ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အနေဖြင့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးမည်ဟု ထုတ်ဖော်ပြောကြားလာကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် တရားဝင် ထုတ်ပြန်လိုက်သည်။
တချိန်တည်းတွင်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း UNFC အဖွဲ့ဝင် ၅ ဖွဲ့မှ NCA လက်မှတ်ထိုးမည်ဆိုသည့် အကြောင်းကို ကြားသိရ၍ ဝမ်းမြောက်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတဆင့် သတင်းစကားပါး ကြောင်း ထုတ်ပြန်လိုက်သည်ကိုတွေ့ရသည်။
အဖွဲ့ ၅ ဖွဲ့မှ လက်မှတ်ထိုးမည်ဆိုသည့် ကြေညာချက်နှင့် ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက UNFC ခေါင်းဆောင်များထံ ဆက်သွယ် မေးမြန်းကြရာတွင် ၎င်းတို့အနေဖြင့် ယင်းသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း UNFC ခေါင်းဆောင်များက ပြောသည်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ က “အမှန်က အန်ကယ်တို့က တရားဝင်ဘာမှမဆုံးဖြတ်ရသေးဘူး၊ အဲဒါကို ဒီလိုထုုတ်ပြန်လိုက်တဲ့ အပေါ်မှာ အန်ကယ်တို့လည်း အံ့သြတယ်။ မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်ကနေ အဖွဲ့ဝင်တွေက ဘယ်လိုသတင်းမှား ပေးလိုက်လဲ မပြောတတ်ဘူး။ တခုခုတော့ တနေရာရာမှာ အမှားရှိလိမ့်မယ်လို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရက ထုတ်ပြန်ကြေညာထားသည့် အထဲတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ တို့သည် လက်မှတ် ရေးထိုးရန် ထုတ်ဖော်ပြောကြားထားသည်ဟု ဆိုသည်။
WNO အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး တာ့အိုက်ညွှန့် က “သတင်းထဲမှာဘဲ အဲလိုကြားလိုက်ရတာ။ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ ကျနော်တို့ အနေနဲ့လည်း အဲလိုအကြောင်းကြားတာမရှိသေးပါဘူး။ ကျနော်တို့အကြားမှာတောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးမထိုင်ရသေးဘူး။ နိုင်ငံတော် အတိုင်ပင်ခံရုံး အနေနဲ့ အဲလိုထုတ်မယ်ဆိုရင် တိုင်တိုင်ပင်ပင်တော့ ရှိသင့်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
UNFC အနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး အစိုးရထံ အချက် ၉ ချက် တင်ပြထားပြီး ထိုအချက် ၉ ချက် ပြေလည်မှုရလျှင် ထိုးမည်ဟု မူလကတည်းက ထုတ်ပြောထားသည်။ ယခုလည်း ထိုဆုံးဖြတ်ချက်အပေါ်တွင်ရှိပြီး ယင်း အချက် ၉ ချက်နှင့် ပတ်သက်၍ အစိုးရကလည်း မူအားဖြင့် သဘောတူကြောင်း တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ အဆိုပြုချက် ၉ ချက် ကို နှစ်ဘက်သဘောတူကြောင်း အတည်ပြုချက် ရပြီဆိုလျှင် လက်မှတ်ထိုးရန် သေချာသည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် UNFC အနေဖြင့် အဖွဲ့ဝင် အဖွဲ့အစည်းများ အကြား ဧပြီလထဲတွင် တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ကြမည် ဖြစ်သည်ဟုသိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် အစိုးရနှင့် NCA လမ်းကြောင်း အတိုင်း မသွားဘဲ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ၏ “ငြိမ်းချမ်းရေးလမ်းစဉ်အသစ်” လမ်းကြောင်း အတိုင်း သွားမည်ဟု သတင်းထွက်ပေါ်နေသည့် UNFC အဖွဲ့ဝင်များဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ရှမ်းပြည်တိုးတထက်ရေးပါတီ (SSPP) တို့၏ နောက်ဆုံး အခြေအနေလည်း ထွက်ပေါ် လာဖွယ်ရှိသည်။
NMSP ကတော့ NCA လမ်းကြောင်းသွားရေးအတွက် ယခင်က ကိုင်ဆွဲခဲ့သော အားလုံးပါဝင်ရေးမူကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း၊ ယင်းသို့ စွန့်လွှတ်လိုက်ခြင်းသည် ယခင် UNFC အဖွဲ့ဝင်အချို့က UWSA နှင့် ပူးပေါင်းမည်ဆိုသည့်အတွက် ဖြစ်သည်ဟုဆိုသည်။
UNFC တပ်ပေါင်းစု၏ အဖွဲ့ဝင် ၅ ဖွဲ့မှ NCA လက်မှတ်ထိုးမည်ဟု ထုတ်ပြန်မှုနှင့် ပတ်သက်၍ ဧရာဝတီက နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
UNFC တပ်ပေါင်းစု အဖွဲ့ဝင်များကတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ထိုသတင်းထုတ်ပြန်ခြင်းမှာ ၎င်းတို့ထံမှ အတည်ပြုချက်ကြောင့်မဟုတ်ဘဲ သတင်းမီဒီယာများမှ တက်လာသော သတင်းများကို အခြေခံ ကောက်ချက်ချပြီး လုပ်ဆောင် ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောသည်။