ကျောင်းသားသမဂ္ဂ အဆောက်အအုံ မြေနေရာတွင် အဆောက်အအုံ ဆောက်နေသည့် အပေါ် ဝေဖန် ကန့်ကွက်မှုများ ရှိနေ၍ ဆောက်လုပ်မှု ရပ်ဆိုင်းလိုက်ကြောင်း ကျောင်းသား သမဂ္ဂ အဆောက်အုံု ပြန်လည် တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်းရေးအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၂၂ ရက်နေ့ အစည်းအဝေးတွင် ကော်မတီ ရုံးခန်း ဖွင့်လှစ်ရန် စီစဉ်ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကျောင်းသား သမဂ္ဂ အဆောက်အုံု ပြန်လည် တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်းရေးအဖွဲ့မှ အဖွဲ့ဝင် ကိုနန်းလင်းက “မြက်ခင်းပြင် ရှင်းလင်းမှုတွေ ပြီးသွားရင် ကော်မတီ ရုံးခန်းလေး သဘောမျိုး ဖွင့်ဖို့ ရှိပါတယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် ဒီလောက် အလောတကြီး လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ သက်ဆိုင်တဲ့ တာဝန်ရှိသူဆီ လှမ်းကန့်ကွက်ပါတယ်။ အကယ်၍ လုပ်မယ် ဆိုရင်လည်း ဒီ ၂၈ ရက်နေ့ ပြီးတော့မှ အားလုံးနဲ့ တိုင်ပင်ပြီး လုပ်သင့်တယ်လို့ လှမ်းပြော လိုက်တဲ့အခါ ရပ်ဆိုင်း လိုက်တယ်။”ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက တကသ အဆောက်အအုံ မြေနေရာတွင် အဆောက်အအုံ တခု ညတွင်းချင်း ဆောက်လုပ်နေသည့် ပုံများ တက်လာခဲ့သည့်နောက် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ထို့နောက် ဆောက်လုပ်နေမှုများကို ခေတ္တရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံခဲ့ သဖြင့် သက်ဆိုင်ရာက ရပ်ဆိုင်း လိုက်ခြင်း ဖြစ်သည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမြအေးကလည်း အဆိုပါအဆောက်အအုံ ဆောက်လုပ်မှု ယာယီရပ်ဆိုင်းမှု ဟုတ်မှန်ကြောင်း အတည်ပြုသည်။
အဆောက်အအုံ ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး ကျောင်းသားမျိုးဆက်များအကြား သဘောထားကွဲလွဲမှုများ၊ မတူညီမှုများ ရှိနေသည့် အတွက် အချို့ကိစ္စများတွင် မတိုင်ပင်၊ အသိမပေးဘဲ မလုပ်သင့်ကြောင်း ကျောင်းသားမျိုးဆက်များက ပြောကြသည်။