မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မှော်ဘီကျေးရွာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ လူမှုရေး ပြဿနာပေါ် အခြေခံ၍ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုတွင် ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
မှော်ဘီကျေးရွာ ကျောင်းတိုက်အတွင်း စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီခန့်က ကျောင်းထိုင် ဆရာတော် ဥူးတေဇိန္ဒ အား ထောက်ခံသူများနှင့် ကန့်ကွက်နေသည့် ရွာသားအချင်းချင်း အကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြရာတွင် ဒုတ်၊ ဓားများ ဖြင့် တိုက်ခိုက်ခဲ့ ကြရာမှ ၈ ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။
ဆရာတော် ဉူးတေဇိန္ဒ လူမှုရေး ပြဿနာမှာ ရွာခံ ဒကာမတဦးနှင့် လူမှုရေး အရှုပ်အရှင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြောင်းအရာကို အခြေခံ၍ ဆရာတော်အား ထိုကျောင်းတွင် သီတင်းမသုံးတော့ရန် ကန့်ကွက်နေသည့် ရွာသူ၊ ရွာသား အချို့နှင့် ထောက်ခံနေသည့် ရွာသူ၊ ရွာသားများအကြား နှစ်ခြမ်းကွဲပြီး ခိုက်ရန် ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ ၈ ဦးသည် ဆရာတော် ဥူးတေဇိန္ဒ အား ထောက်ခံသည့် ဒကာများဘက်မှ ၄ ဦးဖြစ်ပြီး ကျန် ၄ ဦးသည် ကန့်ကွက်သည့်ဘက်မှ ဖြစ်ကြောင်း၊ လတ်တလော ၎င်းတို့အား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် မုတ္တမ တိုက်နယ်ဆေးရုံကြီးသို့ ခွဲပြီးပို့ထားပြီး ဆေးကုသခံယူနေကြကြောင်းသိရသည်။
ဘုန်းကြီးကျောင်းအတွင်း ဓားခုတ်မှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ဆရာတော် ဥူးတေဇိန္ဒ အား ထောက်ခံသူ ဦးခင်ကျော်ပါ ၁၀ ဦးကို အမှုဖွင့်ပေးရန် ဦးဇော်ထိုက်ဆိုသူက တိုင်ကြားခဲ့ခြင်းသဖြင့် မုတ္တမနယ်မြေ ရဲစခန်းတွင် (ပ) ၂၀၆/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၃၂၅/၁၁၄ အရ အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါဓားခုတ်မှု မဖြစ်ပွားစဉ်အချိန်ကတည်းက ဆရာတော် ဥူးတေဇိန္ဒမှာ ပေါင်မြို့နယ်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် ၈၇/၂၀၁၈ ဝိနည်းဓမ္မကံ အဓိကရုဏ်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောင့်သော ဥပဒေပုဒ်မ ၁၁ မှ တရားခံ ဖြစ်ကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းကိစ္စကြောင့် ပေါင်မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ပါဝင်သည့်အဖွဲ့နှင့် အတူ ပေါင်မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ဌာနဆိုင်ရာ အဖွဲ့များက စက်တင်ဘာ ၂၇ ရက် နံနက် ၇ နာရီတွင် ဆရာတော် ဥူးတေဇိန္ဒကို လူဝတ်လဲစေ၍ ပေါင်မြို့နယ် တရားရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပြီး ပေါင်မြို့နယ်တရားရုံးက စက်တင်ဘာ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၆ လ အမိန့်ချမှတ် လိုက်သည်။
လက်ရှိတွင် ဆရာတော် ဥူးတေဇိန္ဒ ကို သထုံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး ဓားခုတ်မှုနှင့် ပတ်သက်သော အသေးစိတ်ကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့က ဆိုသည်။
ဓားခုတ်မှုဖြစ်ပွားခြင်းကြောင့် ဒဏ်ရာရလူနာများကို ဆေးရုံတင်ပေးရန် သွာရောက်ခဲ့ကူညီသော မော်လမြိုင်မှ လူမှုကယ်ဆယ်ရေး အဖွဲ့အား လူနာများကယ်တင်မှုအပေါ် ရွာသားများက အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ကြပြီး ယင်းတို့ နှစ်ဖက်၏ ပဋိပက္ခကြားထဲတွင် ပိတ်မိနေခဲ့ရာမှ နောက်ဆုံးတွင် BGF တပ်ဖွဲ့၏ အကူအညီဖြင့် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။