ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရန် စီမံကိန်းရေးဆွဲထားသည့် ဈေး ၅ ဈေး အပါအဝင် ဘဏ္ဍာငွေ အသုံးစာရင်းအပေါ် ပြည်နယ်လွှတ်တော်က ငြင်းပယ်ခြင်း ၊ လျှော့ချခြင်းများ ပြုလုပ်ကာ ၆ ဘီလီယံကျော် ( သန်းပေါင်း ၆၁၆၂ ဒသမ ၀၅၇ ) ဖြတ်တောက်လိုက်သည်။
ဧပြီလ ၆ ရက်နေ့ ပြုလုပ်သည့် ဒုတိယ အကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ယင်းသို့ အစိုးရအဖွဲ့၏ တင်ပြထားသော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရခိုင်ပြည်နယ်ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ ငွေစာရင်းအပေါ် စိစစ်ပြီး ယင်းသို့ လုပ်ငန်းအသုံးပြုမည့် ငွေများကို ငြင်းပယ် ခြင်း၊ လျှော့ချခြင်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်က ငြင်းပယ်၊ လျော့ချ လိုက်သည့် လုပ်ငန်းများမှာ သုံးထပ် ဈေးကြီး ၅ ဈေး တည်ဆောက်ခြင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း၊ လမ်းဦးစီးဌာန၏ လမ်းဖော်လုပ်ခြင်း၊ စည်ပင်သာယာရေး အဖွဲ့၏ လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
“အစိုးရဘက်က တင်ပြလာတဲ့ အခါ ပထမ လွှတ်တော်နဲ့ ညှိနိုင်းထားတဲ့ မူလအဆိုုပြုထားတာတွေမှာ မပါတဲ့ လုပ်ငန်းတွေ ထည့်ပါလာတယ်။ နောက်တခါ လုပ်ငန်းတွေက အမှန်တကယ် ကုန်ကျမှာထက် ပိုမိုပြီး ငွေကြေးတောင်းခံထားတာတွေ ပါတယ်။ ပြီးတော့ လွှတ်တော်ကို လုံးဝ အသိမပေးဘဲနဲ့ လုပ်နေတဲ့ ဈေး ၅ ဈေးက ထပ်ပါလာတယ်။ ဖြစ်ရတာကတော့ ညှိနိုင်းမှုက အရမ်းအားနည်းတယ်။ နောက်တစ်ခါ အတ္တများတဲ့ ပုဂ္ဂိုလ်တွေ များတဲ့အခါကျ လုပ်ရကိုင်ရတာ အဆင်မပြေဘူး” ဟု ရမ်းဗြဲ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းမောင်ဦးက ဧရာဝတီသို့ ပြောသည်။
ယင်းဈေး ၅ ဈေး တည်ဆောက်မည့်ကိစ္စအား လွှတ်တော်တွင် ငြင်းပယ်သင့်ကြောင်း တင်ပြခဲ့သည့် စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ၎င်းဈေး ၅ ဈေးကိစ္စကြောင့် ယခင်တာဝန်ထမ်းဆောင်ခဲ့သော စည်ပင်ဝန်ကြီး ဦးမင်းအောင်အား စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ရပြီ ဖြစ်ကြောင်း၊ ယခုလည်း ဈေးကိစ္စအား ထပ်မံပါလာခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဈေးဆောက်မည့် ကုန်ကျစရိတ်အား အမှန်တကယ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးပြုမည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍများတွင် အသုံးပြုသင့်ကြောင်း ထင်မြင်သည့်အတွက် ငြင်းပယ်ရန် တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးအေးသိန်းက “လွှတ်တော်ကို တင်ပြခြင်း မရှိဘဲ လေလံခေါ်ပြီး သူတို့ဟာ သူတို့ ဘယ်က ငွေရပြီး ဆောက်မှန်းမသိ ဆောက်တယ်။ လုပ်ချင်ခဲ့တဲ့ ဈေးကိစ္စကြောင့် ဝန်ကြီး တပါးကို စွပ်စွဲပြစ်တင်ပြီး ပြုတ်ရပြီးပြီ။ အခုလည်း အဲဒီဈေးက ထပ်ပါလာတယ်။ ဒါမဖြစ်သင့်ဘူး ။ တကယ်ဒေသ ဖွဲ့ဖြိုးရေးအတွက်လုပ်မယ်ဆိုရင် လယ်ယာစိုက်ပျိးရေးတွေကိုသာ ဦးစားပေး လုပ်သင့်တဲ့အတွက် ငြင်းပယ်ဖို့ တင်ပြခဲ့တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ဈေးဆောက်လုပ်မည့် စီမံကိန်း အပါအဝင် လွှတ်တော်က သဘောတူညီမှု မရရှိသည့် လုပ်ငန်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ / ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက “စီမံကိန်းဆိုတာက အစိုးရက ရေးဆွဲတာပြီး လွှတ်တော်ကို အတည်ပြုဖို့ တင်သွင်းတာ ဖြစ်ပါတယ်။ လွှတ်တော်က သူ့တို့ ဥပဒေ လုပ်ထုံး၊ လုပ်နည်းအတိုင်း ဖြတ်တောက်တာ၊ လျှော့ချတာ လုပ်လို့ပါတယ်။ ဒါကတော့ လွှတ်တေ်ာအပိုင်းပါ။ ဒီဈေးဆိုတာကလည်း အစိုးရက လုပ်သင့်တယ်ထင်လို့ ဆုံးဖြတ်ပြီး လုပ်တဲ့ စီမံကိန်းကို အဆိုပြုတင်ပြတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သောကြာနေ့က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်တွင် ယင်းသို့ အစိုးရအဖွဲ့မှ တင်သွင်းထားသည့် ၂၀၁၈ ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အတွက် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့၏ တင်သွင်းခြင်းအပေါ် ငွေစာရင်း စိစစ်ကာ အမ်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် ၊ ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် ( ခ ) ဦးမောင်သန်း စိန် ၊ စစ်တွေမဲဆန္ဒယ်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းတို့က ၎င်း လုပ်ငန်းများအား လျှော့ချခြင်း၊ ငြင်းပယ်ခြင်းများ ပြုလုပ်ရန် တင်ပြခဲ့ကြသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် သဘောထား ဆန္ဒခံယူရာ တောင်ကုတ်မဲဆန္ဒယ်နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်က ကန့်ကွက်ခဲ့သည့်ခဲ့သော်လည်း ကိုယ်စား လှယ်အများစုက သဘောတူခဲ့သဖြင့် ငြင်းပယ်ခြင်း၊ လျှော့ချခြင်းများ ပြုလုပ်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
လွှတ်တော်က ငြင်းပယ်လိုက်သော စစ်တွေ ၊ ကျောက်တော် ၊ တောင်ကုတ် ၊ ဂွ ၊ ရမ်းဗြဲ စသည့် သုံးထပ် ဈေးကြီး ၅ ခုမှာ တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် စည်ပင်ဝန်ကြီး တာဝန်ထမ်း ဆောင်စဉ် လေလံခေါ်ပြီး တင်ဒါ ပေးခဲ့သော ဈေးများဖြစ်ပြီး တချို့ စတင် ဆောက်လုပ်နေပြီဖြစ်သည်။