ထောင်ဒဏ် ချမှတ်လိုက်သည့် ကချင် တက်ကြွ လှုပ်ရှားသူ ၃ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အတွက် မြစ်ကြီးနားမြို့ တွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ကြောင်း သိရသည်။
ဆန္ဒပြခြင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှ စတင်ခဲ့ပြီး မြို့တွင်း တလျှောက် ညနေ ၅ နာရီ အထိ လမ်းလျှောက်ပြကြမည် ဖြစ်ကြောင်း လူထု ဆန္ဒ ဖော်ထုတ်ရေး အစီအစဉ် ဖြစ်မြောက် ရေး ကော်မတီမှ ဒေါ်မရန်ဆန်ထွယ် က ပြောသည်။
“အောင်လော့ဒ် ကျေးရွာက စစ်ရှောင်တွေ ပိတ်မိနေတာကို ကယ်ထုတ်ခွင့် ပေးဖို့နဲ့ လူသားချင်း စာနာထောက်ထားပြီး ကူ ညီပေးဖို့ ဆန္ဒပြ တောင်းဆိုလို့ ဖမ်းဆီး ခံလိုက်ရတဲ့ တက်ကြွ လှုပ်ရှားသူ ၃ ဦးပေါ့။ အခု ဒီဇင်ဘာ ၇ ရက်က ထောင် ၆ လ နဲ့ ဒဏ်ငွေ ကျပ် ၅ သိန်းစီ ချမှတ်လိုက်တဲ့ လူတွေကို လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ တနိုင်းမြို့နယ် အောင်လော့ဒ် ကျေးရွာအနီး ဖြစ်ပွားသော တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲကြား အောင်လော့ဒ် ကျေးရွာမှ ဒေသခံ ၂၀၀၀ ကျော် ပိတ်နေခဲ့သည်။
ထိုသို့ ပိတ်မိနေသော ဒေသခံများကို ကယ်ထုတ် ပေးနိုင်ရေးနှင့် အကူအညီများ ပေးနိုင်ရေး အတွက် ထောင်ဒဏ်ချမှတ် ခံထားရသည့် ၃ ဦးက ဆန္ဒပြ တောင်းဆိုခဲ့ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလို ပြုလုပ် ၍ အသရေ ဖျက်မှုဖြင့် တရား စွဲဆိုခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်၌ မြစ်ကြီးနား မြို့နယ် တရားရုံးက ၎င်းတို့ကို ပြစ်ဒဏ်ချ ခဲ့ခြင်း ဖြစ်သည်။
ထိုထောင်ဒဏ် ချခံရသူ ၃ ဦးကို ပြန်လွှတ်ပေးရန် လူဦးရေ ၅ ထောင်ကျော် ပါဝင် ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရ သည်။
ယင်းသို့ ဆန္ဒပြခြင်းသည် သက်ဆိုင်ရာ ရဲစခန်း၏ ခွင့်ပြုချက်ဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း လူထုဆန္ဒ ဖော်ထုတ်ရေး အစီအစဉ် ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။
သို့သော် ပိတ်မိ ပြည်သူ လွတ်မြောက်ရေး အတွက် ဆောင်ရွက်သူ ၃ ဦးကို တရားစွဲဆိုမှုနှင့် ထောင်ဒဏ် ချမှတ်ခဲ့သည့် မြစ်ကြီးနား မြို့နယ် တရားရုံးအား ပြင်းထန်စွာ ရှုတ်ချခြင်း ပြုလုပ်လိုသဖြင့် ဦးလမာဆန်အောင်၊ ဒေါ်လုဆန်တို့ ဦးဆောင် ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
သတ်မှတ် ပုံစံဖြင့် လျှောက်ထားခဲ့ရာတွင် ကချင် အမျိုးသား အလံ၊ Democracy Falling?၊ Failed Law ဆိုင်းဘုတ်နှင့် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ ပုံပါသည့် ဗီနိုင်းများကို ပုံစံ ၃ ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆန္ဒဖော်ထုတ်မှု၌ တင်ပြခဲ့မှု မရှိဘဲ ထည့်သွင်း ဆောင်ရွက်ခဲ့သည့် အတွက် ခွင့်မပြုကြောင်း ဒီဇင်ဘာ ၁၁ ရက် က မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အသိပေးထားသည်ဟု ဆန္ဒပြသူများကို အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ဆို သည်။
ထို့ပြင် အကြောင်းကြားစာ၌ အဆိုပါ ဗီနိုင်းများ ဖြုတ်သိမ်းခြင်း မရှိဘဲ ဆက်လက် ဆောင်ရွက်မည် ဆိုပါကဥပဒေ အရ အရေးယူခံရမည်ဟု ပါရှိကြောင်း သိရသည်။
ဒေါ်မရန်ဆန်ထွယ်က“ကျမတို့ တောင်းဆိုတဲ့ အချက်တွေကတော့ ဖမ်းဆီးခံထားရသူ ၃ ဦး ချက်ချင်း လွှတ်ပေးဖို့၊ တရား မျှတသည့် တရားရေးကို တည်ဆောက်ပေးဖို့၊ ဒါတွေ တောင်းဆိုနေတာပါ။ ဒီနေ့ တရက်တည်းပါပဲ။ ဒါပေမယ့် ကျမတို့ စောင့် ကြည့်မယ်။ ကျမတို့ တောင်းဆိုတဲ့ အချက်တွေရရင်တော့ တမျိုးပေါ့။ မရရင်တော့ ဆက်လုပ်သွားဖို့တော့ ရှိတယ်။ အခု လော လောဆယ်တော့ တစုံတရာ ပြဿနာတော့ မရှိသေးဘူး။ အပြန်အလှန် အငြင်းပွားတာလည်း မရှိသေးဘူး”ဟု ပြောသည်။
ထိုသို့ ဆန္ဒ ထုတ်ဖော်မှုကြောင့် ကချင် အမျိုးသား လူမှု ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (မြစ်ကြီးနား)မှ ဥက္ကဋ္ဌ ဦးဇော်ဂျတ်၊ ထွယ်ဂျဲန်ဒါ ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်ပူ၊ ကချင် တမျိုးသားလုံး ဆိုင်ရာ လူငယ်များ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးလွမ်းဇောင်း တို့သည် ဒီဇင်ဘာ ၇ ရက်က ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ကျပ် ၅ သိန်းစီ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
လူ့အခွင့်အရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနေသည့် ညီမျှခြင်း မြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက“ကျနော်တို့ လွတ် လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီး အရေးယူမှုတွေ ဖြစ်လာတယ်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ တက်ကြွ လှုပ်ရှားသူ ၃ ဦး အပါအဝင် ကျန်တဲ့လူတွေ အပေါ်မှာ ဖမ်းဆီးမှုတွေ၊ မီဒီယာ သမားတွေ အပေါ် ပြစ်ဒဏ် ချခံရမှုတွေက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်မှ ဖမ်းဆီးခံ ၃ ဦး ပြန်လွှတ်ပေးရေး ထုတ်ပြန်ခဲ့ကြသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) ကလည်း ထောင်ဒဏ် ချမှတ်ခံရသည့် တက်ကြွ လှုပ် ရှားသူ ၃ ဦး အပါအဝင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် မြန်မာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းမှ ၃ ဦးကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီး အရေးယူ ထားခြင်းအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
ယနေ့ ကာလသည် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး အတွက် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် နေချိန် ဖြစ်ပြီး ABSDF မြောက်ပိုင်း အဖွဲ့သည် တပ်မတော်နှင့် NCA မချုပ်ဆိုခင် ကာလနှင့် ချုပ်ဆိုပြီးသည့် အချိန်မှ ယနေ့အချိန်အထိ ကချင် ဒေသတွင် အခြေစိုက်နေခြင်း ဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခုကဲ့သို့ ဖမ်းဆီး တရားစွဲဆို လိုက်ခြင်းသည် တည်ဆောက် ရရှိထားပြီးသော ယုံကြည်မှု၊ အပတ်တကုတ် ကြိုးစား ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ထိခိုက်မှုများ ရှိလာနိုင်ရုံ သာမက NCA လက်မှတ်ထိုးရန် ပြင်ဆင်နေ သည့် ကျန်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ တုံ့ဆိုင်းသွားစေနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒီဇင်ဘာ ၁၀ ရက်၌ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ နှစ် ၇၀ ပြည့်ခဲ့ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံသည် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိနေဆဲဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆို ကြသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပွားနေသည့် အချက်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ (က)ပါ နိုင်ငံသားတိုင်း မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊ (ခ) လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ (ဂ) အသင်း အဖွဲ့ သို့မဟုတ် အစည်း အရုံး များ ဖွဲ့စည်း ဆောင်ရွက်ခွင့် စသည့် အချက်များ ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ဆိုကြသည်။