ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နိုင်ငံတော်မှ အကူအညီပေးရေး အရေးကြီးအဆို ပယ်ချခံခဲ့ရပြီးနောက် လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ဝမ်းနည်းရပြီး ဒုက္ခသည်များအတွက် ပြည်သူများကသာ အကူအညီပေးကြရန် သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားခဲ့သည်။ ထိုရေးသားမှုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှုနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို အထင်အမြင်မှားစေသော ရေးသားပြောဆိုမှုများအား ရှောင်ကြဉ်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များအား ယမန်နေ့က သတိပေး ပြောကြားခဲ့သည်။
မေလ ၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအား အကူအညီ ပေးအပ်ရန် အရေးကြီးအဆိုကို ပယ်ချခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌက အတည်မပြုမီ အဆိုတရပ်အား မီဒီယာများသို့ ဖွင့်ဟ ပြောဆိုခြင်းသည် လွှတ်တော် နည်းဥပဒေများနှင့် ဆန့်ကျင်ပြီး ကျင့်ဝတ်ချိုးဖောက်ရာ ကျသောကြောင့် မေလ ၉ ရက်နေ့က ဒေါ်ခင်စောဝေနှင့် ဦးဘရှိန်တို့ကို ခေါ်ယူ သတိပေးခဲ့ကြောင်းလည်း ဦးဝင်းမြင့်က ဆိုသည်။ အဆိုကို ထိုမေလ ၉ ရက်နေ့ လွှတ်တော်သို့ မတင်မီ ဒေါ်ခင်စောဝေက အဆိုတင်မည့်အကြောင်း ပြည်တွင်းပြည်ပ မီဒီယာများနှင့် မေးမြန်းရာတွင် ကြိုတင်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်စောဝေ၏ မေလ ၉ ရက်နေ့ည လှုမှုကွန်ရက် မီဒီယာတွင် ဖော်ပြခဲ့သော ပြည်သူသို့ ပန်ကြားချက်တွင် နိုင်ငံတော်အား စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးရန် အဆိုတွင် “လွှတ်တော်ဥက္ကဋ္ဌက အဆိုကို တင်သွင်းရန် လက်မခံခဲ့တဲ့အတွက် စစ်ဘေးသင့် ပြည်သူများအတွက် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်မိရပါတယ်” ဟု ရေးသားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အမျိုးသားလွှတ်တော်တွင်လည်း အလားတူ အဆိုတရပ်ဖြစ်သည့် တိုက်ပွဲများရပ်ပြီး နိုင်ငံရေးဆွေးနွေးရန် အဆိုကို တပ်မတော်မှ ကိုယ်စားလှယ်များက လက်မခံခဲ့သည့်အတွက် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။ တချိန်တည်းတွင်ပင် ရခိုင်ပြည်နယ်၌ စစ်ပွဲများရပ်ရန် ဆန္ဒပြမှုများ ရှိနေသည်။
ပြည်သူ့လွှတ်တော်တွင် အဆိုကို ပယ်ချခဲ့ပြီး ၂ ရက်အကြာ မေလ ၁၁ ရက်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နိုင်ငံတော်မှ ကူညီပေးရန် မကူညီစေလို၍ မဟုတ်ပါ။ စစ်ဘေးရှောင် ဒုက္ခသည်များကို နိုင်ငံတော်မှ အကူအညီပေးရန် ခေါင်းစဉ်တပ်ပြီး AA (ရက္ခိုင့်တပ်မတော်) လက်နက်ကိုင် အဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့် ရစေရေးအတွက် ဦးတည်တဲ့ ဆွေးနွေးချက်ကို တွေ့ရှိရခြင်း၊ အဆိုနှင့် စပ်လျဉ်းသော အထက်ပါ ကန့်သတ်ချက်များ [အဆိုအား လွှတ်တော်ဥက္ကဋ္ဌမှ ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရ] နှင့် ညီညွတ်မှု မရှိခြင်းတို့ တွေ့ရခြင်းတို့ကြောင့် ဖြစ်ပါတယ်” ဟု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သူ့ ဖေ့စ်ဘုတ်တွင် ရေးသားလိုက်ခြင်းသည် မဲဆန္ဒရှင် ပြည်သူများကို ကတိပေးထားသည့်အတိုင်း ကြိုးပမ်းမှုများကို ပြန်လည်ရှင်းပြခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
“ဥက္ကဋ္ဌကြီးကလည်း သူ့လုပ်ပိုင်ခွင့်အတိုင်းပဲ လုပ်တာပါ။ အန်တီတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာ နည်းနည်း ထည့်တယ် ဆိုတာလည်း ဒီဘေး ဒုက္ခသည်တွေ ဒီကိုရောက်နေတာ တိုက်ပွဲကြောင့် ရောက်နေကြတာလေ။ ဆိုတော့ NLD ကလည်း သူတို့ရဲ့ မူက အမျုးိသားရင်ကြားစေ့ရေး၊ ဖယ်ဒရယ်မူကို တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဆိုပြီး မူဝါဒတွေ ချမှတ်ထားတာ အစိုးရမှာလည်း ရှိတယ်လေ။ အဲ့ဒီအတွက် ဒီအဆိုမှာ ပူးပေါင်းဆောင်ရွက်သင့်တယ်။ တဖွဲ့ကျန်ခဲ့ရင်လည်း ငြိမ်းချမ်းရေးက မရနိုင်ဘူးပေါ့နော်။ ဒါကြောင့် အကုန်လုံး အဖွဲ့အစည်းတွေငြိမ်းချမ်းရေးရအောင် ဆိုပြီး ဖြည့်ရေးတယ်” ဟု ဒေါ်ခင်စောဝေက ဆိုသည်။
သူက ဆက်လက်ပြီး “အဲဒါတွေ ထည့်ရေးတဲ့အတွက် ဥက္ကဋ္ဌကြီးက ဒေါ်ခင်စောဝေမှာ ဒီ ကယ်ဆယ်ရေး အချက်ချည်းပဲ မဟုတ်ဘဲ ဒါတွေပါနေတယ်။ ဒါဆို ဟုတ်ပါပြီ။ အဲဒါဆို အန်တီက အဲ့ဒီဟာတွေကို အကုန်ဖျက်ပေးပါမယ်။ အန်တီ့အနေနဲ့ အသစ်ပြန်ပြီး ဒီကယ်ဆယ်ရေး အဆိုပဲ သီးသန့်လုပ်မယ်ဆိုပြီး တင်ပြတယ်။ သူကလည်း မဟုတ်ပါဘူးတဲ့ အမျိုးသားလွှတ်တော်မှာ တင်ထားပြီး ဖြစ်တဲ့အတွက် ဒီဟာကို မတင်တော့ဘူး ဆိုပြီး ပြောလိုက်တယ်” ဟု ပြောသည်။
ယမန်နေ့က ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့် စပ်လျဉ်း၍ ကန့်သတ်ချက်များ ဖြစ်သော ဥက္ကဋ္ဌက ခွင့်မပြုမီ အဆိုကို ထုတ်ပြန်ကြေညာခြင်းနှင့် လွှတ်တော် အစည်းအဝေးတွေင် ဆုံးဖြတ်ပြီးသော ကိစ္စတစ်ရပ်ရပ်နှင့် သဘောချင်း တူညီနေသည့်အပြင် ယခင် စစ်အစိုးရလက်ထက် လက်သုံး စကားဖြစ်သော “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်သော အဆိုမဖြစ်စေရ၊ အချက်နှင့်လည်း ညီညွတ်ခြင်း မရှိကြောင်း” တွေ့ရှိရသဖြင့် ပယ်ချခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ရခိုင်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ဦးဖေသန်းက ဒေါ်ခင်စောဝေ၏ အရေးကြီးအဆိုမှာ AA လက်နက်ကိုင်အဖွဲ့ နှင့် တပ်မတော်အကြား တိုက်ပွဲများရပ်ရန် လိုအပ်သည်ကို မီးမောင်းထိုးပြနေကြောင်း ပြောသည်။ ထိုစစ်ပွဲကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့များတွင် တလအတွင်း တိုက်ပွဲများကြောင့် လူဦးရေ ၂၀၀၀ ဝန်းကျင် ထွက်ပြေးခဲ့ကြရသည်။
“ကျနော်တို့ လွှတ်တော်အမတ်တွေ အနေနဲ့ ကျနော်တို့ မဲဆန္ဒရှင်တွေရဲ့အသံကို တင်ပြတာဖြစ်လို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ရှင်းလင်းချက်ကတော့ အကြောင်းပြချက်တခုပါပဲ” ဟု ၎င်းက ဆိုသည်။
တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအကြောင်းကို ပြောဆိုနေကြချိန်တွင် AA အဖွဲ့အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သည့် အကြံပြုချက်မျိုး ဖြစ်ခဲ့သည်ဆိုပါကလည်း “ဒါ လွတ်တော်အမတ်တွေရဲ့ အပြစ်မဟုတ်ဘူး” ဟု ဦးဖေသန်းက ပြောသည်။
“အစိုးရအနေနဲ့ အဲဒီကိစ္စကို စလုပ်သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကို ပံ့ပိုးပေးရတာ” ဟု ဦးဖေသန်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်များတွင် အဆိုတင်သွင်းမှု ပယ်ချခံခဲ့ရသော်လည်း ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ယင်းအရေးအဆိုကို ဆွေးနွေးရန် မေလ ၁၀ ရက်က ပြည်နယ်လွှတ်တော်၌ သဘောတူညီခဲ့ကြပြီး ယခုသီတင်းပတ်တွင်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။