၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မမီးမီးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှု အပေါ် လက်မခံသောကြောင့် တရားရုံးနှင့် ပူးပေါင်း ဆောင်ရွက်မည်မဟုတ်ဘဲ အကျဉ်းကျခံသွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
မမီးမီးကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်က အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြရာတွင် ပါဝင်သည်ဟုဆိုကာ ရန်ကုန် တိုင်း မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားပြီး ယနေ့ နေ့လယ်ပိုင်းက စတင်၍ တရားရုံးထုတ် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
မမီးမီးက“ပုဒ်မ ၁၈ ရဲ့ နောက်ဆက်တွဲပါ ပြစ်မှုဆိုင်ရာ ပုဒ်မကို ကျမတို့ လုံး၀ လက်မခံနိုင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံ အကောင် အထည် ဖော်နေတဲ့နေရာမှာ ဒါဟာ မဖြစ်သင့်တဲ့ ပုဒ်မ၊ ပြည်သူကို အချုပ်အနှောင် ဖြစ်စေတဲ့ ပုဒ်မ၊ ပြည်သူ့ဆန္ဒ ဖော်ထုတ်မှုကို အဟန့်အတား ဖြစ်စေတဲ့ ပုဒ်မတွေပါ။ ကျမတို့အနေနဲ့လည်း ဒီပုဒ်မတွေကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာတွေ လုပ်ခဲ့ပြီး သားပါ။ အခုလို ပုဒ်မ ၁၈ နဲ့ တရားစွဲခြင်းအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
မမီးမီးအနေနှင့် တရားရုံးနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများ ပြုလုပ်မည် မဟုတ်သလို အာမခံယူခြင်း၊ ရှေ့နေငှားခြင်း၊ ခံဝန်လက်မှတ် ထိုးခြင်း၊ ဒဏ်ငွေဆောင်ခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ ဖမ်းဆီးအကျဉ်းချခံမည်ဟုလည်း ဆိုသည်။
အလားတူ ပုဒ်မ ၁၈ အပေါ် အယုံအကြည်မရှိသည့်အတွက် တရားရုံး၏ အမှုစစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ယနေ့ မင်္ဂလာတောင်ညွှန့် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားရုံးထုတ်ခံနေရသည့် ကိုနန္ဒာစစ်အောင်ကလည်း ပြော ဆို သည်။
“ကျနော်ရယ်၊ ကျော်ကိုကို၊ ဂျိမ်း၊ ဖြိုးဖြိုးအောင် တို့ကလည်း ပုဒ်မ ၁၈ အပေါ် အယုံအကြည်မရှိတဲ့ အတွက် ကျနော်တို့ ကိုယ်ပိုင် သဘောထားနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း အရင်ရုံးချိန်းတွေ တုန်းကလည်း အသိပေးထားပြီးသားပါ။ အခု ရုံးချိန်းမှာလည်း ဒီအတိုင်းပါပဲ။ တရားရုံးနဲ့ လုံး၀ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုနန္ဒာစစ်အောင် က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ မနီလာသိန်းကို မရမ်းကုန်းမြို့နယ် ရဲစခန်းက ဝရမ်းပြေးဟု ခေါင်းစဉ်တတ်ပြီး ပုဒ် ၁၈ ဖြင့် သင်္ဃန်းကျွန်း မြို့နယ်ရှိ ၈၈ ရုံးခန်းတွင် လာရောက် ဖမ်းဆီးခဲ့သည်။
ပုဒ်မ ၁၈ ဖြင့် အဖမ်းခံလိုက်ရသော မနီလာသိန်းအနေနှင့်လည်း အာမခံယူခြင်း၊ တရားရုံးတွင် ဖြေရှင်းခြင်း၊ တရားသူကြီး၏ မေးမြန်း ချက်များကို ဖြေကြားခြင်းများ လုံး၀ ပြုလုပ်ခြင်းမရှိဘဲ ဖမ်းဆီး အကျဉ်းကျခံနေသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပုဒ်မ ၁၈ ပါဝင်သည့်“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ”ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ဥပဒေ ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေ ဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်”ဟု ပါရှိသည်။
ပြည်သူ့လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအရ ၂ နှစ်ထက် မပိုသော ထောင် ဒဏ် အစား တနှစ်ထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း၊ တနှစ်ထက် မပိုသော ထောင်ဒဏ် အစား ခြောက်လထက် မပို သော ထောင်ဒဏ်သို့ လည်းကောင်း၊ ခြောက်လထက် မပိုသော ထောင်ဒဏ် အစား သုံးလထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်တွင် ပြင်ဆင် ပြဌာန်းခဲ့သည်။
ယင်း ပုဒ်မ ၁၈ ဖြင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အပါအဝင် ကျောင်းသားများ၊ ရှေ့နေများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ သဘာပတ်ဝန်းကျင် ဆိုင်ရာ လှုပ်ရှားသူများ၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေး လှုပ်ရှားသူများ စသည့် လှုပ်ရှားသူများစွာကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ အုပ်ချုပ်ရေး အာဏာ မလွွဲှပြောင်းမီ နိုင်ငံ ရေး တက်ကြွ လှုပ်ရှားသူအများစုကို မြို့နယ်အသီးသီးတွင် ပုဒ်မ ၁၈ ဖြင့် လှုပ်ရှားမှု အဟောင်းများ ခေါင်းစဉ်တပ်၍ ဖမ်းဆီး တရားစွဲဆိုမှုများလည်း ဆက်တိုက် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။