သတ်မှတ်ထားသည့် အချိန် ဖြုတ်သိမ်းမှုမရှိသည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) ဆိုင်းဘုတ်များကို နိုင်ငံတော် သံဃ မဟာနာယက (မဟန) ၏ ညွန်ကြားချက်များအတိုင်း ဆက်လက် ဆောင်ရွက် သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောသည်။
မဘသ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ ဖြုတ်ချရန် မဟနက ညွန်ကြားထားပြီး လိုက်နာခြင်း မရှိ ပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀ / ၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်ရန်လည်း ညွှန်ကြား ထားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက “မဘသ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့နဲ့ မလိုက်နာရင် အရေးယူဖို့ ညွန်ကြားထားပြီးသားပါ။ သံဃအဖွဲ့အစည်း ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်ရာတိုင်း သံဃ နာယက အဖွဲ့တွေက အရေးယူဖို့ လုပ်ပါလိမ့်မယ်။ ဝန်ကြီးဌာနအနေနဲ့က မဟန ရဲ့ ညွန်ကြားချက်အတိုင်း ဆက်လုပ် မှာ ပါ”ဟု ဧရာဝတီကို ပြောသည်။
မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် မဟန ညွန်ကြားချက်နှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် မဘသ အဖွဲ့ (ဗဟို) ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ တိလောက ဘိဝံသ ကိုယ်တိုင် လိုက်နာ ဆောင်ရွက်ရန် ခံဝန်လက်မှတ် ရေးထိုးခဲ့ပြီး မဘသ အမည်မှ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်သို့ ပြောင်းလဲခဲ့သည်။
ထိုသို့ ညွန်ကြားချက်အပေါ် ကရင်ပြည်နယ် မဘသ အဖွဲ့နှင့် မန္တလေးတိုင်း မဘသ အဖွဲ့တို့က ၎င်းတို့သည် သံဃ စည်းမျဉ်း၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းခြင်း မရှိသည့်အတွက် မဘသ ဆိုင်းဘုတ်များ ဖြုတ်ချမည် မဟုတ်ဘဲ ဆက်လက် သုံးစွဲမည် ဖြစ်ကြောင်း ဇူလိုင် ၇ ရက်နှင့် ၉ ရက်တို့တွင် အသီးသီးသဘောထား ထုတ်ပြန်ခဲ့ကြသည်။
ကရင်ပြည်နယ် မဘသ အဖွဲ့က ကရင်ပြည်နယ်အတွင်းရှိ မဘသ ဆိုင်းဘုတ်များအား အတင်းအကြပ် ဖြုတ်ချခြင်းနှင့် ကြံစည်အားထုတ်သူ မည်သူ့ကိုမဆို တည်ဆဲ ဥပဒေ၊ ဒေသန္တရ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည်လည်း ဖြုတ်ချသူ၏ တာဝန်သာဖြစ်ကြောင်း ဇူလိုင် ၇ ရက်က ထုတ်ပြန်ခဲ့ သည်။
မန္တလေးတိုင်း မဘသအဖွဲ့ ပြန်ကြားရေး တာဝန်ခံ အရှင်ယသ က “ဦးပဉ္ဇင်းတို့တော့ မဘသ အမည်ဆက်သုံးဖို့ မဟန ထံ ကို စာတင်ပြမယ်။ မဘသ ဟာ အကြမ်းဖက်အဖွဲ့လည်း မဟုတ်ဘူး။ ဥပဒေနဲ့လည်း ငြိစွန်းတာ မဟုတ်တဲ့ အတွက် အမှန်တိုင်းပဲ ရပ်တည်တာဖြစ်တယ်”ဟု ဧရာဝတီကို မိန့်သည်။
မဘသ အမည် ပြောင်းလဲလိုခြင်း မရှိသည့် မန္တလေးတိုင်း မဘသအဖွဲ့က မဟန၏ ညွန်ကြားချက်အတိုင်း အရေးယူ ခြင်း ခံရပါကလည်း ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်အစား အခြားအမည်တခုခုကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း အရှင်ယသ က ဆက်လက် မိန့်ဆိုသည်။
မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ မန္တလေးတိုင်း မဘသအဖွဲ့နှင့် တိုင်းသံဃ မဟာနာယက အဖွဲ့တို့ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆူပူမှုမဖြစ်စေဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် မဘသ အမည် ဆက်သုံးရေး အတွက် မဟနထံသို့ တင်ပြရန် ညွန်ကြားခဲ့ကြသည်။
ထိုသို့ မဟနထံ တင်ပြရာတွင် မဘသအဖွဲ့၏ စည်းမျဉ်းစည်းကမ်းနှင့် မညီသော အဖွဲ့ဝင်များအား မဘသ ကိုယ်တိုင် အရေးယူ ဆောင်ရွက်ရန် တာဝန်ခံရမည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း အရှင်ယသ က မိန့်ဆိုသည်။