ဖိလစ်ပိုင်နိုင်ငံက မေယွန်မီးတောင်ဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း သို့မဟုတ် ရက်ပိုင်း အတွင်းမှာပင် ပေါက်ကွဲမယ့် အန္တရာယ်ရှိနေကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် သဘာဝဖြစ်စဉ်များ လေ့လာရေး ဌာန အကြီးအကဲက ယနေ့ပြောလိုက်ပါတယ်။
အယ်လ်ဘေးပြည်နယ် အလယ်ပိုင်းက ၂၄၆၂ မီတာမြင့်တဲ့ အဲ့ဒီမီးတောင်ဟာ ကတော့ပုံသဏ္ဍန် ဖြစ်နေတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရွှံရည်ပူနဲ့ ပြာပူတွေ၊ ကျောက်ခဲတွေကို မှုတ်ထုတ်လာတဲ့အတွက် အနီးက ကျေးရွာတွေမှာ နေတဲ့ ဒေသခံ ၃ထောင်ထက်မနည်း ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
တနင်္ဂနွေနေ့ကတော့ မီးတောင်ခေါင်းဝမှာ အနီရောင်အခိုးများနဲ့ တောက်လောင်လာပြီး၊ ချော်ရည်ပူ တွေ စီးကျတဲ့ အရိပ်အယောင်တွေကြောင့် ဖိလစ်ပိုင်လေကြောင်း အာဏာ ပိုင်တွေဟာ လီဂက်ဇ်ပီမြို့ အနီး ဆင်းသက်မည့် စီဘူး ပစိဖိတ်လေကြောင်းခရီးစဉ်ကို ပိတ်ထားလိုက်ပါတယ်။
မေယွန်မီးတောင်ဟာ ၁၈၄၁ ခုနှစ်မှာ ပေါက်ကွဲကာ ချော်ရည်ပူများ စီးကျလာတဲ့အတွက် လူပေါင်း ၁၂၀၀ ခန့်သေဆုံးကာ တမြို့လုံးလည်း ချော်ရည်ပူတွေ အောက် ရောက်ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ် ကလည်း ချော်ရည်ပူတွေ မှုတ်ထုတ်တဲ့အတွက် လူပေါင်းထောင်ချီပြီး နေရာရွှေ့ခဲ့ရပါတယ်။
ယခုအခါ ရက်ပိုင်းအနည်းငယ်အတွင်းမှာ မီးတောင်ပေါက်ကွဲမှုဖြစ်နိုင်တဲ့အတွက် မီးတောင်အနီး တဝိုက် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက်ပြီး အမြဲတမ်း အန္တရာယ်ဇုန်ကိုလည်း ၆ကီလိုမီတာမှ ၇ ကီလိုမီတာကို တိုးမြှင့်လိုက်ကာ လူအများ ရှောင်ရှားဖို့ နိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက မောင့်အက်ဂွန် မီးတောင် ဟာလည်း ပေါက်ကွဲခဲ့ပါတယ်။