တနင်္သာရီတိုင်း ဒေသကြီးအတွွင်း သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၀ ခုကို သတ္တုတွင်း ဥပဒေ နှင့် ညီမညီ စိစစ်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
တနင်္သာရီတိုင်း ဒေသကြီး သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က “သတ္တုတွင်း ဥပဒေ လိုက်နာမှု ရှိမရှိကို တိုင်းအတွင်းမှာရှိတဲ့ သတ္တုတွင်း ၁၀ ခု၊ ဒါတွေကို စိစစ်မယ့် သဘောပါ။ စိစစ်ရင် အကုန်လုံး စိစစ်မှာပါ။ သဘာဝပတ်ဝန်းကျင် ပိုင်းရော၊ တခြား အလုပ်သမား ကိစ္စတွေရော၊ ထုတ်လုပ်မှုနဲ့ ပတ်သက်တာတွေရော၊ အဓိက သဘာ၀ ပတ်ဝန်းကျင်ကို ဦးစားပေးပြီး စစ်မှာပါ”ဟု ဧရာဝတီကို ပြောသည်။
သတ်မှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာမှု မရှိသည့် ဟိန္ဒားသတ္တုမိုင်း လုပ်ကွက်အတွင်း လုပ်ကိုင် နေသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံပိုင် မြန်မာ ပွန်ပီပက် ကုမ္ပဏီ (Myanmar Ponpipat Company) နှင့် ဘဝပင် သတ္တုမိုင်း လုပ်ကွက်အတွင်း လုပ်ကိုင်နေသည့် တိုင်းရင်းသားပိုင် အရှေ့တိုင်း သတ္တုမိုင်း ကုမ္ပဏီတို့၏ လုပ်ကိုင်လျက် ရှိသည့် လုပ်ငန်းများအား ယာယီရပ်ဆိုင်းထားရန် တိုင်းအစိုးရအဖွဲ့က ဇွန်လ ၂၉ ရက်တွင် စာထုတ် ပေးပို့ခဲ့သည်ဟုလည်း ၎င်းက ဆက် ပြောသည်။
ဝန်ကြီး ဦးမြင့်မောင် က “သူတို့ဆီက စွန့်ထုတ်တဲ့ ရေတွေနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်စေနိုင်တဲ့ ရေနောက်တွေ ဖြစ်နေတဲ့အတွက်ကြောင့် ဒီဟာကို ရေကြည် အဆင့်လောက်အထိ စွန့်ထုတ်တဲ့ အနေအထားရောက်အောင် ပြန်ပြီးလုပ်နိုင်တဲ့အထိ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းခိုင်းတာပါ။ အဲဒါတွေကို ပြီးအောင်လုပ်ပါ။ လုပ်ပြီးမှ ပြန်လည်ပါဆိုပြီးတော့ ၂၉ ရက်ကတည်းက စာထုတ်ပြီး ယာယီရပ်ဆိုင်းခိုင်းတာပါ”ဟု ပြောဆိုသည်။
ယာယီ ရပ်ဆိုင်းခိုင်းပြီးနောက်ပိုင်း မြန်မာ ပွန်ပီပက် ကုမ္ပဏီသည် ဆည်မြောင်းဌာနနှင့် တိုင်ပင်၍ ရေကြည်ထွက်လာရန် လုပ်ဆောင်လာကြောင်းနှင့် ရေဆိုးများ ထွက်မထွက်ကို လည်ပတ်ပြီးမှသာ သိနိုင်မည် ဖြစ်သောကြောင့် စမ်းသပ် လည် ပတ် ခွင့်ပြုရန် ဆည်မြောင်းဌာနက ထောက်ခံချက်ပေးသည့်အတွက် ဇူလိုင် ၁၆ ရက်က စတင်ပြီး စမ်းသပ် လည်ပတ် ခွင့်ပြုထားကြောင်း၊ စမ်းသပ်ကာလအတွင်း ပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ရေဆိုး၊ ရေနောက်များ ထွက်လာပါက ပြန်လည် ရပ်ဆိုင်းခိုင်းမည် ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
ဟိန္ဒား သတ္တုမိုင်းတွင်းရှိ မြန်မာ ပွန်ပီပက် ကုမ္ပဏီသည် ၂၀၀၉ ခုနှစ်ကတည်းက စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
မြိတ်မြို့ ဒေသခံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု အဖွဲ့တဖွဲ့ ဖြစ်သော Green Network အဖွဲ့ ဥက္ကဋ္ဌ ဦးပိုအင်က “ကျနော်တို့ မြိတ် ကျွန်းစုမြို့နယ် ယမုံက ကုမ္ပဏီတွေမှာလည်း သဘာဝပတ်ဝန်းကျင်ကိစ္စ၊ မြေယာ အငြင်းပွားမှုတွေ၊ လူမှု ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရင် ဘာမှပြဿနာ မရှိဘူး။ အခုက လုပ်ထုံး လုပ်နည်းကို လိုက်နာမှု နည်းတယ်၊ မရှိသလောက်ဘဲ။ အဲဒါတွေကို သေချာပြန်ပြီး စစ်ဖို့လိုမယ်”ဟု ပြောဆိုသည်။
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင် ၃ ခုတွင် သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် သတ္တုတွင်း ကုမ္ပဏီပေါင်း ၂၈ ခု ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သတ္တုတွင်း လုပ်ငန်း အမှတ် (၂) တိုင်း အထွေထွေမန်နေဂျာရုံးမှ သိရှိရသည်။
တနင်္သာတိုင်းအတွင်းရှိ သတ္တုတွင်း ကုမ္ပဏီများကို ၁၉၉၆ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့် ချပေးခဲ့ခြင်းဖြစ်ပြီး တချို့ ကုမ္ပဏီ များသည် ယခုအချိန်တွင် လုပ်ကိုင်ခြင်း မရှိတော့ကြောင်း၊ အကြီးစား လုပ်ကွက်များကို သက်တမ်း ၁၀ နှစ်ပေးထားပြီး သက်တမ်း တိုးပါက ၅ နှစ် ပေးထားကြောင်း၊ အသေးစား လုပ်ကွက်များကို သက်တမ်း ၃ နှစ် ပေးထားပြီး သက်တမ်းတိုး ပါ က ၁ နှစ် ပေးထားကြောင်းလည်း တနင်္သာရီတိုင်းဒေသကြီး သတ္တုတွင်း လုပ်ငန်း အမှတ် (၂) တိုင်း အထွေထွေ မန်နေဂျာ ရုံး က ပြောသည်။