အနာဂတ် တပ်မတော်ကို လူမျိုးပေါင်းစုံ ပါဝင်သည့် တပ်မတော်မျိုး ဖွဲ့စည်းနိုင်ရေးနှင့် တပ်မတော်ကို မည်သည့် ပုံစံမျိုးဖြင့် ဖွဲ့စည်းမည်ကို ဆက်လက် ဆွေးနွေးရန် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် အဖွဲ့များကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်တွင် အောက်တိုဘာလ ၁၅၊ ၁၆ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် အဖွဲ့ ခေါင်းဆောင်များ၏ သီးသန့် အစည်းအဝေး အပြီးတွင် အထက်ပါအတိုင်း သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
အပစ်ရပ်အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ဖဒိုစောကွယ်ထူးဝင်းက“NCA စာချုပ်မှာ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ဆိုတာ ပါတယ်။ ဒါကို ကျနော်တို့ ဆက်ပြီး ဆွေးနွေးဖို့ လက်ခံတယ်။ ဒီမိုကရေစီ နိုင်ငံတခုမှာ တပ်မတော်တခုတည်း ရှိတယ် ဆိုတာကို လက်ခံသော်လည်းပဲ တခုတည်းသော တပ်မတော်နဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မတော်ကို ဘယ်လို ဖွဲ့စည်းမလဲဆိုတဲ့ ပုံစံကို ဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီမှု ရပါတယ်”ဟု မနေ့က ညပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ယခင်က တခုတည်းသော တပ်မတော်ဆိုသည့် ခေါင်းစဉ်အောက်တွင် မည်သည့် အကြောင်းအရာကို ဆွေးနွေးရမည် ဆိုသည်ကို ပင် သဘောတူညီမှု မရဘဲ တပ်မတော်နှင့် ပတ်သက်၍ အဖွဲ့ အသီးသီး၏ သဘောထား စုစည်းချက်အဆင့်ဖြင့်သာ ဆွေးနွေး နေခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက “အရင်တုန်းက ဘယ်က စဆွေးနွေးရမယ်ဆိုတာ မသိဘူး။ အခု ဒီဟာကို ဆွေးနွေးဖို့အတွက် လမ်းညွှန်ပေးလိုက်တဲ့ သဘောပဲ။ ဆွေးနွေးဖို့ အခု ခေါင်းစဉ် ရသွားပြီ”ဟု သတင်းထောက်များ ကို ပြောသည်။ ထို့ပြင် တခုတည်းသော တပ်မတော် ထားရှိရေးနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့ အမြင်တူကြောင်းလည်း ဦးဇော်ဌေးက ပြောဆိုပြီး အသေးစိတ် ပြောပြခြင်း မရှိပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် “တပ်မတော် အနေနဲ့ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆောင်ရွက်ရမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
သို့ရာတွင် တပ်မတော်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပြည်နယ်အလိုက် ကာကွယ်ရေးတပ်များ ထားရှိရေး၊ အဆင့်ဆင့် တာဝန် ထမ်းဆောင်မှု မရှိသည့် စစ်မှုထမ်း စည်းမျဉ်းကို ကျော်လွန်ခန့်ထားရေးတို့သည် မဖြစ်နိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်ဆွဲလိုသည့် အတွေးအခေါ်များသာဖြစ်ကြောင်း ပြောသည်။
အပစ်ရပ်ထားသည့် မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ဟံသာက တပ်မတော်များ ပေါင်းစည်းရာတွင် လက်နက်ဖြုတ်သိမ်းရေး (DDR) ကို အရင် လုပ်၍ မရဘဲ တိုင်းရင်းသား လက်နက်ကိုင်များနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရမည့် ကိစ္စကို အရင် စဉ်းစားသင့်ကြောင်း၊ ထိုအခါ တခုတည်းသော တပ်မတော် ပေါ်လာလိမ့်မည် ဖြစ်ကြောင်း ပြောသည်။
နိုင်ဟံသာက“တို့ကတော့ တခုတည်းသော တပ်မတော်မူကို လက်ခံတယ်။ တခုတည်းသော တပ်မတော်ကို ဘယ်လို ဖွဲ့စည်းမလဲ။ လူတဦးတည်း ရဲ့ လက်ထဲမှာ တပ်တွေ အကုန်လုံး ကိုင်ထားတဲ့ပုံစံမျိုး တို့မလိုချင်ဘူး။ တပ်က အာဏာ ခဏခဏ သိမ်းတဲ့ ပုံစံမျိုးလည်း မဖြစ်ရအောင် လုပ်ရမယ်။ တပ်မတော်က ဒီမိုကရေစီ တိတိကျကျကို လက်ခံရမယ်။ တပ်မတော်က သီးခြားပုံစံမျိုးနဲ့ အာဏာရှင် အတွက်ပဲ ဆိုတာမျိုး မဖြစ်စေရဘူး”ဟု ပြောသည်။
လက်ရှိအချိန်တွင် အားလုံးက တပ်မတော်တခုတည်းမူကို လက်ခံသော်လည်း တပ်မတော်ကို ဘယ်လို ဖွဲ့စည်းရမည်ဆိုသည်နှင့် ပတ်သက်၍ ဆွေးနွေးရဦးမည် ဖြစ်၍ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ကြား အမြင်တခုတည်းဟု မပြောနိုင်ကြောင်း၊ လွှတ်တော် ဘက်ကမူ တပ်မတော်ကို အရပ်သား အစိုးရ၏ ထားရှိရေးမှာ ယခင် ညီလာခံများကပင် သဘောထား ပေးခဲ့ပြီး ဖြစ်ကြောင်း ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲသို့ လွှတ်တော် ကိုယ်စားပြု တက်ရောက်ခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်လည်း ဖြစ်သူ ဦးအောင်ကြည်ညွှန့်က “တပ် မတော်တခုတည်း ရှိရမယ်ဆိုတာ မူအားဖြင့်တော့ သဘောတူတယ်။ သို့သော် တပ်မတော်ကို ဘယ်လို ဖွဲ့စည်းမလဲဆိုတာမှာ ဘာ မူဝါဒမှ မချရသေးတဲ့အတွက် တပ်နဲ့ အစိုးရနဲ့ တပ်နဲ့ လွှတ်တော်နဲ့ သဘောတူတယ်လို့ ပြောလို့ မရသေးဘူး။ အများကြီး ဆက် ဆွေးနွေးရဦးမှာ”ဟု ပြောသည်။
တပ်မတော်တခုတည်းသော မူနှင့်အတူ ရရှိလာမည့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ပြည်ထောင်စု သဘောတူ စာချုပ်သို့ ထည့်သွင်းပြီး တိုင်းပြည်တွင် လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲနိုင်ရန် NLD ခေါင်းဆောင်များက မျှော်လင့်လျက်ရှိသည်။
သို့သော် အောက်တိုဘာလ ၁၆ ရက်နေ့ ပြုလုပ်သည့် ထိပ်သီး အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မဆိုင်ဘဲ မိမိတို့၏ နိုင်ငံရေး လိုဘကို ဖြည့်ဆည်းရန် NCA လမ်းကြောင်းကို တလွဲ အသုံးချပြီး အခြေခံဥပဒေနဲ့ အခြားဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းကိုမူ သဘောတူညီရန် ခက်ခဲမည်ဟု ပြောဆိုထားသည်။
တခုတည်းသော တပ်မတော်ထားရှိရေး မူအပါအဝင် တပ်မတော်ပိုင်းဆိုင်ရာ ကိစ္စရပ်များသည် အရေးကြီးသဖြင့် အပစ်ရပ် အဖွဲ့များ က အခြား အဖွဲ့များနှင့်ပါ တိုင်ပင်ဆွေးနွေးဦးမည်ဟု သိရပြီး အစိုးရနှင့်မူ တပ်မတော် ဖွဲ့စည်းပုံ၊ အလုပ်လုပ်ရမည့် ပုံစံတို့ကို ဆက်လက်ဆွေးနွေးရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း ချင်းအမျိုးသား တပ်ဦး နာယက ဒေါက်တာ ဆလိုင်းလျန်မှုန်ဆားခေါင်က ပြောဆိုခဲ့သည်။