ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ ညှိနှိုင်း အဖြေရှာနိုင်ရန် အတွက် အပေးအယူ၊ အလျှော့အတင်း ပြုလုပ်လိုသည့် စိတ်ဆန္ဒ အထူး အရေးကြီးသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဒု ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောကြားသည်။
နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ဇူလိုင် ၈ ရက်က ပြုလုပ်သော ၁၆ ကြိမ်မြောက် UPDJC အစည်းအဝေးတွင် ယင်းသို့ ပြောခြင်း ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဦးကျော်တင့်ဆွေက “ဒီစေ့စပ် ညှိနှိုင်း အဖြေရှာခြင်း သဘောတရားကို နှလုံးသွင်းပြီး အပေးအယူ အလျှော့အတင်းတွေ ပြုလုပ်လိုတဲ့ စိတ်ရင်း ဆန္ဒရှိကြဖို့ အထူး အရေးကြီး ပါတယ်။ ဒါမှလည်း နိုင်ငံရေး ဆွေးနွေးပွဲကနေ ကျနော်တို့ ညှိနှိုင်း အဖြေရှာနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ယခု UPDJC အစည်းအဝေးသည် လုပ်ငန်း ကော်မတီများမှ ပြန်လည် တင်ပြလာသည့် အခြေခံမူ အဆိုပြုချက်များကို ညှိနှိုင်း ဆွေးနွေးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဆက်လက် တင်ပြရမည် ဖြစ်၍ အထူး အရေးကြီးကြောင်း၊ အစု အဖွဲ့များ ကွဲပြားသော်လည်း နားလည်မှုရှိစွာ ပူးပေါင်း ဆောင်ရွက်ရန် အလွန် အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့် နိုင်ငံရေး စိတ်ရင်း ဆန္ဒကို အခြေခံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ဆိုင်ရာ အခြေခံမူများကို ချဉ်းကပ်ကြရန် လိုကြောင်း၊ ကွဲပြားမှုများမှ တူညီမှုများကို ရှာဖွေကာ ဘုံတူညီချက်များ ချမှတ်ရာ၌ အစုအဖွဲ့ အားလုံး အနေဖြင့် မိမိတို့ မျှော်လင့်သလို ရာနှုန်းပြည့် ရနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
ဦးကျော်တင့်ဆွေ က “ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပေးဖို့၊ ဒီလို ဖန်တီးပေးအောင်လည်း သက်ဆိုင် ရာ ခေါင်းဆောင်တွေ ဆီက ယတိပြတ် မူဝါဒမျိုး မဟုတ်ဘဲ ရွေးချယ်စရာ နည်းလမ်း၂ ခု သို့မဟုတ် ၃ ခု စသဖြင့် သယ် ဆောင် လာကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ကြိုးပမ်းရာ၌ UPDJC သည် ဆွေးနွေး ညှိနှိုင်းရာတွင် သည်းခံခြင်း၊ နားလည်မှု ရှိခြင်း၊ အမျှော် အမြင်ရှိခြင်း တို့ဖြင့် ဆောင်ရွက်စေလိုကြောင်း၊ အခက်အခဲများကို အလျှော့အတင်း အပေးအယူ ပြုလုပ်ကာ သဘော တူညီချက်ရအောင် လုပ်နိုင်သည် ဆိုသည့် အမြင်ကို ပြည်သူလူထု ရစေလိုကြောင်း UPDJC ဒု ဥက္ကဋ္ဌ ဦးသုဝေ က လည်း ပြောကြားသည်။
UPDJC ဒု ဥက္ကဋ္ဌ တဦးဖြစ်သူ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း ကလည်း ပြည်ထောင်စုကြီး၏ ပြဿနာကို အတူ တကွ ဖြေရှင်းနိုင်ရန် အတွက် ဝိုင်းဝန်း အဖြေရှာရန် တိုက်တွန်းလိုကြောင်း၊ လုပ်ငန်း ကော်မတီ အသီးသီးက တင်သွင်း လာမည့် အဆိုပြုလွှာများကို ညီလာခံကို တင်သွင်းနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ အစုအဖွဲ့ ၃ ဖွဲ့ပုံစံမျိုး မဟုတ်ဘဲ ကော်မတီတခုက တိုင်းပြည် ပြဿနာကို အတူတကွ အဖြေရှာကြသည့် ပုံစံမျိုးဖြင့် စိတ်ရှည်လက်ရှည် ဆွေးနွေးစေလို ကြောင်း ပြောကြားသည်။
“ကျနော်တို့ လက်ရှိ အနေအထားအရကတော့ လုပ်ငန်းကော်မတီ အသီးသီးက သဘောတူ စုစည်းချက်များ ရရှိတာ တော် တော် လေး နည်းပါးသေးတယ်လို့ ကြားရပါတယ်။ ကျနော်တို့ ရှေ့မှာ ရောက်ရှိလာမယ့် ဒီအဆိုပြုလွှာ အားလုံးကို ဒီမှာ ကျေကျေ လည်လည် ညှိနှိုင်းပြီးတော့ သဘောတူနိုင်ရင် ကျနော်တို့ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ ရလဒ် ကောင်းထွက်တဲ့ ငြိမ်းချမ်းရေး ညီလာခံကြီး ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီ အစည်းအဝေးမှ ရရှိသည့် အခြေခံမူ အဆိုပြုချက် ၃၀ ကျော် ကို ဇူလိုင်လ ၈ ရက်က ကျင်းပသည့် UPDJC အစည်းအဝေးတွင် ဆက်လက် ဆုံးဖြတ်ကာ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။