စီးပွားရေး

ဂျပန်အာဂျီနိုမိုတို မြန်မာပြည်ပြန်လာပြီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် လူသိများသည့် အာဂျီနိုမိုတို (Ajinomoto)  အချိုမှုန့် ထုတ်လုပ်သည့် ဂျပန်နိုင်ငံမှ အစားအစာနှင့် ဓာတုဗေဒ ကုမ္ပဏီ တခု ဖြစ်သော Ajinomoto က မြန်မာနိုင်ငံတွင် ထုတ်လုပ်၊ ရောင်းချမှု များ ပြန်လည်စတင်ရန် စီစဉ်နေသည် ဟုသိရ သည်။

Ajinomoto  သည် မြန်မာနိုင်ငံမှ ၎င်းတို့၏  လုပ်ငန်းများကို စစ်အစိုးရလက်ထက် ၂၀၀၀ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရပြီး ယခုတကြိမ် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် အတွက် ယန်းငွေ ၁ဒဿမ ၂ ဘီလီယံ (အမေရိကန် ဒေါ် လာ ၁၀ ဒဿမ ၆သန်းခန့်) ရင်းနှီး မြှုပ်နှံသွားမည်ဟု သိရသည်။ စတုရန်းမီတာ ၅၀၀၀ ကျယ်ဝန်းသည့် စက်ရုံတခု ကို ရန်ကုန်မြို့ အနီးမှ သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ကုန်ကြမ်းများကို ထိုင်းနိုင်ငံမှ တင် သွင်းမည်ဟု သိရသည်။

လုပ်ငန်းကို ဝန်ထမ်းအင်အား ၁၀၀ ခန့်ဖြင့် စတင်သွားမည် ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်ရောင်းချပြီး နောက်ပိုင်းတွင် တနိုင်ငံလုံးသို့ တိုးချဲ့ရောင်းချသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ် ရောက်သည့်အခါ နှစ်စဉ်ရောင်းရငွေ ဂျပန် ယန်းငွေ ၃ ဘီလီယံ အထိရှိလာရန်လည်း ကုမ္ပဏီက ခန့်မှန်းထားသည်။

တိုကျိုအခြေစိုက် Ajinomoto  ၏ အဆိုအရ လူဦးရေ သန်း၅၀ ကျော်ခန့် ရှိသည့် မြန်မာနိုင်ငံတွင် ဟင်းခတ်မှုန့် သုံးစွဲမှု တနှစ်လျှင် ၅၂၀၀၀ တန်ခန့်ရှိသော ဈေးကွက်ကို ထိန်းချုပ်ရယူလိုပြီး  မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပြီးလျှင် အရှေ့တောင်အာရှတွင် စတုတ္ထ အကြီး ဆုံး ဟင်းခတ်မှုန့် ဈေးကွက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ တွင် သုံးစွဲနေသော ဟင်းခတ်မှုန့် အများစုကို တရုတ်ကုမ္ပဏီများ က ထုတ်လုပ်ပေးနေခြင်း ဖြစ်ပြီး ၎င်းတို့က မြန်မာဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။

Ajinomoto သည် မြန်မာနိုင်ငံ လုပ်ငန်းခွဲကို ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့သည်။ ကုန်ကြမ်းများကို ထိုင်းနိုင်ငံမှ တင်သွင်း၍ ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် စစ်အစိုးရက ကုန်ကြမ်းတင်သွင်းခွင့်ကို ပိတ် ပင်ခဲ့သဖြင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်တွင် Ajinomoto ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ တင်သွင်း၍ မြန်မာနိုင်ငံတွင်းတွင် ပြန်လည်ရောင်းချနေကြခြင်း ဖြစ်သည့်အတွက် ၎င်းတို့ကိုယ်တိုင် တိုက်ရိုက် ထိန်းချုပ်ရောင်းချနိုင်ရန် ကုမ္ပဏီက ရည်ရွယ်ထားသည်။

ကိုးကား-http://asia.nikkei.com

Loading