ပုဂံ ရှေးဟောင်းနယ်မြေအနေဖြင့် လာမည့် စက်တင်ဘာလတွင် ရောက်ရှိမည့် ကမ္ဘာ့အမွေအနှစ် နေရာ များ ကော်မတီ အဖွဲ့ဝင်များကို ပြသရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံရုံးခွဲက ပြောသည်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)၏ အကြံပေးအဖွဲ့ နိုင်ငံတကာအထိမ်း အမှတ်နှင့် နေရာများဆိုင်ရာကောင်စီ(ICOMOS) သည် ပုဂံသို့လာရောက်၍ ကုလသမဂ္ဂ အေဂျင်စီ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှုနှင့် အကဲဖြတ်လေ့လာမှုများ ဆောင်ရွက်ကြမည်ဖြစ်သည်။
“ကောင်စီက အကြံပြုထားတဲ့ နောက်ဆက်တွဲ အစီရင်ခံစာပါ လိုအပ်ချက်တွေကို ကျနော်တို့ အကုန် ပြင်ဆင်ထားပြီးပါပြီ။ မြေပြင်စစ်ဆေးမှု ခံယူဖို့ ကျနော်တို့အသင့်ပါပဲ” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
ICOMOS က ကွင်းဆင်းလေ့လာ၍ တွေ့ရှိချက်များကို ယူနက်စကိုသို့ တင်ပြမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကျင်းပမည့် ကမ္ဘာ့ အမွေအနှစ်နေရာများ ကွန်ဗင်းရှင်းတွင် ပုဂံကို ရွေးချယ်ရန် စဉ်းစားဆုံးဖြတ် မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပုဂံနယ်မြေကို ယူနက်စကို၏ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းဝင်ရန် ၁၉၉၄ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ပြီးဖြစ်သည်။ သို့သော် အဆိုပါကာလအတွင်းက လျှောက်လွှာမှာ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာအနေအထား သတ်မှတ်မှု လိုအပ်ချက်များကြောင့် ပယ်ချခြင်းခံခဲ့ရသည်။
အထူးသဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များက ယခင်စစ်အစိုးရလက်အောက်တွင် စံချိန်စံညွှန်းမမီခြင်းနှင့် ဖွံ့ဖြိုးရေး အစီအစဉ် များကို မှားယွင်းစွာစီမံခန့်ခွဲခြင်း၊ အစစ်အမှန်မဟုတ်သော ပြန်မွမ်းမံခြင်း ဟူသော စွပ်စွဲမှုများကြောင့် ယူနက်စကိုက ပယ်ချခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာနက ပုဂံကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခွင့်ရရန် ထပ်မံတင်သွင်းခဲ့ပြီး အမည်စာရင်းတင်သွင်းခြင်းလျှောက်ထားချက်ကို ၂၀၁၆ ခုနှစ်တွင် ပေးပို့ခဲ့သည်။
ပုဂံသည် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများအဓိကဆွဲဆောင်ရာနေရာတခုဖြစ်ပြီး ၉ ရာစုနှင့် ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သော စေတီပုထိုးနှင့်သာသနိကအဆောက်အဦပေါင်း ၃၀၀၀ ကျော်ရှိ သည်။
ကုလသမဂ္ဂအဖွဲ့ လာရောက်မည့်ခရီးစဉ်အတွက် ပြင်ဆင်နေသည့်တချိန်တည်းမှာပင် ဝန်ကြီးဌာန အနေဖြင့် ပုဂံမြို့ရှိ ဟိုတယ်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ရှေးဟောင်းနယ်မြေအတွင်း ဟိုတယ်များ တည်ဆောက်ထားမှု ပြဿနာကို အဖြေရှာရန် ဆောင်ရွက်လျက်ရှိသည်။
“နှစ်ဦးနှစ်ဘက် အကျိုးကို ထည့်စဉ်းစားဖို့ လိုတဲ့အတွက် ဟိုတယ်တွေနေရာပြန်ချဖို့၊ ရွှေ့ဖို့ဆိုတာ တွေကို ကျနော်တို့ ချက်ချင်း ဆုံးဖြတ်လို့မရသေးပါဘူး။ ဒါပေမယ့် နိုင်ငံ့အမွေအနှစ် သို့မဟုတ် စီးပွားရေး အကျိုးအမြတ် နှစ်ခုလုံးကို မထိခိုက်မယ့် အဖြေတခုကို ရှာတွေ့မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဦးအောင်အောင်ကျော်က ပြောသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ရှေးဟောင်းမြို့တော်၏သုတေသနနယ်မြေအတွင်း ဟိုတယ်ဇုန် အနေအထား ပြန်ပြင်ရန် သို့မဟုတ် ယင်းတို့ကို ရှေးဟောင်းစေတီပုထိုးများနှင့် ဝေးရာတွင် ပြန်ဆောက်ရန် ဟိုတယ်ရှင်ပိုင်ရှင်များနှင့် ညှိနှိုင်းရလိမ့် မည်ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနက ဆိုခဲ့သည်။
တဆက်တည်းမှာပင် ရှေးဟောင်းသရပါ တံခါးအနီး မြေယာရှုခင်းသစ်ဖန်တီးအပေါ် ဝေဖန်မှုများ လည်း မြင့်တက်လာ လျက်ရှိသည်။ ဦးစီးဌာနအနေဖြင့် သရပါတံခါးအနီးအတွင် မြက်ခင်းစိုက်ရန် စီစဉ်နေပြီး မြက်ခင်းရေလောင်းသည့်စနစ်က မြို့ရိုးအုတ်တံတိုင်းဟောင်းနှင့်ကပ်လျက်ရှိနေရာ မြို့ရိုးဟောင်းကို ထိခိုက်မှုရှိမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြ သည်။
“ဒီတံခါးဟာ သူ့ရဲ့ရှေးဟောင်းပုံစံအတိုင်း တင့်တယ်ပြီးသားဖြစ်ပါတယ်။ မြက်စိုက်ပြီး လူလုပ်တဲ့ အခင်းအကျင်းက ခရီး သွားတွေကို ပိုပြီးဆွဲဆောင်နိုင်မှာ မဟုတ်တဲ့အပြင် ရှေးဟောင်း အုတ်တံတိုင်း ကိုလည်း ဆိုးဆိုးဝါးဝါးထိခိုက် စေနိုင်ပါတယ်” ဟု ဒေသခံ ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ ဦးသူရက ရှင်းပြသည်။
သရပါတံခါး အုတ်တံတိုင်းအောက်ခြေတွင် ရေပိုက်သွယ်တန်းရန်အတွက် တူးဆွနေမှုများက ရှေးဟောင်းလက်ရာ များကြံ့ခိုင်မှု အားနည်းစေမည်ဖြစ်ကြောင်း ဒေသခံများကို ထောက်ပြကြသည်။
“ပုဂံဟာ ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်တဲ့အတွက် မြက်တွေစိုက်ရင် ရေလောင်းဖို့လိုပါမယ်။ အဲဒီက ရေငွေ့စိုထိုင်းမှုက ရှေးဟောင်းအုတ်ရိုးရဲ့ ကြံ့ခိုင်မှုကို ထိခိုက်နိုင်ပါတယ်။ ကျနော်တို့က အာဏာပိုင် တွေကို ပြောပေမယ့် သူတို့က နားမ ထောင်ဘူး။ အဲဒါဟာ ယူနက်စကိုရွေးချယ်ရေးကိစ္စ သက်ရောက် သွားမှာ ကျနော်တို့ စိုးရိမ်မိပါတယ်” ဟု ဦးသူရ က ပြောသည်။
သို့သော် မြက်ခင်းမှာ သရပါတံခါးမှ ၅ ပေ၊ ၁၀ ပေအကွာတွင် စိုက်ပျိုးမည်ဖြစ်ရာ ရှေးဟောင်းအုတ်ရိုး ကို ထိခိုက်မှုမရှိနိုင်၍ စိုးရိမ်ရန်မလိုကြောင်း ဦးအောင်အောင်ကျော်က ဧရာဝတီသို့ ပြောသည်။
“ရှေးဟောင်းအမွေအနှစ် လက်ရာတွေကို မထိခိုက်စေဘူးလို့ ဘယ်သူမဆိုကို ကျနော်တို့ အာမခံနိုင်ပါ တယ်။ ကျနော်တို့ လုပ်တာကလည်း ကျွမ်းကျင်သူတွေရဲ့ထောက်ခံချက်ယူပြီး လုပ်တာဖြစ်ပါတယ်” ဟု သူက ပြောသည်။
ရှေးဟောင်းအုတ်တံတိုင်းကို မြေပြင်တုန်ခါမှုကြောင့် ထိခိုက်မှုမရှိရန်အတွက် မော်တော်ယာဉ်များ သရပါတံခါးမှ ဖြတ်သန်း သွားလာခြင်းကို ပိတ်ပင်ခဲ့သည်မှာ ၃နှစ်ခန့် ရှိခဲ့ပြီဖြစ်သည်။ စက်ဘီးများ၊ မော်တော်ဆိုင်ကယ် နှင့် လျှပ်စစ်ဆိုင်ကယ် များသာ လက်ရှိတွင် အဆိုပါဂိတ်တံခါးမှ ဝင်ထွက်ခွင့်ပြု ထားသည်။
သို့သော် ခရီးသွားရာသီတွင် ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစေရန် မော်တော်ယာဉ်များ အရှိန်နည်း နည်းဖြင့် ယင်းဂိတ်တံခါး၀ မှ ဖြတ်သန်းသွားလာနိုင်ရန် ပြန်ဖွင့်ပေးမည်ဟု ဦးစီးဌာနက ပြောသည်။
“ဂိတ်တံခါးပြန်ဖွင့်ပေးတဲ့အတွက် စိုးရိမ်ပူပန်တာတွေကိုလည်း ကျနော်တို့ကြားရပါတယ်။ ပြည်သူ တွေက ခရီးသည်တင် ယာဉ်ကြီးတွေကို ဖြတ်ခိုင်းမယ်လို့ ထင်ကြလို့ပါ။ သရပါတခါးနဲ့ မြို့ရိုး ရေရည် တည်တံ့ရေးအတွက် ကျနော်တို့လည်း ပူပန် ပါတယ်။ အမှန်က အိမ်စီးကားလို ယာဉ်ငယ်လေးတွေ ကိုပဲ ကန့်သတ်ထားတဲ့အရှိန်နဲ့ ဖြတ်သန်းခွင့်ပြုမှာဖြစ်ပါတယ်။ အရှိန်ကို ကန့်သတ်ဖို့ SLOW DOWN အတုံးတွေကို သတ်မှတ်ချက်အတိုင်း ထားပါမယ်။ ဒါကလည်း ပုဂံလာတဲ့ ခရီးသည် တွေ များလာတဲ့အခါ ယာဉ်ကြောပိတ်ဆို့မှုကာကွယ်တဲ့သဘောပါ” ဟု ဦးအောင်အောင်ကျော်က ပြောသည်။
ထို့အပြင် ခရီးသွားများအတွက် သတင်းအချက်အလက်ပံ့ပိုးနိုင်ရန် ဦးစီးဌာနက ကွန်ပျူတာ တက္ကသိုလ်နှင့် ထိုင်းအမျိုးသား အီလက်ထရောနစ်နှင့် ကွန်ပျူတာ နည်းပညာဌာနတို့၏ပံ့ပိုးမှုဖြင့် ပုဂံရှိ ဘုရားစေတီအဆူ ၂၀ တွင် QR ကုတ်စနစ်သုံး ဘုတ် များကို တပ်ဆင်မှုများ စတင်ပြုလုပ်နေသည်။
ခရီးသွားများအနေဖြင့် ၎င်းတို့ကိုင်ဆောင်လာသော မိုဘိုင်းဘ်ဖုန်းများဖြင့် ယင်း QR ကုတ်များကို ဖတ်လိုက်ရုံနှင့် ဘုရား စေတီများ၏သမိုင်းနှင့်အခြားအချက်အလက်များကို စာသားဖြင့်ရော အသံဖြင့်ပါ မြန်မာ-အင်္ဂလိပ်နှစ်ဘာသာသုံး၍ လေ့လာနိုင်ကြမည်ဖြစ်သည်။
“အခုကတော့ စမ်းသပ်ကာလဖြစ်တဲ့အတွက် အချက်အလက်တွေ မစုံသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ အချက်အလက် တွေ update ဖြစ်အောင် ကြိုးစားနေပါတယ်။ QR ကုတ်စနစ်တပ်ဆင်ဖို့ ကျန်ရှိနေ သေးတဲ့ စေတီပုထိုးတွေကိုလည်း ဆက်လက်တပ်ဆင်သွားမှာဖြစ်ပါတယ်” ဟု ဦးအောင်အောင်ကျော် က ပြောသည်။
QR ကုတ်စနစ်ဘုတ်များကို ထင်ရှားသည့်စေတီပုထိုးများဖြစ်သည့် စူဠာမဏိ၊ အာနန္ဒာ၊ ဗူးဘုရား၊ သဗ္ဗညု၊ ဂေါတော့ပလ္လင်၊ ပြာသာဒ်ကြီး၊ ဗူးလဲသီး၊ ဓမ္မရာဇိက စသည့် စေတီပုထိုး ၂၀ တွင် စတင်စမ်းသပ်တပ်ဆင်ထားပြီးဖြစ်သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် သတင်းထောက် ဇာနည်မာန်ရေးသားသည့် Bagan “Ready” for UNESCO Ground Inspection ကို ဘာသာပြန်သည်။