ကချင်ပြည်နယ် တနိုင်းမြို့ပေါ်၌ စစ်ရှောင်နေကြသည့် ဒုက္ခသည်များသည် မိမိတို့နေရပ်ဒေသများသို့ ပြန်၍ လယ်ယာလုပ် ငန်း လုပ်ကိုင်ရန် ဆန္ဒရှိနေကြသော်လည်း ဒေသတွင်း စစ်ရေး မတည်ငြိမ်မှုများကြောင့် နေရပ်ပြန်ရန် ခက်ခဲနေကြောင်း သိရသည်။
တနိုင်းမြို့ပေါ်၌ စစ်ရှောင်ဒုက္ခသည် စုစုပေါင်း ၇၀၀ ဝန်းကျင်ရှိကြောင်း၊ ၎င်းတို့အား ခရစ်ယာန် ဘုရားကျောင်း ၃ ခုတွင် နေရာချထားပြီး ကူညီထောက်ပံ့ပေးထားကြောင်း နှစ်ခြင်း ခရစ်ယာန် အသင်းတော် ( KBC ) မှ ကူညီဆယ်ရေး တာဝန်များ ဆောင်ရွက်နေသူ ဦးနော်တာ က ဧရာဝတီ ကို ပြောသည်။
ဦးနော်တာက “စစ်ရှောင်အားလုံးနီးပါးက လယ်သမားတွေပါ၊ တကယ်လို့ တိုက်ပွဲကြောင့် လယ်တွေ မလုပ်ရတော့ဘူး ဆို ရင် နောင်နှစ် စားဝတ်နေရေးအတွက် အတော်ကြီး ဒုက္ခတွေဖြစ်လာနိုင်တယ်၊ တချို့ကတော့ကျွဲ၊ နွားတွေကိုပါ မြို့ပေါ်ယူ လာကြတယ်၊ တချို့ကတော့ ဘာမှ မယူလာကြဘူး၊ ဘာမှ မယူလာခဲ့ရတဲ့သူတွေ အိမ်ပြန်မယ်ဆိုရင်တော့ အစက ပြန်စရ မယ့် အနေအထား ဖြစ်နေတယ်” ဟု ဆိုသည်။
ဒေသခံ လယ်သမားများ၏ လယ်ယာလုပ်ငန်းများကို မိုးရာသီမကုန်မီ စတင်လုပ်ကိုင်နိုင်ရေးအတွက် တိုက်ပွဲများ အမြန်ဆုံး ရပ်စဲစေလိုကြောင်း၊ လယ်ယာလုပ်ငန်းများအား အချိန်မီ မလုပ်ဆောင်နိုင်ပါက လယ်သမားများနှင့်၎င်းတို့၏ မိသားစုများ ရေရှည် စားဝတ်နေရေးကို ထိခိုက်မည်ကိုလည်း ဒေသခံများ က စိုးရိမ်နေကြကြောင်း သိရသည်။
ဒုက္ခသည်များထဲတွင် ကျောင်းနေအရွယ် ကလေးအများအပြားလည်း ပါဝင်ကြောင်း၊ ထိုကလေးများ၏ ပညာရေး အတွက် တနိုင်းမြို့ပေါ်ရှိ ကျောင်းများတွင် ကျောင်းတက်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ ပညာရေးဌာနမှ တာဝန်ရှိသူ များနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း ဦးနော်တာ က ရှင်းပြသည်။
ကျောင်းနေအရွယ် ကလေးများအနက် ယာယီပညာရေးနှင့် တနှစ်ပတ်လုံး သင်ကြားရေးဟူ၍ နှစ်ပိုင်းခွဲ၍ သင်ကြားနိုင်ရန် ဆောင်ရွက် နေကြောင်း ဦးနော်တာက ပြောသည်။
၎င်းက “တိုက်ပွဲတွေ မရှိတော့ရင် ကိုယ့်နေရပ်ပြန်ပြီး ကျောင်းတက်မယ့် ကလေးတွေ အတွက်တော့ ယာယီတက်ခွင့်ပေး မယ်၊ တနှစ်လုံး တက်ချင်တဲ့သူတွေအတွက်လည်းပဲ တနှစ်လုံးပြီးဆုံးတဲ့အထိ တက်နိုင်အောင်ဆိုပြီးတော့ စီစဉ်ပေး ဖို့ရှိ တယ်” ဟု ဆိုသည်။
စစ်ရှောင်ဒုက္ခသည်များ၏ လက်ရှိ စားဝတ်နေရေးကို KBC အသင်းတော်နှင့်လူမှုရေးအဖွဲ့များ၊ နိုင်ငံရေးပါတီ တချို့မှ လှူ ဒါန်းမှုများဖြင့် ထောက်ပံ့ကျွေးမွေးထားကြောင်း၊ သို့သော် ရေရှည် ထောက်ပံ့ပေးထားရမည်ဆိုပါက အခက်အခဲများ ရှိ လာနိုင်ကြောင်း၊ အကယ်၍ ရေရှည်ထောက်ပံ့ထားရမည်ဆိုပါက နိုင်ငံတကာ အဖွဲ့များနှင့်ချိတ်ဆက်၍ ဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဟု KBC အဖွဲ့က ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကမူ ထိရောက်သည့် ကူညီထောက်ပံ့မှုများ မရှိသေးသည့်အပြင် တနိုင်းမြို့ပေါ်၌ ဒုက္ခသည် စခန်းများ ဖြစ်ပေါ်လာမည်ကိုလည်း မလိုလားကြောင်း ဒေသခံများ က ပြောသည်။
တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့်ပယင်းမှော်များ တည်ရှိရာ ကျေးရွာတချို့တွင် တိုက်ပွဲများရှိနေပြီး၊ ဒေသတွင်း၌ ဆက် သွယ်ရေး လမ်းကြောင်း တချို့ကိုလည်း ပိတ်ထားကြောင်း၊ တနိုင်းမြို့ပေါ်တွင် အေးဆေးတည်ငြိမ်နေကြောင်း တနိုင်း ဒေသသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက် က ပြောသည်။
တနိုင်းမြို့နယ်၌ အစိုးရ တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA ) တို့အကြား ယခုရက်ပိုင်းအတွင်း တိုက် ပွဲတချို့ ရှိခဲ့ပြီး ယနေ့အထိလည်း စစ်ရေးအခြေအနေ တင်းမာနေကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူ က ဧရာ ဝတီ ကို ပြောသည်။
တနိုင်းမြို့ပေါ်တွင် ခိုလှုံနေသည့် စစ်ရှောင် ဒုက္ခသည်များသည် ရွှေနှင့် ပယင်းမှော်များ တည်ရှိရာ ကျေးရွာများမှ ဖြစ်ပြီး ၎င်းတို့အား မှော်များမှ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာကြရန်လည်း တပ်မတော် က နှိုးဆော်ထားသည်။
စစ်ရှောင်ထွက်ပြေးလာသည့် ဒေသခံများသည် ထန်းပလားမှော်၊ ဝမ်းပလာ၊ အောင်လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဗြူ၊ ဂျာ အောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းမှော်နှင့်နမ့်ကွမ်းမှော်များတွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်းသိရသည်။
၎င်းတို့အား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန်နှင့်အကယ်၍ မထွက်ခွာပါက (KIA ) နှင့် ပူးပေါင်းနေသူများ အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း၊ နယ်မြေ ရှင်းလင်းသည့်အခါ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်လာမည်ကို မလိုလား သဖြင့် ကြိုတင် အသိပေးရခြင်း ဖြစ်ကြောင်းလည်း တပ်မတော်က ဖြန့်ဝေသည့် စာတွင် ဖော်ပြထားသည်။