သတင်း

ဗုဒ္ဓသာသနာ ဆုတ်ယုတ်မည့် အခြေအနေများ ကြုံတွေ့နေရဟု သာသနာရေး ဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာအပါအဝင် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံများအနေဖြင့် ဗုဒ္ဓသာသနာ ဆုတ်ယုတ်ဖွယ် အခြေအနေများကို ကြုံတွေ့နေရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံများ အနေဖြင့် ရင်ဆိုင်နေရသည့် အခြေအနေများကို ကျော်လွှားရန်နှင့် ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားစေရန် အာရှ ဗုဒ္ဓဘာသာ အသင်း (ABC)ကို ဖွဲ့စည်း တည်ထောင်သည့် ယနေ့ အခမ်းအနားတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

သူရဦးအောင်ကိုက “ဗုဒ္ဓဘာသာ နိုင်ငံတွေကြား အပြန်အလှန် ကူလူးဆက်ဆံမှုက အားနည်းတယ်၊ ရှေ့လျှောက် အဲ့ဒီ လို သွားနေရင် မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာနဲ့ ယဉ်ကျေးမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပါတယ်”ဟု ပြော သည်။

ABC အသင်းကြီး ဖွ့ဲစည်းထူထောင်ခြင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် သက်ဆိုင် ခြင်း မရှိဘဲ ဗုဒ္ဓဘာသာဝင် နိုင်ငံအားလုံး ပါဝင်သည့် အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းနိုင်ရန် ၂၀၀၇ ခုနှစ်ခန့်ကပင် တရုတ်နိုင်ငံမှ ဗုဒ္ဓဘာသာ အဖွဲ့ကြီးနှင့် ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော်လည်း ကန့်သတ်ချက်များ ရှိသည့် အတွက် အဖွဲ့ချုပ်တခု အဖြစ် ပေါ်ပေါက်လာရန် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်းလည်း ၎င်းက ပြောပြသည်။

အာရှ ဗုဒ္ဓဘာသာ အသင်း(ABC) တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ထေရဝါဒနှင့် မဟာယန ဗုဒ္ဓဘာသာ အဖွဲ့အစည်း များ ပါဝင်ခဲ့ကြပြီး အသင်းကြီး၏ ဥက္ကဋ္ဌ အဖြစ် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားသည့် မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဗန်မော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန ္တကုမာရဘိဝံသ ကို ထားရှိရန်လည်း သဘောတူညီထားကြောင်း သိရသည်။

အာရှ ဗုဒ္ဓဘာသာ အသင်း (ABC) စတင် တည်ထောင်ရာတွင် နိုင်ငံတော် သံဃ မဟာနာယက(မဟန) အဖွဲ့ ထံသို့ အသိပေးမှု နောက်ကျခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရေးဆွဲအတည်ပြုရန် အားနည်းချက် တချို့ကြောင့် မဟန အဖွဲ့ဝင် ဆရာတော်တချို့က မတည်အလှူရှင်ဖြစ်သူ ဒေါက်တာ ခင်ရွှေအား ပြစ်တင် မိန့်ကြားမှုများ ရှိခဲ့သည်။

မဟန လက်အောက်တွင် သံဃဂိုဏ်းကြီး ၉ ဂိုဏ်းရှိ သံဃ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း၊ အခြေခံစည်းမျဉ်းများ အရ မဟန အဖွဲ့ဝင် ၄၇ ပါးစုံညီ အစည်းအဝေးမှ အတည်ပြု ခွင့်ပြုချက်မရရှိဘဲ မည်သည့် သံဃအဖွဲ့အစည်းမှ တရားဝင် ဖွဲ့စည်းခွင့် မရှိကြောင်းလည်း မဟနအဖွဲ့ဝင် ဆရာတော်တပါးက အောက်တိုဘာ ၁၂ ရက်နေ့တွင် သတိပေး မိန့်ကြား ခဲ့ကြောင်း သိရသည်။

သူရဦးအောင်ကိုက “အသင်းဖွဲ့စည်းရေး အတွက် လုံလောက်သည့် ကြိုတင် လျှောက်ထားမှုများ မလုပ်နိုင်ခဲ့သည့် အတွက် မဟန ဆရာတော်ကြီးအချို့က အထင်အမြင် လွဲမှားမှုလေးတွေ ရှိခဲ့တယ်လို့ သိရပါတယ်၊ ဒီလို ဆရာ၊ ဒကာ သဘောထား ကွဲလွဲမှုလေးတွေကို ကျနော်တို့ဝန်ကြီးဌာန က အမြန်ဆုံး ပြေလည်သွားဖို့ ရင်ကြားစေ့ပေးဖို့ ကြိုးပမ်း သွားပါ”ဟု ရှင်းပြသည်။

ဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံများတွင် ထေရဝါဒနှင့် မဟာယန ကွဲပြားမှုရှိနေသကဲ့သို့ ABC အသင်းကြီး၏ ဗုဒ္ဓ သာသနာ ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းများအား ရေးဆွဲ အတည်ပြုရာတွင် ဗုဒ္ဓဘာသာ နိုင်ငံအားလုံးမှ သဘော တူ လက်ခံရန် လိုအပ်ပြီး ဘုံသဘောတူညီချက် အခြေခံစည်းမျဉ်း ဖြစ်ပေါ်လာစေရန် ၃ နှစ်မှ ၅ နှစ်ခန့် အထိ အချိန်ယူ ရမည် ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ABC အသင်းကြီး၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း မူကြမ်းတရပ်ကို ထိုင်းနိုင်ငံ မဟာချုလာ လောင်ကွန်း ရာဇဝိဒယလျ တက္ကသိုလ်က ရေးဆွဲထားပြီး မဟန အဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ ဦးဆောင်ဆရာတော် ဒေါက်တာ မုတ်တက်က “ဗုဒ္ဓဘာသာအနေနဲ့ ထေရဝါဒ၊ မဟာယနဆိုပြီး မခွဲခြားဘဲ ပိုပြီးတသားတည်းကျတဲ့ ဘာသာ၊ သာသနာထွန်းကားဖို့ မျှော်မှန်းပါတယ်၊ ရှေ့လျှောက် ဗုဒ္ဓဘာသာ ကို တခုတည်း ပေါင်းစည်းနိုင်တဲ့ ဘာသာကြီးဖြစ်လာမှာပါ”ဟု မိန့်ကြားခဲ့သည်။

အာရှဗုဒ္ဓဘာသာ အသင်းကြီးကို ဇေကမ္ဘာ ဒေါက်တာ ခင်ရွှေနှင် ထိုင်းနိုင်ငံမှ ဒေါက်တာ စူပါချိုင်း ဗီရာပူချောင်း တို့က ဦးဆောင်ကာ အသင်းကြီး စတင်တည်ထောင်ခြင်းကို ရန်ကုန်မြို့ရှိ ကရဝိတ် ဟိုတယ်တွင် အောက်တိုဘာ ၁၂ ရက်နေ့ နှင့် ၁၃ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဗုဒ္ဓရဲ့ သစ္စာတရားတွေ ကမ္ဘာကို လွှမ်းခြုံနိုင်ဖို့ အာရှ ဗုဒ္ဓဘာသာ အသင်းကြီး ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ခြေလှမ်းကောင်းတခု ဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

အသင်းကြီးတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ နီပေါ၊ အန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ထေရဝါဒနှင့် မဟာယန ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ ပါဝင်ကြကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading