မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အကြီးမားဆုံး ဒုက္ခသည်အုပ်စု ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UN Refugee Agency) က ဇွန်လ ၂၀ ရက်နေ့ (ကမ္ဘာ့ဒုက္ခသည်များနေ့) တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတ်လကုန်ပိုင်း၌ ရွှေ့ပြောင်းဒုက္ခသည် ၄၅၁၈၀၀ ဦး ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းထားရာ ယခင်နှစ်က ၄၇၉၀၀၀ ရှိခဲ့သည် နှင့် စာလျှင် အနည်းငယ် ကျဆင်းသွားခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံမှနေ၍ ပြန်လည် ရောက်ရှိလာသူများကြောင့် ထိုသို့ အရေအတွက် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ဒုက္ခသည် စာရင်းထဲတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်စပ်ရှိ ထိုင်းနိုင်ငံမှ တရားဝင် ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည် ၁၂၀၀၀၀ နှင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် များလည်း အပါအဝင်ဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ အစီရင်ခံစာအရ ဆီးရီးယားနိုင်ငံသည် ဒုက္ခသည် အများဆုံး နံပါတ် (၁) နိုင်ငံဖြစ်ပြီး ရွှေ့ပြောင်း ဒုက္ခသည် ၄ ဒသမ ၉ သန်း ရှိကာ အာဖဂန်နစ္စတန်က ဒုက္ခသည် ၂ ဒသမ ၇ သန်းဖြင့် ဒုတိယ နေရာတွင် ရှိနေသည်။ တူရကီနိုင်ငံက ဒုက္ခသည်များကို အများဆုံး လက်ခံသည့်နိုင်ငံဖြစ်ပြီး ဒုက္ခသည် ၂ ဒသမ ၅ သန်း ရောက်ရှိနေသည်။
UNHCR က အစိုးရများနှင့် မိတ်ဖက် အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များ နှင့် ၎င်းတို့ ကိုယ်တိုင် လေ့လာခဲ့သည်များကို အခြေခံ၍ ပြုစုခဲ့သည့် “Global Trends” အမည်ရှိ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ် ကုန်အထိ ကမ္ဘာပေါ်တွင် ဒုက္ခသည် စုစုပေါင်း ၆၅ ဒသမ ၃သန်း ရှိပြီး သူတို့ထဲမှ တဝက်ကျော်မှာ ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် တွင် ၅၉ ဒသမ ၅ သန်း ရှိခဲ့သည်။
ကမ္ဘာပေါ်၌ လူ ၁၁၃ ဦး၌ ၁ ဦးသည် အိုးမဲ့အိမ်မဲ့၊ သို့မဟုတ် ဒုက္ခသည်၊ သို့မဟုတ် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ဖြစ်နေသည်။
UNHCR က ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ၂၀၁၅ ခုနှစ် အတွင်း၌ ပျမ်းမျှအားဖြင့် တမိနစ်လျှင် လူ ၂၄ ဦး နေအိမ် စွန့်ခွာထွက်ပြေးနေရသည်ဟု ဖော်ပြထားသည်။
“နှစ်စဉ်နှစ်တိုင်း ပင်လယ်ပြင်မှာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အခြေချသူတွေ အမြောက်အများ သေဆုံးနေကြရပါတယ်။ ကုန်းမြေပေါ်မှာလည်း စစ်ပွဲကြောင့် ထွက်ပြေးလာရတဲ့ လူတွေဟာ ပိတ်ထားတဲ့ နယ်စပ်တွေကို ကျော်ဖြတ်ဖို့ နည်းလမ်း ရှာနေကြပါတယ်။ နယ်စပ်တွေ ပိတ်ထားတာက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး” ဟု UNHCR မှ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကပြောသည်။
အစီရင်ခံစာအရ ဒုက္ခသည် ၂၁ ဒသမ ၃ သန်း၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ ၃ ဒသမ ၂ သန်းနှင့် ပြည်တွင်းရွှေ့ပြောင်း နေထိုင်ရသူ (IDPs) ၄၀ ဒသမ ၈ သန်း ရှိသည်ဟု သိရသည်။