ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်နှင့် ရန်လုံကျိုင်းမြို့တွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အရပ်သား ၅ ဦး၊ ကိုးကန့် ယာဉ်ထိန်းရဲ ၅ ဦး သေဆုံးပြီး ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦး ဓားစာခံ အဖြစ် ဖမ်းဆီး ခံထားရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။
MNDAA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များက ယနေ့ နံနက် မနက် ၂ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ နာရီကျော်တွင် ရပ်တန့်သွားကြောင်း၊ မူလတန်းပြဆရာမ ဒေါ်ပြာမှီ အပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးသွားကြောင်း၊ မီးရှို့ထားသည့် အလောင်း ၂၀ လောင်း အပြင် လက်နက် ၁၀ လက်ကို သိမ်းဆည်းရမိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MNDAA တပ်ဖွဲ့ဝင်များသည် ကျင်းတင် ဟိုတယ်နှင့် ဦးဝေဆန်း၏ နေအိမ်ကိုလည်း ဝင်ရောက်ပစ်ခတ်ကာ ဟိုတယ်ရှိ ကားများကိုလည်း မီးရှို့ခဲ့ကြောင်း၊ ဖူလီလိုက်ဟိုတယ်၊ ငွေသိမ်းကောင်တာကိုလည်း လုယက်ကာ ကား ၄ စီး မီးရှို့ခဲ့ကြောင်း ဆိုသည်။
အလားတူ ရန်လုံကျိုင်းမြို့ တရုတ်-မြန်မာ နယ်စပ်ဂိတ် အနီးရှိ တပ်မတော်၊ တပ်စခန်းများကိုလည်း တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကျင်းတင် ဟိုတယ်မှာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် ပိုင်ဆိုင်သည့် ဟိုတယ် ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
TNLA မှ ဗိုလ်မှူးကြီး တာဘုန်းကျော်က “ကျနော်တို့ မြောက်ပိုင်း မဟာမိတ်က မြို့ထဲကို ဝင်ပြီး တိုက်တာပါ။ အခုလို လုပ်တာက ကျနော်တို့ တပ်စခန်းတွေ ကျနော်တို့ နေရာဒေသတွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်တွေ အများကြီး တတ်လာတယ်။ ကျနော်တို့ ကောင်းကောင်း အလုပ်လုပ်လို့ နေထိုင်လို့ မရဘူး။ ဒါကြောင့် စစ်ရေးလှုပ်ရှား ရတာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
သူက “အဓိက စစ်ရေး ပစ်မှတ်က ကျနော်တို့ ရန်သူကိုပဲ အဓိက ပစ်မှတ်ထား တိုက်ခိုက် တာပါ။ မြို့တွင်းထဲ ဝင်တယ်ဆိုတော့ မြို့တွင်းက အရပ်သား ပြည်သူတွေ ထိခိုက်မှာပဲ။ ဒါပေမယ့် အရပ်သား ပြည်သူတွေ ထိခိုက်မှုနည်းအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ ကျနော်တို့ ဆွေးနွေးထားပါတယ်”ဟု ဆိုသည်။
ဖေဖော်ဝါရီလအတွင်း လောက်ကိုင်မြို့အပြင် တောင်ကြောတလျှောက်ရှိ MNDAA နယ်မြေတဝိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကျဲခြင်းများ ပြုလုပ်သည်ဟု ဖေဖော်ဝါရီလက MNDAA တပ်မှူးတဦးက ဧရာဝတီကို ပြောဆို ထား သည်။
မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတွင် ပါဝင်သည့် MNDAA ၊ TNLA နှင့် AA တို့မှာ ငြိမ်းချမ်းရေးဆွေးနွေး ပေးရန် အစိုးရကို တောင်းဆိုထားသော်လည်း တပ်မတော်က လက်နက်စွန့်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည့်အပြင် ဒီမိုကရေစီ အစိုးရလက်ထက်မှ ပေါ်ပေါက်လာသည့်အဖွဲ့များ ဖြစ်သည်ဟု စွပ်စွဲကာ ငြိမ်းချမ်းရေး ဆွေးနွေးရန် ခေါ်ယူမည် မဟုတ်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ရန်ကုန် အခြေစိုက် တိုင်းရင်းသား နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ လအတွင်း ကိုးကန့် နယ်မြေ အတွင်း တိုက်ပွဲများ ဖြစ်ပွားကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် MNDAA, TLNA, AA တို့ကို ချန်ထားပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါက နယ်မြေ ထိစပ်နေသည့် KIA အပြင် နိုင်ငံရေးတွင် ဆက်စပ်နေသည့် ဝ တပ်ဖွဲ့ (UWSA) ပါ ငြိမ်းချမ်းရေးတွင် ပါဝင်လာရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ကွင်းဆက် ပြသနာ ဖြစ်၍ အစိုးရက တဆက်တည်း ကိုင်တွယ် ဖြေရှင်းရန် လိုကြောင်း သုံးသပ်သည်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “ဒီမနက် ဝင်တိုက်တယ်ဆိုတဲ့သတင်းတွေ ကျနော်တို့ကြားသိရပါတယ်။ ကြားသိရတော့ အခုအချိန်ဟာ ၂၁ ရာစုပင်လုံ ဆွေးနွေးပွဲကို သွားနိုင်ဖို့ ကျနော်တို့ ဆောင်ရွက်နေတဲ့အချိန်ဖြစ်တယ်။ ဒီလိုအချိန်မှာ ဒီလို ဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာ ကျနော်တို့ စိုးရိမ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုမှာ KIA နှင့် TNLA တို့၏ တပ်စခန်းများကို တပ်မတော်က ထိုးစစ်ဆင် သိမ်းပိုက်ခြင်း ကြောင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကလည်း မူဆယ်မြို့၊ ၁၀၅မိုင် ကုန်သွယ်ရေး ဇုန်နှင့် မုံးကိုးမြို့များအတွင်း ဝင် ရောက်ကာ တပ်မတော်တပ်စခန်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းမြို့တို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားသည့် မြို့များဖြစ်သည်။