ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ၌ စစ်သင်တန်း တက်ရောက်ထားသူ ၄ ဦးနှင့် လက်လုပ် သေနတ် ၁၄ လက်တို့ကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ သတင်းထုတ်ပြန်ရေး ကော်မတီ က ထုတ်ပြန်ထားသည်။
ဖမ်းမိထားသူ လူ ၄ ဦးအနက် မာမက် ကာရက်ဆိုသူသည် စစ်သင်တန်း ပို့ချပေးနေသူ ဖြစ်ပြီး အခြား ၃ ဦးဖြစ်သည့် ကူမူရူး၊ ဒီမာမွတ်၊ မာဒူလား ဆိုသူတို့သည် စစ်သင်တန်း တက်ရောက်ပြီးသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို ဇန်နဝါရီလ ၄ ရက်နေ့ က မောင်ကြီးတောင် ကျေးရွာအား ပိတ်ဆို့၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အား ဥပဒေကြောင်း အရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ဆိုသည်။
လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားသည့် ဘင်္ဂါလီများအား နယ်ခြားစောင့်တပ်ဖွဲ့ က ဥပဒေကြောင်းအရ စစ်ဆေး ဆောင်ရွက်နေပြီး၊ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရေး အတွက် နယ်ခြားစောင့်တပ်နှင့်အတူ သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့၊ တပ်မတော်တို့က ပူးပေါင်း ဆောင်ရွက်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တဦးက ဧရာဝတီ ကို ပြောသည်။
ရဲအရာရှိက “လက်ရှိမှာတော့ အားလုံးတည်တည်ငြိမ်ငြိမ်ပါ၊ ဖမ်းဆီး ရမိသူတွေဟာ ဘယ်အဖွဲ့နဲ့ပတ်သက်တယ် ဆိုတာ တော့ ကျနော်တို့လည်း သေချာမသိပါဘူး၊ အဲဒီ ကိစ္စကို နယ်ခြားစောင့်တပ်ကပဲ ဆောင်ရွက်နေတာပါ” ဟု ဆိုသည်။
မသင်္ကာသူများနှင့်လက်နက်များ ဖမ်းဆီးရမိသည့် မောင်ကြီးတောင် ကျေးရွာသည် ဘူးသီးတောင်မြို့နယ်၏ မြောက်ဘက် ပိုင်းတွင် တည်ရှိပြီး၊ မောင်တောမြို့နယ်နှင့် နီးစပ်သည့် အတွက် နယ်စပ်ဒေသများမှ အလွယ်တကူ ဝင်ရောက်သွားလာ လှုပ်ရှားနိုင်သည့် နေရာဖြစ်ကြောင်း၊ ထိုအရပ်၌ မွတ်စလင် လူမျိုးအများစု နေထိုင်ကြကြောင်း ဘူးသီးတောင် ဒေသခံ တ ချို့က ဧရာဝတီ ကို ပြောသည်။
မောင်ကြီးတောင် ကျေးရွာတည်ရှိရာ အနီးတဝိုက်ရှိ ကျေးရွာများတွင် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နိုင်သူများ ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ ထိုဒေသ၏ လုံခြုံရေး ကိစ္စများကို သက်ဆိုင်ရာ အာဏာပိုင်များ နှင့် နယ်ခြားစောင့် တပ်ဖွဲ့က ဆောင်ရွက်နေကြောင်း၊ ဘူးသီးတောင်မြို့ပေါ်တွင်လည်း ပုံမှန်အတိုင်း တည်ငြိမ် နေကြောင်း ဘူးသီးတောင်မြို့ခံ ဦးဝင်းနိုင် က ဧရာဝတီ ကို ပြောသည်။
၎င်းက “ရွာဘက်တွေမှာတော့ ပြည်ပမှာ သင်တန်းတက်ပြီး ပြန်လာတဲ့ အကြမ်းဖက်သမားတွေ ရောက်နေတယ်ဆိုပြီး ကောလာဟလ သတင်းမျိုးစုံ ထွက်နေပါတယ်။ မြို့ပေါ်မှာတော့ ညမထွက်ရ အမိန့် ထုတ်ထားတာက လွဲရင် အားလုံး ပုံမှန် အခြေအနေပါ” ဟု ဆိုသည်။
မောင်တောခရိုင်အတွင်း၌ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်တပ် စခန်းဌာနချုပ် နှင့်နယ်ခြားစောင့် စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဒေသတွင်း တည်ငြိမ် အေချမ်း မှု အားနည်းနေပြီး သတ်ဖြတ်မှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာလ အကြမ်းမှုနှင့်ဆက်စပ်သူများဟု ယူဆရသူများ၊ အကြမ်းဖက် လုပ်ဆောင်ရန် စီစဉ်နေသူများဟု ယူဆရသည့် မသင်္ကာဖွယ်သူများကိုလည်း မကြာခဏ ဖမ်းဆီးရမှုများရှိနေကြောင်း အစိုးရပိုင် မီဒီယာများ မကြာခဏ ဖော် ပြနေသည်။
အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်မှုများနောက်ပိုင်း မောင်တောအရေး ကိစ္စသည် ရှေ့တန်းသို့ ရောက်ရှိလာပြီး၊ တည်ငြိမ်အေးချမ်းစ ပြုလာလျှင် ပြဿနာတခုခု ထပ်မံ ဖြစ်ပေါ်လေ့ရှိသည်ကို သတိရှိရှိ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ ပြောဆိုခဲ့သည်။
ထို့အတူ ပြဿနာဖြစ်ပေါ်လာလျှင် မှန်ကန်သည့် လမ်းကြောင်းမှ ရပ်တည်ဖြေရှင်းရေးနှင့်စွပ်စွဲပြောဆိုမှုများကိုလည်း လက် တွေ့ကျသည့် လုပ်ဆောင်မှုများဖြင့် တုံ့ပြန်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုသည်။
မောင်တော အကြမ်းဖက်မှုနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့၏ ဆောင်ရွက်မှုများအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ဖိအားပေးမှုလည်း ရှိနေပြီး၊ တပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့် ညီ၊ မညီ စနစ်တကျ စုံစမ်းဖော်ထုတ်ပေးရန် နိုင်ငံတကာက မြန်မာအစိုးရ ကို တောင်းဆိုထားသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည်လည်း ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် ရခိုင်ပြည်နယ်သို့ လာရောက်၍ မောင်တော ဒေသသို့ သွားရောက်မည်ဟု သိရသည်။