ရခိုင်ပြည်နယ် မောင်တော နယ်ခြားစောင့်တပ် မကြာသေးခင်က တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ထိခိုက်ခြင်းနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးများ အပေါ် ပြည်သူလူထု၏ စိုးရိမ်မှု မြင့်မားလျက် ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်း က ဧရာဝတီသို့ ပြောသည်။
ရခိုင်ဖြစ်စဉ်ကို စစ်ဆင်ရေး နည်းလမ်းဖြင့် ဖြေရှင်းနေသည့် တပ်မတော် အပေါ် အရပ်သား အစိုးရ၏ သြဇာညောင်းမှု အပေါ်တွင်လည်း မေးခွန်းထုတ်မှုများ ရှိနေပြီး နိုင်ငံရေး အမြတ်ထုတ်လာမည်ကိုလည်း စိုးရိမ်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ် က ပြောသည်။
“ဒီဖြစ်စဉ်က မဖြစ်ခင်ကတည်းက ထောက်လှမ်းရေးက ကြိုသိနေရမှာ။ ကာကွယ်ရေးမှာ တာဝန်ရှိတယ်။ သတင်း ထောက်လှမ်းမှု အား နည်းခဲ့လို့ ဖြစ်ရတာ။ အခု ဖြစ်လာပြီဆိုတော့ ဥပဒေအရ လုပ်ပိုင်ခွင့် ဘောင်ထဲကနေပဲ အင်အား သုံးတာမျိုးကို ဖြစ်စေချင်တယ်။ ဒီ အပေါ် မှာ နိုင်ငံရေးအရ အမြတ်မထုတ်စေချင်ဘူး”ဟုလည်း ဦးလွင်ကိုလတ်က ပြောဆိုသည်။
ယခု ဖြစ်စဉ်ကို စိုးရိမ်ရခြင်းသည် နယ်စပ်ဒေသတွင် ဖြစ်ပွားခြင်း၊ ပဋိပက္ခအသွင် ဆောင်နေသည့် အုပ်စု ၂ ခုကြားရှိ အုပ်စု တခုနှင့် ပဋိပက္ခ ထပ်မံ ဖြစ်ပွားခြင်းတို့ကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ဒီဖြစ်စဉ်က စိတ်ပူစရာ ကောင်းတဲ့ ကိစ္စပါ။ နယ်ခြားနေရာမှာ ဖြစ်တာ တကြောင်းရယ်၊ ပဋိပက္ခ ရှိနေတဲ့ အုပ်စု ၂ စုမှာ တစုနဲ့ သွားဖြစ် တာရယ်ကြောင့်ပါ။ ဒါဟာ ဘယ်လိုပဲ ဖြစ်ဖြစ် လုံခြုံရေးအရပါ စိတ်ပူစရာကောင်းတဲ့ ကိစ္စတခု ဖြစ်နေတယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာ အစိုးရတွေကလည်း နိုင်နိုင်နင်းနင်းနဲ့ ကိုင်တွယ်နိုင်ဖို့ လိုတယ်။ အဲဒါကိုလည်း စိုးရိမ်တယ်”ဟုလည်း ဦးလွင်ကိုလတ်က ပြောသည်။
ရခိုင်ဖြစ်စဉ်က တိုင်းပြည်၏ ဒီမိုကရေစီ ခရီးလမ်းကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်သဖြင့် အစိုးရက သတိပြုကိုင်တွယ််နိုင်ရန် လိုအပ် ကြောင်း၊ အုုပ်ချုပ်ရေး ယန္တရားကလည်း တရားဥပဒေစိုးမိုးရေး နည်းလမ်းနှင့် အညီ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းကလည်း ပြောဆိုသည်။
မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်အရေးကို ဖြေရှင်းရာတွင် နိုင်ငံတကာ မွတ်စလင် အသိုင်းအဝိုင်းနှင့် အမျိုးသားရေး အင်အားစု ဖြစ်သည့် တပ်မတော်အကြား သတိထား ကိုင်တွယ်နေရသည်ဟု ထင်မြင်ကြောင်း ပြော သည်။
“သူ(ဒေါ်အောင်ဆန်းစုကြည်) နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးနဲ့ သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့အခါ ပြောရဆိုရတာကို ကြည့်ရတာ နိုင်ငံတကာ မွတ်စလင် အသိုင်းအဝိုင်းကို ထောက်ထားနေတဲ့ သဘောတွေ့ရတယ်။ ဘယ်လို နာမည် တပ်ရမလဲဆိုတာတောင်မှ တော် တော်လေး စဉ်းစားနေတယ်။ ယေဘုယျအားဖြင့် လက်နက်ကိုင် အကြမ်းဖက်သမားတွေလို့ ပြောလိုက်ရင် ရပါတယ်”ဟု ဦးရဲထွန်းက ပြောဆို သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ဖြစ်စဉ်အပေါ် ဥပဒေနဲ့အညီ ဆောင်ရွက်ပါ ဆိုသည့် ညွှန်ကြားချက်ကြောင့်လည်း တပ်မတော်အနေဖြင့် စစ်ရေး နည်းလမ်း အသုံးပြုရာတွင် ဂရုတစိုက် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ အရင် တပ်မတော်ပုံစံသည် ရှမ်းပြည်နယ်ရှိ ဖြစ်စဉ် တချို့အရ ဥပဒေမဲ့ ဆောင်ရွက်သည့် ပုံစံများ ရှိခဲ့သော်လည်း ယခုအခါ စနစ်တကျ ကိုင်တွယ်နေကြောင်း ဦးရဲထွန်းက ဆက် ပြောသည်။
“တပ်က ကျနော်တို့ နယ်ဘက်မှာဆိုရင် ဥပဒေချိုးဖောက်တာမျိုးတွေ ရှိခဲ့တယ်။ အဲဒါကြောင့် မြေပြင် သတင်း အချက်အလက်တွေကို လိုချင်လို့ ပြန်ကြားရေး ဝန်ကြီးကို ရခိုင်လွှတ်တာလို့ ထင်တယ်။ အဲဒါမှ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သုံးသပ်လို့ရမှာ”ဟု ဦးရဲထွန်းက ဆိုသည်။
ထို့ပြင် ရခိုင်ဖြစ်စဉ်အား ကိုဖီအာနန် ကော်မရှင်ကို ခေါ်ယူပြသသင့်သည်ဟုလည်း ဦးရဲထွန်းက အကြံပြုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးရည်မွန်ကမူ ရခိုင်ဖြစ်စဉ်တွင် အစိုးရ၏ သတင်း ထုတ်ပြန်မှုများအပေါ် ပြည်သူများအနေဖြင့် အားမလို အားမရ ဖြစ်ရသည်ဟု ပြောဆိုသည်။
သို့သော် ရခိုင်ကိစ္စသည် အမျိုးသားရေး ပြဿနာတခု ဖြစ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံတွင် မည်သို့ပင် ရှိစေကာမူ စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ ပူးပေါင်း ဆောင်ရွက်ရမည်ဟု သူက ပြောသည်။
“ဒီကိစ္စက ကျနော်တို့ကို တပ်လှန့်လိုက်တာပဲ။ အများကြီး စိတ်ပူဖို့တော့ မလိုပေမယ့် လွယ်လွယ်နဲ့လည်း ပြီးမယ့် ကိစ္စတော့ မဟုတ်ဘူး။ ကျနော်တို့ နိုးနိုးကြားကြားနဲ့ လုုပ်ဖို့ ရှိတာတွေ အကုန်လုံး လုပ်သွားဖို့တော့ လိုမယ်။ ပြီးတော့ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ကြိုးကိုင် နေ တာက တဖွဲ့မကလည်း ပါဝင် ပတ်သက်နိုင်တယ်။ ပြည်တွင်း၊ ပြည်ပ ၂ မျိုးစလုံး ပါဝင်ပတ်သက် နိုင်တယ်”ဟု ဦးရည်မွန်က ပြောသည်။
ရခိုင်ဖြစ်စဉ်ကို အဓိက ဆောင်ရွက်နေသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာန အားလုုံးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လက်အောက်သို့ ရောက်ရှိနေသော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုအောက်တွင် ဆောင်ရွက်နေကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြော သည်။
“ရခိုင်ဖြစ်စဉ်ရဲ့ Information မှန်သမျှ သူ့(ဒေါ်အောင်ဆန်းစုကြည်) ဆီကို အကုန်ရောက်တယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးတွေ က ဖွဲ့စည်းပုံအရ တပ်ချုပ်အောက်မှာ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့တွေက ပုလဲနံပ သင့်တယ်။ သူပဲ အကုန် စီမံနေတာ ပါ” ဟု ဦးဝင်းထိန်က ပြောဆိုသည်။
ရခိုုင်အရေးကို တဖက်က ဘင်္ဂလားဒေရှ်နိုင်ငံနှင့် သံတမန် နည်းလမ်းအရ ဆောင်ရွက်မည်ဖြစ်သလို တဖက်ကလည်း တပ်မတော်၏ စစ်ရေး နည်းလမ်းဖြင့် ဖြေရှင်းနေကြောင်း၊ စစ်ရေးနည်းလမ်းဖြင့် နောက်ပိုင်းတွင် လုံးဝ လက်နက်ချသည်အထိ ဖြစ်စေ သို့မဟုတ် လက်နက်စွန့်လာသည်အထိ စိတ်ရှည်ရှည်နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
ဦးဝင်းထိန်က “တပ်မတော်က စစ်ရေးအရ ဆောင်ရွက်နေချိန်မှာ ကျနော်တို့ဘက်က ဝင်စွက်ဖက်လို့ မကောင်းဘူး။ စစ်ရေးအရ လိုအပ် လို့ လုပ်ရသော်လည်းပဲ ဥပဒေနဲ့အညီ ဖြစ်အောင်တော့ ညွှန်ကြားထားတယ်။ တပ်မတော်ရဲ့ ဆောင်ရွက်မှုကိုလည်း စောင့်ကြည့်နေ တယ်” ဟု ပြောဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ရခိုင်ပြည်နယ် မောင်တော နယ်ခြားစောင့်တပ် တိုက်ခိုက်ခံရမှု နောက်ပိုင်း ထပ်မံဖြစ်ပွားနေသည့် ပဋိပက္ခများကို အစိုးရက အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းနေပြီး တရားဥပဒေ စိုးမိုမူအောက်တွင် မျှမျှတတ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုထားသည်။
“ဒီပြဿနာကို ကာကွယ်ရေးဘက်က အုပ်စုတွေက တာဝန်ယူ ဖြေရှင်းရမယ်။ ပြီးရင် ပွင့်လင်း မြင်သာမှု ရှိရမယ်။ ဒီဖြစ်စဉ် အစအဆုံးကို ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ ပြည်သူကို ချပြနိုင်ရမယ်။ မဟုတ်ရင်တော့ ပြည်သူလူထု၏ စိုးရိမ်မှုက မြင့်နေမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ သတင်းတွေက ဖေ့စ်ဘုတ်တွေ အပါအဝင် ကောလာဟလတွေက ထွက်နေတာ”ဟု သန်လျင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ် က ပြောသည်။
ဧရာဝတီကလည်း လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် ဗီဒီယို ဖိုင်များနှင့် အစိုးရ၏ ရခိုင်အရေး ဆောင်ရွက်ချက်များကို သိရှိနိုင်ရန် သမ္မတရုံး၊ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။