သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် လူအများစုနှင့် မွတ်စလင် လူနည်းစု အသိုင်းအဝိုင်းတို့ကြား ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုများ ယမန်နေ့က ဖြစ်ပွားခဲ့ပြီးနောက် လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက် ကျယ်ပြန့်လာမှု မရှိစေရန် အာဏာပိုင်များက နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာချက်ကို ၁၀ ရက်တိတိ ထုတ်ပြန်လိုက်သည်။
ယခင်နှစ်များကပင် သီရိလင်္ကာနိုင်ငံတွင် နှစ်ဖက် အသိုင်းအဝိုင်းများကြား တင်းမာမှု မြင့်တက်နေခဲ့ပြီး သဘောထား တင်းမာသော ဗုဒ္ဓဘာသာဝင် အုပ်စုတချို့က မွတ်စလင်များကို အစ္စလာမ်ဘာသာသို့ အတင်းအကျပ် သွတ်သွင်းခြင်းနှင့် ဗုဒ္ဓဘာသာ ရှေးဟောင်းနေရာများအား ဖျက်ဆီးခြင်းတို့နှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်ခဲ့ကြသည်။
ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပေါ်ပေါက်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံမှ ခိုလှုံခွင့်ရှာနေသည့် မွတ်စလင် ရိုဟင်ဂျာများ သီရိလင်္ကာတွင် ရောက်ရှိနေခြင်းကိုလည်း ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီ တချို့က ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
“နှစ်ဖက် အသိုင်းအဝိုင်းကြား အဓိကရုဏ်းတွေ ကျယ်ပြန့်လာတာကို တားဆီးဖို့ အတွက် ၁၀ ရက် အထိ အရေးပေါ် ကြေညာချက် ထုတ်ဖို့ အစိုးရအဖွဲ့ အထူးအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု အစိုးရ ပြောခွင့်ရသူ ဒေဟာသီရိဂျာယာစီကရာ (Dayasiri Jayasekara) က ပြောသည်။
အချို့က ဖေ့စ်ဘုတ် လူမှုကွန်ရက်မှ အကြမ်းဖက်မှုသွေးထိုးလှုံ့ဆော်ခြင်းများ ပြုလုပ်နေသဖြင့် သတိပေးထားကြောင်း ၎င်းက ပြောသည်။
အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ ကျွန်းနိုင်ငံ ဖြစ်သည့် သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန္ဒီခရိုင်တွင် မွတ်စလင် ၄ ယောက် လက်ချက်ကြောင့် ဆင်ဟာလီ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းမှ သေဆုံးသွားခဲ့သည့် ကုန်တင်ယာဉ်မောင်းတဦး၏ ဈာနပအပြီးတွင် ယင်းကဲ့သို့ တိုက်ခိုက်မှု အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ပြောသည်။
တနင်္လာနေ့က အဆိုပါ ကုန်တင်ယာဉ်မောင်း ဈာပန အပြီးတွင် ဆင်ဟာလီ အုပ်စုတစုက မွတ်စလင်ဆိုင်များကို ဖျက်ဆီးခဲ့သည် ဟု ဆိုသော်လည်း ကနဦး ခိုက်ရန်ဖြစ်ပွားခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရဲက ပြောသည်။
မွတ်စလင်လူငယ်တဦး၏ အလောင်းကို မီးလောင်ထားသော အိမ်တအိမ်အတွင်းမှ အင်္ဂါနေ့ အစောပိုင်းက တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောသည်။
သီရိလင်္ကာလူဦးရေ ၂၁ သန်းတွင် မွတ်စလင်များက ၉ ရာခိုင်နှုန်းရှိသည်။ ဗုဒ္ဓဘာသာဝင်အရေအတွက် လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ဖြစ်ပြီး ဟိန္ဒူဘာသာဝင် တမီလ်တိုင်းရင်းသားမှာ ၁၃ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။
အဓိကရုဏ်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များကို အစိုးရက စေလွှတ်ထားပြီး သတ်မှတ်ချိန်အတွင်း အပြင် မထွက်ရ အမိန့် (ကာဖြူး) ထုတ်ထားသည်။ ကာဖြူးအမိန့်ကို ကန္ဒီရှိ ခရိုင်နှစ်ခု၌ အင်္ဂါနေ့တွင် ထုတ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဟိန္ဒူ တမီလ်ခွဲထွက်ရေး သူပုန်များကြောင့် ၂၆ နှစ်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို အစိုးရက ၂၀၀၉ ခုနှစ်တွင် အဆုံးသတ် နိုင်ခဲ့သည်။
မွတ်စလင်အသိုင်းအဝိုင်း အနေဖြင့် အကြမ်းဖက်မှုများ အတွက် ရံဖန်ရံခါ ဖမ်းဆီးခြင်း ခံရသော်လည်း ယင်းဒေသရှိ မွတ်စလင် အများစု သည် ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ရှောင်ရှားလေ့ရှိသည်။
ကိုးကား ။ ။ Reuters