ငလျင်ဒဏ်ခံခဲရသည့် ပုဂံရှေးဟောင်းဒေသအတွင်း ဖွံ့ဖြိုးရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပုဂံဇုန်ဝင်ကြေး ကောက်ခံရရှိထားသည့် ငွေကြေးများမှ ကျပ်သိန်း ၈၀၀ ကျော် ပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ( MTF ) က ပြောသည်။
“ပုဂံကို လည်ပတ်တဲ့ဧည့်သည်က တနှစ်ကိုအကြမ်းမျဉ်း နှစ်သိန်းခွဲ ရှိတယ်။ ဇုန်ဝင်ကြေး ကောက်ခံတဲ့အခါ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက ၁၀ ရာခိုင်နှုန်းရထားတဲ့အတွက် ၄ ရာခိုင်းနှုန်း ခွဲပေးဖို့ ပိုက်ဆံ သိန်း ၈၀၀ ရှိတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌဦးရန်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ယခု ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပုဂံဇုန်ဝင်ကြေး ကောက်ခံလုပ်ကိုင့်ခွင့် ရရှိထားပြီး ကောက်ခံရရှိလာသည့် ငွေကြေးမှ ၉၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်းရပြီး ကျန်သည့် ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က အကျိုးခံစားခွင့် ရရှိကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာ ၃ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိပ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဖြစ်ပေါ်ခဲ့သော ငလျင်လှုပ်ခတ်မှုအပြီး ပုဂံရှေးဟောင်းဒေသတွင် သွားလာလည်ပတ်နိုင်မှု အခြေအနေနှင့် ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှု ရှိမရှိနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ငလျင်ဒဏ်ခံရသည့် စေတီဘုရားများကို ပြန်လည်ပြုပြင်ရာ၌ ကုန်ကျမည့် စရိတ်ငွေကြေးများနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ဘတ်ဂျက်ငွေကြေး ချထားပေးခြင်း မရှိသေးကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က ပြောသည်။
“ပြုပြင်မယ့် ကုန်ကျစရိတ်အနေနဲ့ နိုင်ငံတော်က ဘတ်ဂျက်ချထားပေးတာမျိုး လက်တလောမှာ မရှိသေးဘူး။ အများပြည်သူ လှူဒါန်းငွေနဲ့ အချို့သော နည်းပညာအကူအညီတွေ ပူးပေါင်းပြီး ဖြေရှင်းနေပါတယ်။ ချက်ခြင်း အနေအထား ဖြစ်သွားခဲ့တဲ့အတွက် နိုင်ငံတော်ဘက်ဂျက်က မကျသေးဘူး” ဟု ဒေါ်ဥမ္မအောင်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် ညနေပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ဗဟိုပြုပြီး အင်အား ၆ ဒသ ၈ အဆင့်ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ ပုဂံရျေးဟောင်းဒေသရှိ ဘုရားပုထိုးစေတီများ၊ နံရံဆေးရေးပန်းချီများ ပျက်စီးခဲ့ပြီး ထင်ရှားသော ဘုရားစေတီများအပါအဝင် ရှေးဟောင်းအဆောက်အဦး စုစုပေါင်း ၃၉၆ ဆူ ထိခိုက်ပျက်ဆီးခဲ့သည်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ( ပုဂံဇုန် ) အတွင်းရေးမှူး ဦးဇော်ဝိတ်က “၇၅ ခုနှစ်က ငလျင်နဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမပျက်စီးပါဘူး။ ရ၅ ခုနှစ် နောက်ပိုင်း ၉၀ ခုနှစ် နောက်ပိုင်းမှာ ပြင်ထားတဲ့ အပိုင်းအစတွေ အောက်ကိုပြုတ်ကျတာ”ဟု ပြောသည်။
ငလျင်ဒဏ်ခံခဲ့ရသည့် ဘုရားစေတီပုထိုးများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်များ ဦးစီးဌာနတို့က ပျက်စီးသွားသော စေတီပုထိုးများကို ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရန် သက်ဆိုင်သည့် ၀န်ကြီးဌာနများနှင့် ယူနက်စကိုမှ ကျွမ်းကျင်ပညာရှင်များတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
ပုဂံရှေးဟောင်းဒေသသို့ ခရီးသွားဧည့်သည် ၀င်ရောက်သည် ယခုဘဏ္ဍာနှစ်စတင်သည့် ဧပြီလမှ သြဂုတ်လအထိ ၁၆၅,၀၀၀ ဦး ၀င်ရောက်ထားပြီး၊ ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ၁၅၁,၀၀၀ ဦးရေ ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းမှတ်တမ်းအရ သိရသည်။