စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာတွင် လမ်းတိုးချဲ့ ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သက်တမ်းနှစ် ၁၀၀ ကျော် သစ်ပင်ကြီးများအား မခုတ်တော့ဘဲ မုံရွာခရိုင်ချင်းဆက်လမ်းကို တိုးချဲ့ ဖောက်လုပ်သွား မည်ဖြစ် ကြောင်း မုံရွာခရိုင် ပြည်သူဆောက်လုပ်ရေး၊ လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးကျော်လင်း က ဧရာဝတီသို့ ပြောသည်။
“တိုင်းအစိုးရအဖွဲ့က ပြည်သူဆန္ဒနဲ့အညီဆောင်ရွက်ပါလို့ ပြောတဲ့မူဝါဒအပေါ် ဌာနအနေနဲ့ အကောင် အထည် ဖော်ရတာပါ” ၎င်းက ပြောသည်။
မူလ ၁၂ ပေအကျယ်ရှိသည့် မုံရွာ-ရွှေဘိုခရိုင်ချင်းဆက်လမ်းအားမှ ၁၈ ပေသို့ တိုးချဲ့ခင်းရန် စီစဉ်ရာ လမ်းချဲ့ မည့် ဧရိယာနှင့် မလွတ်သည့်သစ်ပင်ကြီးပေါင်း ၂၁၂ ပင်အား ခုတ်လဲ လမ်းချဲ့ မည်ဟု ပြောဆိုခဲ့ သော် လည်း ဒေသခံများက မခုတ်စေလိုသောကြောင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇူလိုင် ၂၅ ရက်က သစ်ပင်ကြီးများကို မခုတ်လှဲတော့ဘဲ လမ်းလုပ်ငန်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဇူလိုင်လအတွင်း အဆိုပါသစ်ပင်ကြီးများအား ခုတ်လှဲမည်ဆိုသည့် သတင်းသည် ဖေ့ဘုတ်လူမှုကွန်ရက် တွင်လည်း ပြန့်နှံသွားပြီး သစ်ပင်မခုတ်လိုသည့် ဒေသခံများကိုယ်စား စစ်ကိုင်းတိုင်းလူငယ်ကွန်ရက်က ဦးဆောင်ကာ လူ ၄၀၀ ကျော်ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ကြောင်း အဆိုပါ ကွန်ရက်ဦးဆောင် ကော်မတီဝင် ကိုသူရိန်က ပြောသည်။
“ဒီသစ်ပင်ကြီးတွေဟာ မုံရွာရဲ့ Trade Mark (အမှတ်အသား) တခုပါ။ မြို့တိုင်းမှာ ဒီမြင်ကွင်းဟာ တွေ့ရခဲ သလို ခုလိုသဘာ၀ ပတ်ဝန်းကျင်ပျက်စီးလာတဲ့အချိန်မှာ ပိုပြီး ဂရုစိုက်ဖို့ လိုတဲ့အရာတွေပါ” ဟု သူက ပြောသည်။
အဆိုပါကွန်ရက်က ကောက်ယူခဲ့သည့် စစ်တမ်းအရ သစ်ပင်ခုတ်လိုသည့် ရာခိုင်နှုန်းမှာ ၇ ရာခိုင်နှုန်း သာရှိပြီး သစ်ပင်မခုတ်ဘဲ လမ်းချဲ့လိုသည်ဟု ဖြေကြားထားသူက အများဆုံးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မုံရွာခရိုင်ချင်းဆက်လမ်းအား လမ်းပခုံးမထည့်ဘဲ လမ်းဘေးဝဲ၊ ယာ တဖက်စီ ၃ ပေခန့် ချဲ့သွား မည်ဖြစ်ပြီး လက်ရှိ မိုးရာသီဖြစ်သောကြောင့် လမ်းလုပ်ငန်းများ မစတင်နိုင်သေးကြောင်း လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်လင်းက ပြောသည်။
သစ်ပင်ကြီးများသည် ကိုလိုနီလက်ထက်ကတည်းက ဆုပေး၊ ဒဏ်ကြေးစနစ်များဖြင့် စိုက်ပျိုးခဲ့သည့် အပင်ကြီး များဖြစ်ပြီး တမာ၊ ကုက္ကိုလ်၊ ထနောင်းပင်များဖြစ်ကြောင်း၊ မုံရွာနှင့် ဆက်သွယ်နေသည့် ရွှေဘို၊ အရာတော်၊ ရေဦး ခရိုင်ချင်းဆက်လမ်းသုံးခုရှိပြီး ယခုတိုးချဲ့မည့် လမ်း သည်လည်း ယာဉ်ကြီးများအသွား အလာ နည်းပါးကြောင်း သိရှိရသည်။