ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုအား ရုပ်သိမ်းခွင့်ပြုခဲ့သည့် အပေါ် လာဘ်စားမှု ရှိမရှိ ဖော်ထုတ်ရာ၌ လူ ၆၁ ဦးကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးမိုးနိုင်က ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ဟောင်း အပါအဝင် ၅ ဦးကို ယနေ့ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် စတင် စစ်ဆေးရာ တရားလို ဖြစ်သူ ဦး မိုးနိုင်က တရားခွင် အတွင်း ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
တိုင်းတရား လွှတ်တော်တွင် စက်တင်ဘာ ၂၅ ရက်က တိုင်းဥပဒေချုပ် ဦးဟန်ထူးကို၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု- ခရိုင် တရားသူကြီး ဦးအောင်ကြည် တို့ကို ယင်းဥပဒေ ပုဒ်မ ၅၆ တို့ဖြင့် တရားစွဲခဲ့သည်။
၎င်းတို့သည် သံသယ တရားခံဖြစ်သူ သန်းထွဋ်အောင် (ခ) သားကြီး၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုး လက်ဆောင်များ ရယူ၍ အမှုကို ပြည့်စုံစွာ သုံးသပ် စိစစ်ခြင်း မရှိဘဲ ရုပ်သိမ်းခွင့်ပြုကာ ဖမ်းဆီးထားသည့် သံသယ တရား ခံများကို လွှတ်ပေးခဲ့သည့် အတွက် အရေးယူခြင်း ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြောဆို ထားသည်။
ယင်းကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုး၏ ပြောပြချက် အရ တိုင်းဥပဒေချုပ် ဦးဟန်ထူးသည် သိန်း ၁၅၀၊ Blue Label အရက် တပုလင်း၊ အကျီ ၁ ထည်၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်သည် သိန်း ၅၀ ကျပ်၊ ခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးသည် သိန်း ၁၃၀ ကျပ်နှင့် Gold Label အရက် တပုလင်း၊ ဒုခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်သည် ကျပ် သိန်း ၃၀ နှင့် ပါတိတ် လုံချည် တထည်၊ တရားသူကြီး ဦးအောင်ကြည်သည် သိန်း ၃၃၀ ကျပ် တို့ အသီးသီး ရယူခဲ့ကြောင်း သိရသည်။
ယနေ့ တရားခွင်တွင် တရားလိုဖြစ်သူ ဦးမိုးနိုင်က အောင်ရဲထွေးအမှု ရုပ်သိမ်းခွင့် ပြုပြီး သံသယ တရားခံများအား တရား ရှင် လွှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှုများ ရှိကြောင်း သတင်းစာ၊ ဂျာနယ်၊ လူမှုကွန်ရက်စာ မျက်နှာနှင့် အခြား အွန်လိုင်း မီဒီယာ သတင်းများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေ၍ ၂၀၁၈ သြဂုတ် ၂ ရက်တွင် ပြုလုပ်သည့် အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အစည်းအဝေးတွင် ကျော်ဇောသတင်း အဖြစ် သတ်မှတ် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ် ခဲ့ကြောင်း ပြောသည်။
ယင်းကျော်ဇောသတင်းကို စုံစမ်း စစ်ဆေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အဖွဲ့ဝင် ဦးမျိုးမြင့် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ထိုနေ့တွင် ဖွဲ့စည်း တာဝန်ပေးခဲ့ရာ ဦးမိုးနိုင်သည် စစ်ဆေးရေးမှူး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက စုံစမ်း စစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ သြဂုတ် ၃ ရက်မှ စက်တင်ဘာ ၂၄ ရက် အထိ အမှုနှင့် ဆက် နွယ်ပတ်သက်သူ ၆၁ ဦးကို စစ်ဆေးခြင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အရှေ့ပိုင်း ခရိုင် ဥပဒေရုံး/တရားရုံး၊ တိုင်းရဲတပ် ဖွဲ့မှူးရုံး၊ အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့မှ အမှုနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လေ့လာဖတ်ရှုခြင်း၊ လိုအပ် သည့် စာရွက်စာတမ်းများကို ပုံစံ(၃)ဖြင့် သိမ်းဆည်းခြင်း၊ တရားဝင် မိတ္တူကူးယူ လျှောက်ထားခြင်း၊ အခင်းဖြစ်ချိန်က ပင်မ ဝင်ထွက်ပေါက်ကို ရိုက်ကူးထားသည့် CCTV မှတ်တမ်း သိမ်းဆည်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။
ထို့ပြင် အမှုနှင့် ဆက်နွယ် ပတ်သက်သူများထံမှ လက်ကိုင်ဖုန်းများ သိမ်းဆည်းခြင်း၊ မှုခင်း ရဲတပ်ဖွဲ့သို့ စစ်ဆေးရန် ပေးပို့ ခြင်း၊ တယ်လီဖုန်း ဆက်သွယ်သည့် မှတ်တမ်းများ ရရှိနိုင်ရေး ဖုန်းအော်ပရေတာများထံ တောင်းခံရယူခြင်းတို့ ဆောင်ရွက် ခဲ့သည်လည်း သိရသည်။
ဗဟိုဘဏ်မှ တဆင့် သက်ဆိုင်ရာ ဘဏ်အသီးသီးသို့ ဆက်သွယ် တောင်းခံခြင်းတို့ကို စစ်ဆေးခဲ့သည့် သက်သေများ၏ ထွက်ဆိုချက်များ၊ သိမ်းဆည်း စာရွက်စာတမ်းများ၊ တယ်လီဖုန်း မှတ်တမ်းများ၊ ဘဏ်စာရင်းများ အရ စစ်ဆေး ပေါ်ပေါက် ကြောင်း အစီရင်ခံစာ ပြုစု၍ အဂတိ ကော်မရှင်သို့ တင်ပြခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်များ အရ အရေးယူနိုင်ရေး အတွက် နိုင်ငံတော် သမ္မတရုံးနှင့် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ များထံ တင်ပြခဲ့ပြီး တပြိုင်တည်းတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံပြုချက် တောင်းခံကာ ပြည်ထောင်စု ရှေ့နေချုပ် ရုံး၏ ဥပဒေ အကြံပြုချက် ရရှိသည့် အခါမှ စက်တင်ဘာ ၉ ရက်တွင် သုဝဏ္ဏနယ် မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ဦးမိုးနိုင်က ထွက်ဆိုသည်။
အဆိုပါ ရဲစခန်းသို့ တိုင်ကြားချက်ကို တရားလိုဘက်မှ ယနေ့ တရားခွင်တွင် သက်သေခံ အဖြစ် တင်သွင်းရာ စွပ်စွဲခံရသူ များဘက်မှ အကျိုးဆောင် ရှေ့နေများက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ထို့အတွက် လာမည့် အောက်တိုဘာ ၁၂ ရက် ရုံးချိန်းတွင် အပြန်အလှန် လျှောက်လဲချက်များ တင်သွင်းရန် အမှုစစ် တရားသူကြီး ဒေါ်စိုးစိုးအောင်က အမိန့်ချခဲ့သည်။
စွပ်စွဲခံရသူဘက် မှ အကျိုးဆောင် ရှေ့နေ တဦးက “ဒီနေ့ တရားလိုကို စစ်တယ်။ မပြီးသေးဘူး။ သက်သေခံ တင်တယ်။ အဲဒါကို ဥပဒေနဲ့ မညီဘူး ဆိုပြီး ကန့်ကွက်တာပါ။ ဘယ်လိုမညီလဲ ဆိုတာ အခု ပြောလို့မရဘူး။ လျှောက်လဲချက်ကျမှ ပြောလို့ ရမယ်” ဟု မီဒီယာများကို ပြောသည်။
၂၀၁၆ မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲထွေး သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ်ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန်ပြည်သူ့ဆေး ရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ သံသယ တရားခံ ၃ ဦး ဖြစ်သော သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင် လေး၊ ကျော်ဇောဟန်( ခ) ကျော်ဇော တို့ကိုဖမ်းဆီးပြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ပြီး သံသယ တရား ခံများကို စွဲချက် မတင်မီ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။