မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု၊ ပြည်စိုးအောင်ရပ်ကွက်ရှိ အသောက ပရိယတ္တိစာသင်တိုက်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဉာဏဝံသ အသတ်ခံရသည့်ကိစ္စကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။
သက်တောင် ၆၀၊ ဝါတော် ၄၀ ရှိ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဉာဏဝံသ သည် ဇွန် ၁၃ ရက် ညက ၎င်း၏ ကျောင်းတိုက်အတွင်း ကျိန်းစက်နေစဉ် အောက်နှုတ်ခမ်းပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ လည်ပင်းဖုယောင် ညိုမဲဒဏ်ရာ စသည့် ဒဏ်ရာများဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရန် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒထုတ်ဖော်ခြင်းကို လက်ပံလှကျေးရွာ အားကစားကွင်းတွင် ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဗုဒ္ဓ၏သားတော်၊ ရဟန်းသံဃာအား ရက်စက်စွာ သတ်ဖြတ်သူများကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဆန္ဒထုတ်ဖော်ပွဲပါ။ တရားခံမိတယ်ဆိုပေမယ့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်စေဖို့နဲ့ ထိုက်ထိုက်တန်တန် ထိထိရောက်ရောက် အပြစ်ပေးနိုင်အောင်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်”ဟု ဆရာတော်၏ တပည့်ဒါယိကာမ တဦးဖြစ်သူ ဒေါ်ကျော့ကျော့စိန်က ပြောသည်။
ဆရာတော်သည် ပရိဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသူဖြစ်ပြီး ဝိနည်းနှင့်အညီ နေထိုင်လေ့ရှိသဖြင့် ဒေသခံများ၏ ကြည်ညိုလေးစားမှု ရရှိနေသူလည်း ဖြစ်ကြောင်း သိရသည်။
ဆရာတော် အသတ်ခံရပြီးနောက် အခန်းအတွင်းတွင် အခမဲ့ဇီဝိတဒါန ဆေးခန်းဖွင့်လှစ်ရန်အတွက် လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်း ၄၀၀ ခန့် ပျောက်ဆုံးနေကြောင်း၊ ကျောင်းဝင်းအရှေ့မြောက်ထောင့်တွင် တည်ထားသော စေတီတော်အနီး မြက်ခင်းပြင်ပေါ်တွင် တစ်ပေခွဲခန့်အရှည်ရှိသော သစ်သားချောင်းကို သွေးကွက်များပေကျံလျက် တွေ့ရှိခဲ့ရကြောင်း၊ VTR တံဆိပ် အပြာရောင် နှစ်ဘက် သွားပါ သံဖြတ်လွှ အသစ်နှစ်ချောင်း၊ SPX တံဆိပ် အပြာရောင် တစ်ဘက်သွား သံဖြတ်လွှ နှစ်ချောင်းတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အဖွဲ့ငယ်များခွဲ၍ စုံစမ်းစစ်ဆေးရာတွင် လက်ပံလှကျေးရွာရှိ ကုန်မာပစ္စည်းအရောင်းဆိုင်များတွင် သံဖြတ်လွှရောင်းချမှု ရှိ၊ မရှိအား လိုက်လံ စုံစမ်းခဲ့ရာ ရုံးပင်ကုန်း ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “ပိုင်” ကားအပိုပစ္စည်းရောင်းဆိုင်မှ ဆိုင်ရှင်ထံသို့ တရပ်ကွက်တည်းနေ လူငယ် ၂ ဦး က ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းက နှစ်ဘက် အသွားပါ သံဖြတ်လွှ ၂ ချောင်း၊ တစ်ဖက်သွားပါ သံဖြတ်လွှ ၂ ချောင်း ဝယ်ယူသွားကြောင်း သိရှိရသဖြင့် ဆိုင်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများမှ သံဖြတ်လွှဝယ်ယူသူ လူငယ် ၂ ဦး၏ ပုံများကို ကူးယူခဲ့သည်။
ယင်းဓာတ်ပုံများကို ရုံးပင်ကုန်းနှင့် ရွာမ ရပ်ကွက်ဘက်တွင် စုံစမ်းရာမှ တဦးမှာ ၁၉ နှစ်အရွယ်ရှိ အောင်နိုင်ဝင်း ဆိုသူ ဖြစ်ပြီး ၎င်းနေထိုင်ရာ ရုံးပင်ကုန်း နေအိမ်သို့သွားရောက် ရှာဖွေရာ အကိုဝမ်းကွဲ ဖြစ်သည့် အသက် ၂၃ နှစ်ရှိ ကျော်စွာလင်းနှင့်အတူ ရေပြာ အိုင်ရွာ၊ ငါးပြားပေးရွာများသို့ ထွက်သွားကြောင်း၊ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းစဉ် ဇွန်လ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သံသယရှိသူ ၂ ဦးက နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
“တရားခံတွေကို ၂၄ နာရီအတွင်း ဖမ်းဆီးဖော်ထုတ်ပေးခဲ့ပါတယ်။ ဖမ်းမိတဲ့အချိန်မှာ ဒေသခံတွေက ရဲစခန်းရှေ့မှာ လူစုလူဝေးနဲ့ ရောက်လာလို့ တရားခံတွေကို မန္တလေးကို ခေါ်ခဲ့ရတယ်။ ရဲတပ်ဖွဲ့ အနေနဲ့က တရားခံတွေမိတယ်ဆိုပေမယ့် အမှုကို ခိုင်မာအောင် တည်ဆောက်ဖို့လိုအပ်ပါတယ်။ ဖြောင့်ချက်ရရှိပြီးပေမယ့်လည်း သက်သေခံပစ္စည်းတွေ လိုက်လံသိမ်းဆည်တာ၊ အမှုဖြစ်စဉ်ကို ပြန်လည်သရုပ်ပြခိုင်းရတာတွေရှိတယ်။ အမှုကို ခိုင်မာအောင်တည်ဆောက်နိုင်မှ တရားခံကို ထိရောက်တဲ့ပြစ်ဒဏ်ပေးနိုင်မှာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရှာရှိတစ်ဦးက ပြောသည်။
ဆက်လက်၍ သူက “ဆရာတော်ကလည်း ဝိနည်းနဲ့အညီ နေထိုင်တဲ့ဆရာတော် ဖြစ်သလို လေးစားကြည်ညိုထိုက်တဲ့ ဆရာတော်လည်း ဖြစ်နေပြန်တော့ တရားခံတွေကို ပြန်လည်သရုပ်ပြခိုင်းဖို့ရာမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်ပြီး ဖြစ်လာနိုင်တာကြောင့် အနည်းငယ် အခက်အခဲရှိနေပါတယ်”ဟု ရှင်းပြသည်။
“စဖြစ်တဲ့နေ့ကတော့ အားလုံးသွေးဆူနေကြတာပေါ့လေ။ အခုနောက်ပိုင်းမှာတော့ တရားခံတွေကို ထိရောက်တဲ့ အပြစ်ဒဏ်ပေးနိုင်ဖို့အတွက်ဆိုရင် ဒေသခံတွေအားလုံးက ဝိုင်းဝန်းကူညီပေးမှာပါ။ ဆန္ဒထုတ်ဖော်ရတာကလည်း တရားခံတွေကို မိပြီး ထိထိရောက်ရောက် အရေးယူတာမျိုး မလုပ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ တရားခံတွေကို လိုအပ်သလို အရေးယူဖို့အတွက်ဆိုရင် မလိုလားအပ်တဲ့ပြဿနာ ဘာတခုမှ မရှိစေရပါဘူးလို့ အာမခံချက် ပေးမယ်ဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ လိုအပ်သလို ဆက်လက်လုပ်ဆောင်ပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု ဆရာတော်၏ ဒါယိကာမတဦး ဖြစ်သည့် ဒေါ်ကျော့ကျော့စိန်က ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးတင်သောင်းကလည်း “တရားခံ ကျော်စွာလင်းနဲ့ အောင်နိုင်ဝင်းဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး အများကြည်ညို လေးစားရတဲ့ဆရာတော်ကို ရက်ဆက်စွာ သတ်တဲ့အတွက် ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးနိုင်ရေးအတွက် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ အခုချိန်မှာ ပဋိပက္ခပြဿနာမျိုး မဖြစ်ပွားစေလိုပါဘူး။ နောင် ဒီလိုဖြစ်ရပ်မျိုး မြန်မာနိုင်ငံ ဘယ်နေရာမှ မဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး တောင်းဆိုဆန္ဒပြတာပါ”ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား ၅၀၀ ခန့်ဖြင့် ဇွန် ၁၉ ရက် နံနက် ၇ နာရီမှ ၁၂ နာရီအထိ လက်ပံလှကျေးရွာ အားကစားကွင်းတွင်ပြုလုပ်ခဲ့သည်။ ဆရာတော်၏ အထ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားခြင်း၊“ဗုဒ္ဓ၏သားတော် ရဟန်းသံဃာအား ရက်စက်စွာသတ်ဖြတ်သူများကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး ဒို့အရေး”ဟူသော ကြွေးကြော်သံများနှင့်အတူ “ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးများ ဖြစ်ပါလျက် သံဃာအား ရက်စက်စွာသတ်ဖြတ်သူများအား ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးများက ပြင်ထန်စွာရှုတ်ချပါသည်”ဟူသော ဆိုင်ဘုတ်များကိုင်ဆောင်ခဲ့ကြောင်း သိရသည်။