ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တရားရုံးတွင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၄ဦး ရုံးထုတ်ရာတွင် သတင်း မီဒီယာများကို ဝင်ခွင့်ကတ်များ ထုတ်ပေးခဲ့သော်လည်း သတင်းရယူခွင့် ကန့်သတ်ခံရသည်။
လက်နက်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးခံထားရသည့် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၄ ဦးကို ယနေ့ နေ့လယ် ပိုင်းက လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ (မူး/စိတ်) တို့ဖြင့် ရုံးထုတ် တရားစွဲတင်ခြင်း ဖြစ်သည်။
အမှုရုံးထုတ်တွင် သာကေတမြို့နယ် တရားရုံးအနေဖြင့် သတင်းမီဒီယာသမားများ တရားရုံးအတွင်း ဝင်ရောက်ခြင်း မပြုနိုင်ရန် ခြံဝန်းတံခါးအား သော့ခတ်ထားခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းအား ရုံးထုတ်မထုတ်ကိုပင် ညနေ ၅ နာရီအထိ အတည်ပြု ဖြေကြားခြင်းလည်း မရှိခဲ့ပေ။
ရုံးထုတ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ဖြိုးပိုပို၊ ချမ်းငြိမ်းအောင်၊ စိုးမြင့်ကျော်နှင့် ကျော်ချမ်းငြိမ်းတို့ကို လက်နက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် တရားစွဲတင်ခဲ့သည့် အပြင် ဖြိုးကိုကိုတင့်ဆန်းအား မူး/စိတ် ပုဒ်မ ၁၆(ဂ)ဖြင့် လည်းကောင်း၊ ဖြိုးပိုပိုအား မူး/စိတ်ပုဒ်မ ၁၅ တို့ဖြင့် ထပ်မံ တရားစွဲတင်ခဲ့ကြောင်း သာကေတအမှတ် ၁ ရဲစခန်း မှ သိရသည်။
သာကေတ အမှတ် ၁ ရဲစခန်း တာဝန်ရှိသူ တဦးက “ဒီနေ့ထုတ်မှာ ၄ ဦးပဲပါတယ်၊ ကျော်ချမ်းငြိမ်း ဆိုသူက ထွက်ပြေး နေဆဲပဲ။ သူ့ကို တရားခံပြေး အနေနဲ့ စုံစမ်းနေတုန်းပါ”ဟု ပြောပြသည်။
အမှုနှင့်ပတ်သက်၍ တရားရုံးမှ တုံ့ပြန်ဖြေကြားပေးခြင်း မရှိခဲ့သော်လည်း အမှုအား ဆက်လက ်စစ်ဆေးရန် ဇန်နဝါရီ ၁၂ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုထားကြောင်း သာကေတရဲစခန်းမှ သိရသည်။
ဖြိုးကိုကိုတင့်ဆန်းနှင့် ACE ဟိုတယ်မှ အမျိုးသား ၂ဦးကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော် လေဆိပ်တွင် လက်နက်၊ မူးယစ်ဆေးဝါးများဖြင့် စတင်ဖမ်းမိခဲ့ပြီးနောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် နေပြည် တော် နှင့်ရန်ကုန်ရှိ ဟိုတယ်နှင့် ရုံး နေအိမ်များတွင် လက်နက်နှင့် မူးယစ်ဆေးဝါးတချို့ ဆက်လက်ဖမ်းမိခဲ့ပြီး ပါဝင် ပတ်သက်သူ ၁၅ ဦးအား ပုဒ်မပေါင်း ၁၇ ခုဖြင့် အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။
အမှုနှင့်ပတ်သက်၍ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၈ ဦးကို ဇန်နဝါရီ ၃ ရက်နေ့ကလည်း နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့ဖြင့် ထပ်တိုး အရေးယူ ခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်း အမှုအား လက်ရှိတွင် မှုခင်းတပ်ဖွဲ့ (CID) မှ လွဲပြောင်း စစ်ဆေးလျက်ရှိပြီး နေပြည်တော်တွင် အမှု ၁၀ မှု၊ ရန်ကုန်မြို့တွင် အမှု ၇ မှု စုစုပေါင်း အမှု ၁၇ မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။