သတင်း

ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှု AA နှင့် မဆိုင်ဟု ငြင်းဆို

Want create site? Find Free WordPress Themes and plugins.

အစိုးရက စွပ်စွဲသကဲ့သို့ ရခိုင်ပြည်နယ်ရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံသတ်ဖြတ်မှု တွင် ရက္ခိုင့် တပ်မတော် (AA) ပါဝင်ခြင်း မရှိဘဲ တရားခံအဖြစ် ဖမ်းဆီးထားသူ ၂ဦးကိုလည်း မသိရှိကြောင်း AA က ငြင်းဆိုလိုက်သည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “အခု အစိုးရ ထုတ်ပြန်ထားတဲ့ စွပ်စွဲထားသလိုမျိုး ကျနော်တို့ က လုပ်တယ်ဆိုတာမျိုးက လုံးဝ မဟုတ်ဘူး။ ဘိုဘိုမင်းသိုက် အသတ်ခံရတဲ့ ကိစ္စက ကျနော်တို့နဲ့ မသက်ဆိုင်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဇန်နဝါရီလ ၃၀ ရက်က မြောက်ဦးမြို့မှ စစ်တွေမြို့ သို့ ခရီးသွားရာလမ်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီးတွင် ဦးဘိုဘိုမင်းသိုက် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်သည် ဇန်နဝါရီလ ၁၆ ရက်က မြောက်ဦးမြို့နယ်အတွင်း အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားပြီး အရပ်သားများ သေဆုံးချိန်တွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထား သူလည်း ဖြစ်သည်။

ထို့ကြောင့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မြောက်ဦးမြို့နယ်သို့ ၎င်းကို ခေါ်ယူစစ်ဆေးရာ အပြန်လမ်းတွင် အသတ်ခံရခြင်း ဖြစ်သည်။

အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံသတ်ဖြတ်ရန် တရားမဝင် လက်နက်ကိုင် အဖွဲ့ဖြစ် သည့် AA က ကြိုတင် ကြံစည်ပြီး လုပ်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိထားသည်ဟု ဖေဖော်ဝါရီလ ၅ ရက်က သတင်း ထုတ်ပြန် ထားသည်။

ဦးဘိုဘိုမင်းသိုက် အသတ်ခံရခြင်း အကြောင်းရင်းမှာ မြောက်ဦးတွင် အရပ်သားများ သေဆုံးခဲ့သည့် ပဋိပက္ခ အပါ အဝင် ၂၀၁၇ ခုနှစ် ဧပြီလ ၈ ရက်က မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ရက္ခိုင့် တပ်မတော် ဖလား (AA Cup) ဘောလုံးပြိုင်ပွဲ ပြုလုပ်ရန် အတွက် ဒေသခံများမှ ဆိုင်းဘုတ်တင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဥပဒေနှင့် မညီသဖြင့် တားဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ် ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ခြင်းတို့ကြောင့် မကျေနပ် ချက် ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်များက အမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၄၄၀ ၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ပြီး စုံစမ်းရာ မြောက်ဦး မြို့နယ် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (ခ) ခိုင်ကျော်၏ လိုင်စင်မဲ့ယာဉ် တွင် ဇန်နဝါရီလ ၃၀ ရက်က ဦးဘိုဘိုမင်းသိုက် အပါအဝင် အခြားအမျိုးသား ၃ဦး အတူစီးနင်း လိုက်ပါသွားသည်ကို စုံစမ်း သိရှိရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်းအရ လိုက်လံစုံစမ်းရာ ရန်ကုန်မြို့တွင် ဦးကျော်မြင့် (ခ) ခိုင်ကျော် နှင့် ဇနီး၊ သားဖြစ်သူ ဦး မင်းသန်းဌေး(ခ) မင်းသန်းထိုက်နှင့် ဇနီးတို့ကို ဖမ်းဆီးစစ်ဆေးရာ ဦးကျော်မြင့် (ခ) ခိုင်ကျော် နှင့် ဦးမင်းသန်းဌေး (ခ) မင်းသန်းထိုက်တို့ ၂ဦးသည် ဦးဘိုဘိုမင်းသိုက်ကို သတ်ကြောင်း စစ်ဆေးချက်တွင် ပေါ်ပေါက်သည်ဟုလည်း ထုတ်ပြန် ချက်တွင် ရေးသား ထားသည်။

၎င်းတို့ပိုင် HONDA Isight အဖြူရောင်ယာဉ်(၁)စီး၊ မြန်မာ ငွေသား ကျပ်သိန်း ရှစ်ရာ ငါးဆယ်ကျော် (၈၅,၀၃၄,၆၀၀)၊ ငွေရောင်ပစ္စတို (၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ ၉မမ ကျည်(၉) တောင့်၊ ဘဏ်ငွေစု စာအုပ် (၄)အုပ်နှင့် စာအုပ် လက်ကျန် ငွေ ကျပ် သိန်း ငါးထောင် ရှစ်ရာကျော် (၅၈၇၁.၆၁) သိန်း၊ ယာဉ်မှတ်ပုံတင် စာအုပ် (၁)အုပ်၊ ယာဉ်အာမခံ စာအုပ်(၁)အုပ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃)ခု၊ ဦးကျော်မြင့် ၏ မောင်တောကုန်သည်များ အသင်းဝင်ကတ် (၁)ခု၊ မောင်တော ယာယီနယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ် (၂)ခု၊ ဘဏ် ငွေလွှဲ လက်မှတ်လက်ခံ(၃)စောင်၏ ကျပ် သိန်း ၁၁၀ ၊ ရွှေလက်ကောက် (၇)ကွင်း၊ ရွှေဆွဲကြိုး(၁)ကုံး၊ လက်ကိုင်ဖုန်း (၃)လုံး၊ လက်ကိုင် ပိုက်ဆံအိပ်(၃)လုံး၊ အိမ်ရောင်းဝယ် စာချုပ် (၁)စောင် တို့ကိုလည်း သက်သေအဖြစ် သိမ်းဆည်း လိုက်သည်ဟု သိရသည်။

စစ်ဆေးချက်များအရ ဦးဘိုဘိုမင်းသိုက်ကို သတ်ရန် ကြိုတင်ကြံစည်ခဲ့ခြင်း ဖြစ်ပြီး စပိုင်၊ မျိုးချစ်အောင် နှင့် ဇော်မျိုးအောင် အမည်ရှိ အမျိုးသား ၃ဦးလည်း သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ထားပြ့ီး ထို ၃ဦးသည် လွတ်မြောက် နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ထိုသတ်ဖြတ်မှုကို AA က ခိုင်းစေခဲ့ခြင်း ဖြစ်ပြီး ယခု ဖမ်းမိထားသူ ၂ဦး ဦးကျော်မြင့် (ခ) ခိုင်ကျော် နှင့် ဦးမင်းသန်းဌေး (ခ) မင်းသန်းထိုက် တို့သည် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်သို့ သယ်ယူ ရောင်းချပြီး ရရှိသည့် ငွေကြေး များဖြင့် လက်နက်များ ဝယ်ယူ၍ AA ကို ပေးပို့နေသူများ ဖြစ်သည်ဟုလည်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မူးယစ်ဆေးဝါး WY ဆေးပြား ၄၄ သိန်း ရောင်းချမှုမှ ရရှိသည့် ငွေကြေးများဖြင့် ၂၀၁၇ ခုနှစ်အတွင်း ပစ္စတို ၄ လက်၊ M 16 ၁၉ လက် နှင့် ကျည်ဘောက် ၄၆ ခု၊ ကျည်တောင့် ၆၀၅၀ တို့ကို မန္တလေးမြို့နှင့် မြဝတီမြို့မှ ဝယ်ယူကာ AA သို့ ပေးပို့ ဖူးသည် ဟုလည်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ဖတ်ပြီးကြောင်း၊ ယခု အမှုသည် AA ဘက်က မကျူးလွန်ဘဲ အစိုးရဘက်က စနစ်တကျ သေချာ ပြင်ဆင်ကာ အကွက်ချ စွပ်စွဲခြင်း ဖြစ်ကြောင်း ပြောသည်။

ဦးခိုင်သုခက “သူတို့ ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်နာမည်တွေ ကျနော်တို့ဘက်က ဘာမှ ဆက်စပ်တာ မရှိဘူး။ နောက်တခု တက်တက်စင် လွဲနေတာက သူတို့ဖော်ပြထားတဲ့ လက်နက် အမျိုးအစားတွေ။ ကျနော်တို့ ရက္ခိုင့်တပ်မတော် တိုက် ခိုက် ရေး တပ်ဖွဲ့တွေက M16 လက်နက် အမျိုးအစား မသုံးဘူးဗျ။ အဲ့ဒါက တော်တော်လေး လွဲနေတဲ့ ကိစ္စဖြစ်တယ်” ဟု ပြောသည်။

ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံ သတ်ဖြတ်သူ များသည် ဇန်နဝါရီလ ၁၆ ရက်က ရခိုင်လူငယ်များ မတရား အသတ်ခံရမှု အပေါ် တွင် မကျေနပ်သည့် လူတစုက သတ်ဖြတ်ခြင်း ဖြစ်နိုင်သလို အစိုးရဘက်က မြောက်ဦးတွင် အရပ်သားများကို သတ်သည့် ဖြစ်စဉ်ကို ဖုံးကွယ်လိုခြင်းကြောင့် သတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ယူဆသည်ဟု ဦးခိုင်သုခက ပြောဆို သည်။

ဆက်လက်ပြီး ဦးခိုင်သုခက “ဒါပေမယ့် အခုလို ရှုပ်ထွေးနေတဲ့ ကာလမှာတော့ ဘယ်သူ လုပ်တယ်လို့ အတိကျ ပြော ဖို့က တော့ ခက်တယ်။ ပြောမယ်ဆို AA က လုပ်စရာ မလိုပါဘူး။ AA မလုပ်လည်း ဖိနှိပ်မှုတွေကို မတရားမှုတွေ ရှိနေ တဲ့ နေရာမှာ တော့ ခေါင်းငုံ့မခံချင်တဲ့ အုပ်စုတွေက လုပ်မှာပဲ”ဟုလည်း ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာနကမူ ဦးဘိုဘိုမင်းသိုက် အမှုနှင့် ပတ်သက်သည့် ကွင်းဆက်များကို ဆက်လက်စုံစမ်း ဖော် ထုတ် ပြီး ကွင်းဆက် တရားခံများကို ဖမ်းဆီးကာ သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူသွားမည်ဟု သတင်း ထုတ်ပြန် ထား သည်။

ဇန်နဝါရီလ ၁၆ ရက်က ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနား ကျင်းပခွင့် မရခြင်းကြောင့် ဒေသခံများက မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး ရှေ့တွင် ကြွေးကြော်သံများ အော်ဟစ်ပြီး ဆန္ဒပြရာ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် ရခိုင်လူငယ် ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရထားကာ ဒဏ်ရာရထားသူများထဲမှ ၈ ဦးကိုလည်း အစိုးရက ဖမ်းဆီး၍ စစ်တွေ အကျဉ်းထောင်တွင် ချုပ်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading