ကချင်ပြည်နယ်၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည်ဟု သတင်းရရှိသည်။
“ကျမတို့ WLB ကိုယ်စားလှယ် အနေနဲ့ ၅ ဦး ဖိတ်ပါတယ်။ အကျိုးဆောင် အနေနဲ့ ပါဝင်ကူညီမယ့် တဦးကိုလည်း ဖိတ်ကြားထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အနေနဲ့ ပထမဆုံးအကြိမ် ဖိတ်တာပါ။ တိုင်းရင်းသား ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ မပါဝင်ရင် မဖြစ်ဘူးဆိုတဲ့ အမြင်နဲ့ လက်တွေ့ လုပ်ပြတာပါပဲ” ဟု WLB မှ အထွေထွေ အတွင်းရေးမှူး ဂျူနီယာ မရစ်ပ် က ဧရာဝတီက သို့ပြောသည်။
WLB ကိုယ်စားလှယ်များ အနေဖြင့် မိုင်ဂျာယန် တွင်ပြုလုပ်မည့် တိုင်းရင်းသား ညီလာခံတွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အချိန်တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် အချက် ၃ ချက်ဖြစ်သည့် စစ်ဘေးရှောင် ဒုက္ခသည်နှင့် အိုးအိမ်ပစ် ရွှေ့ပြောင်း ဒုက္ခသည်များကိစ္စ၊ လူသားချင်း စာနာထောက်ထားရေး ကိစ္စ နှင့် မူးယစ်ဆေးဝါး ကိစ္စတို့ကို ထည့်သွင်း ဆွေးနွေးသွားမည် ဟုလည်း ဂျူနီယာ မရစ်ပ် က ပြောသည်။
အဆိုပါ မိုင်ဂျာယန် ညီလာခံကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လော်ခီးလာညီလာခံတွင် တွေ့ဆုံဆွေးနွေးမှု အဆင့်ဆင့်တွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန် ဆုံးဖြတ်ချက် ချထားသည့်အတိုင်း WLB ကို ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၈ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ၈ ဖွဲ့ နှင့် လက်မှတ်မထိုးသေးသော အဖွဲ့အစည်းမှာ ခေါင်းဆောင်များတွေ့ဆုံစဉ်တွင် သဘောတူဆုံးဖြတ်ခဲ့သည်။
မိုင်ဂျာယန် ညီလာခံသို့ ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့လုံး တက်ရောက်ရန် ဖိတ်ကြားထားပြီး တိုင်းရင်းသား နိုင်ငံရေး အင်အားစုများ ဖြစ်သည့် ညီနောင် တိုင်းရင်းသား လူမျိုးများ ဖက်ဒရေးရှင်း (NBF) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုး မဟာမိတ် (UNA) တို့၏ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထား သည်ဟု မိုင်ဂျာယန် ညီလာခံ ကျင်းပရေး ကော်မတီထံမှ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အတွက်ကြိုတင်ညှိနှိုင်းဆွေးနွေးရေး၊ နှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ ဘုံရပ်တည်ချက်ရယူရန် ဆွေးနွေးသွားမည် ဟု သိရသည်။