ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ဖုယွင် အလုပ်သမား သပိတ် ရိုက်နှက် ဖြိုခွဲခံရမှုတွင် ဒဏ် ရာ ပြင်းထန်သည့် ၆ ဦးအား ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ထားရကြောင်း အလုပ်သမား သပိတ် တာဝန်ရှိသူများက ယနေ့ ညနေ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
ဖုယွင် အထည်ချုပ် စက်ရုံမှ အလုပ်ထုတ်ခံရသူများ ပြန်လည် အလုပ်ခန့်ထားပေးရေး တောင်းဆိုနေသည့် အလုပ်သ မား သပိတ် အဖွဲ့ဝင်များက စက်ရုံ အနောက်ပေါက်အား ယနေ့ နံနက်ပိုင်းတွင် ပိတ်ဆို့ ဆန္ဒပြစဉ် လူတစု၏ ရိုက်နှက် ဖြိုးခွဲမှု ခံခဲ့ရခြင်း ဖြစ်ကာ အရေးပေါ် တင်ထားရသူ ၆ ဦး အပါအဝင် လူ ၂၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်။
အလုပ်သမား သပိတ်အား ဝန်းရံသူ ဦးအောင်မြင့်က “၂ ဦးကတော့ ထိပ်ပေါက်သွားလို့ ချုပ်ထားရတယ် ပြောတယ်။ မနက်က သတင်းတွေ ထွက်နေတဲ့ ဗိုက်ကြီးသည် တဦး ဓားထိုးခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ဒီလို အချိန်မှာ သတင်းအမှားတွေ မဖြန့်ကြဖို့လည်း ပြောထားပါတယ်” ဟု ပြောသည်။
နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အလုပ်သမား သပိတ်အား ရိုက်နှက်ဖြိုခွဲမှု အပေါ် ကျေနပ်မှု မရှိသည့် ရပ်ကွက်နေ ပြည် သူ တချို့က သပိတ်စခန်း နေရာသို့ ရောက်ရှိလာခဲ့ပြီး ရိုက်နှက်ဖြိုခွဲသူများနှင့် အပြန်အလှန် ခဲများဖြင့် ပစ်ပေါက်မှု ဖြစ် ပွားခဲ့သည်။
ဖုယွင် အလုပ်သမား သပိတ် ဥက္ကဋ္ဌ မသက်ထားဆွေက“သပိတ်တိုက်ပွဲက ဆက်ရှိနေမယ်။ တောင်းဆိုမှုတွေကို ပြေ လည်အောင် ဖြေရှင်းမပေးမချင်း ဒီသပိတ်က ဆက်လုပ်သွားမယ်”ဟု ပြောဆိုသည်။
ဖုယွင် အထည်ချုပ် အနေဖြင့် ယခုနှစ် သြဂုတ်၂၀ ရက်တွင် စက်ရုံမှ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် ၃၀ အား အလုပ် ထုတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အလုပ်ပြန်ခန့်ပေးရေး အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုသည် ယနေ့တွင် ၅၆ ရက် ပြည့်ပြီ ဖြစ်ကြောင်း သိရသည်။
အလုပ်သမား ၃၀ ကို အလုပ်ထုတ်ခြင်းနှင့် ပတ်သက်၍ အလုပ်ရှင် အလုပ်သမား သဘောတူညီချက် အတိုင်း အလုပ် မလုပ်သူများ၊ စာချုပ် ချိုးဖောက်သူများ၊ ခွင့်မဲ့ ပျက်ကွက်များ သူများ၊ ကုန်ထုတ်လုပ်မှု ကျဆင်းရန် သွေးထိုး လှုံ့ဆော် သူများအား အလုပ်မှ ရပ်စဲကြောင်း ဖုယွင်စက်ရုံဘက်က ထုတ်ပြန် ကြေညာထားသည်။
ရိုက်နှက်ဖြိုခွဲမှုနှင့် ပတ်သက်၍လည်း အလုပ်သမား သပိတ် တာဝန်ရှိသူများက ရဲစခန်းတွင် အမှုသွားရောက် ဖွင့်လှစ် မည် ဖြစ်ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကမူ ရိုက်နှက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အလုပ်ဆင်းနေသည့် စက်ရုံဝန်ထမ်းများအား ဆန္ဒပြ အလုပ်သမားများက“သပိတ် စခန်းနှင့် ပူးပေါင်းရန်၊ အလုပ်ရှင်နှင့် ပူးပေါင်းခြင်း မပြုလုပ်ကြရန်” ဟောပြော ခြင်း၊ ကြွေးကြော်သံများဖြင့် ကြွေးကြော်ခြင်းများ ပြုလုပ်နေစဉ် အလုပ်သမား အချင်းချင်း ရန်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောဆို ထားသည်။
အဆိုပါ ရန်ပွဲကြောင့် အလုပ်ဆင်းနေသည့် စက်ရုံဝန်ထမ်းများဘက်မှ ကျား ၁ ဦး၊ မ ၈ ဦးအား ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ် လည်းကောင်း၊ ဆန္ဒပြ အလုပ်သမားများဘက်မှ ကျား ၁ ဦး၊ မ ၂၂ ဦးတို့အား သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ၇ ဦးအား အတွင်းလူနာ အဖြစ် ကုသထားရပြီး ဖြစ်စဉ်အား အမှုဖွင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။