အနိုင်ရခဲ့သူ ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဧရာဝတီသတင်းဌာနက ဦးတီခွန်မြတ်နှင့် ပတ်သတ်၍ ရေးသားဖော်ပြခဲ့သည့် သတင်းဆောင်းပါးကို အောက်ဖော်ပြပါလင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ထားမှု ဝေဖန်ခံနေရ