လာဘ်ပေးလာဘ်ယူ ကိစ္စများတွင် လာဘ်ပေးသူများကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်သော်လည်း တိုင်ကြားသူမရှိ၍
အရေးယူနိုင်ခြင်းမရှိသေးဟု အဂတိလိုက်စားမှုှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွှန့်က ဇူလိုင် ၃၀ရက်က မီဒီယာများကို ပြောသည်။
“လောလောဆယ်တော့ ပေးသူယူသူမှာ ယူတဲ့သူတွေပဲ တရားခံဖြစ်တာများနေတယ်။ ပေးတဲ့တရားခံကိုတော့ ဥပဒေသစ်ပေါ်ပြီးနောက်မှာ တယောက်မှ တရားစွဲတာ မရှိသေးဘူး” ဟု ဦးဟန်ညွှန့်က ပြောကြားသည်။
၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်အဖြစ်ပြင်ဆင်ခဲ့ြ့ပီး ယင်းဥပဒေတွင် ပေးသူ၊ ယူသူ နှစ်ဦးစလုံးကို အရေးယူနိုင်ရန် ပုဒ်မ ၃(က)တွင် တိကျစွာ ပြင်ဆင်ပြဌာန်းထား သည်ဟု ၎င်းကဆိုသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(က)တွင် အဂတိလိုက်စားမှုဆိုသည်မှာ “မည်သူမဆို ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ တစုံတရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့် အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တဦးတယောက်အား ဥပဒေနှင့် အညီရထိုက်သော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တဦးတယောက်အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း၊ သို့မဟုတ် တဦးတယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တနည်းနည်ဖြင့် ပြုလုပ်ခြင်း” ဟု ဖွင့်ဆိုပြဌာန်းထားသည်။
လာဘ်ပေးသူအား တိုင်ကြားရာတွင် လာဘ်အပေးခံရသူက သဘောတူလက်ခံခြင်းမပြုဘဲ တိုင်ကြားနိုင်သ ကဲ့သို့ ပေးသူနှင့် ယူသူ သဘောတူကျေနပ်သည့် အခြေအနေတွင် အခြားနစ်နာသူ မည်သူမဆို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ခိုင်မာသော သက်သေအထောက်အထားများဖြင့် နှစ်ဘက်စလုံးကို အရေးယူရန် တိုင်ကြားနိုင်ကြောင်း သိရသည်။
“ပေးသူနဲ့ ယူသူမှာ ယူတဲ့သူကိုယ်တိုင်က သဘောမတူဘူးဆိုရင် ပေးတဲ့သူကို တိုင်ချက်ဖွင့်လို့ရတယ်။ ပေးတဲ့သူက တရားခံဖြစ်သွားတယ်။ ယူတဲ့က သဘောတူလက်ခံလိုက်တယ်ဆိုရင် ပေးသူ၊ ယူသူ နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်။အဲဒီအချိန်မှာ third party တယောက်ယောက်က ပေးတဲ့သူ ယူတဲ့သူကို ပေးသူယူသူ ပုဒ်မနဲ့ တရားစွဲလို့ ရတယ်။ နစ်နာသူမည်သူမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဆွဲချင်ဆွဲမယ်။ နိုင်ငံတော်ကလည်း ဆွဲချင်ဆွဲမယ်။ ပုဂ္ဂလိက ကလည်း ဆွဲချင်ဆွဲမယ်” ဟု ဦးဟန်ညွှန့်က ရှင်းပြသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ လာဘ်ပေးသူ၊ လာဘ်ယူသူအပြင် တားဆီးခြင်းမပြုဘဲ အားပေး ကူညီသူများကိုလည်း ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ အမှုအမျိုးအစားအလိုက် ကျူးလွန်ကြောင်း ပေါ်ပေါက်ချက် အပေါ်မူတည်ကာ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ်၊ ၁၅ နှစ်စသည်ဖြင့် ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။
အချို့ကိစ္စများတွင် လာဘ်ပေးသူ၊ လာဘ်ယူသူ နှစ်ယောက်ပေါင်းဆောင်ရွက်ခြင်းကြောင့် အားနည်းသူ တစုံတဦးမှာ ထိခိုက်နစ်နာရခြင်းများရှိ၍ ပေးသူယူသူ နှစ်ဦးစလုံးအား ထိရောက်သောပြစ်ဒဏ်ဖြင့် ဟန့်တားခြင်းမှာ ကောင်းမွန်ကြောင်း၊ လာဘ်ပေးသူနှင့် လာဘ်ယူသူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများထဲမှ လည်း မကျေနပ်၍ ထုတ်ဖော်တိုင်တန်းခြင်းများ ရှိလာနိုင်ကြောင်း ထန်းတပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှွတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက သုံးသပ်ပြောကြားသည်။
“ယခင်ထက်စာရင်တော့ ပိုမိုကောင်းမွန်လာနိုင်တယ်။ အခုလိုဆို လာဘ်ပေးသူရော လာဘ်ယူသူပါ နှစ်ယောက်စလုံး တာဝန်ရှိတယ်လေ” ဟု ဦးနေမျိုးထွန်းက ပြောကြားသည်။
လုပ်ငန်းရှင်တဦးဖြစ်သူ ဒေါက်တာစိုးထွန်းက “ အခုကျင့်သုံးတာလည်း နိုင်ငံတကာလို ပေးသူ၊ ယူသူရော အရေးယူမယ့်သဘောပေါ့။ လာဘ်ပေး လာဘ်ယူက မဖြစ်သင့်ဘူးပေါ့နော်။ ရှိခြင်းအားဖြင့် တိုင်းပြည်အတွက် ထိခိုက်တာပေါ့။ တခုရှိတာက လာဘ်ပေး လာဘ်ယူမှု မရှိအောင်ဆိုရင် ဝန်ထမ်းတွေကို လုံလောက်တဲ့လစာ ချီးမြှင့်ပေးရမယ်ပေါ့နော်။ လက်ရှိမှာ လစာ မလုံလောက်တာကလည်း အဓိကအချက်အနေနဲ့ ရှိနေမယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် စီမံကိန်းကြီးများအတွက် လာဘ်ပေးခြင်းမဟုတ်ဘဲ မိမိတို့ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး အတွက် နားလည်မှုဖြင့် လက်ဖက်ရည်ဖိုးဟုဆိုကာ ပေးရသည့် အခြေအနေအချို့ရှိကြောင်း၊ ဝန်ထမ်းများ၏ လစာ အတွက်လည်း စဉ်းစားပေးသင့်ကြောင်း နေပြည်တော်မှ လုပ်ငန်းရှင်တဦးက သုံးသပ်သည်။
အစိုးရသစ်လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သစ် စတင်တာဝန်ယူသည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြားစာ စုစုပေါင်း ၄၁၁၆ စောင်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၄၁၁၆ စောင်တွင် ကော်မရှင်မှ စစ်ဆေးခဲ့သည်မှာ ၂၂ စောင်၊ စိစစ်ဆဲမှာ ၃၀ စောင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့သို့ လွှွဲပြောင်းပေးသည်မှာ ၁၀၇၅ စောင်၊ အရေးယူဆောင်ရွက်ရန်မရှိသည့် တိုင်ကြားစာမှာ ၂၉၈၉ စောင်ဖြစ်ကြောင်း သိရသည်။
ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောမှုများ ဆောင်ရွက်နေကြောင်း သိရသည်။