ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျေးရွာအုပ်စု၊ လိပ်ဖားကျေးရွာခံ အသက် ၁၆ နှစ်အရွယ် မြိုတိုင်းရင်းသား ကိုမင်းမင်း ဆိုသူမှာ မြေမြှုပ်မိုင်းနင်းမိ၍ ပေါက်ကွဲကာ ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရရှိသည်။
အစ်ကိုဖြစ်သူ ကိုကျော်သိန်းနှင့် ကိုမင်းမင်းတို့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျေးရွာအတွင်း စားနိပ် ရိက္ခများ ပြတ်တောက်သွား၍ ကျောက်တော်မြို့နယ် ဘက်သို့ ဈေးဝယ်ရန် တောလမ်းအတိုင်း ဖြတ်ကျော်လာစဉ် လမ်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
ကိုကျော်သိန်း က “ကျနော်တို့ ဈေးဝယ်ဖို့ လာကြတဲ့ အခါ မင်းမင်းက ကျနော့်ရှေ့က သွားတယ်။ အဲဒီလို သွားကြတဲ့ အခါ ကျနော့် ရှေ့ကပဲ ဂျိမ်းဆို အသံကြားတော့ မင်းမင်းက လဲကျသွားတယ်။ ကျနော်ကလည်း ခေါင်းငုံ့ပြီး ကျောက်လုံး ကွယ်ပြီး နေရာယူလိုက်တယ်။ ကျနော့် မျက်ခုံးနားမှာ လည်း နည်းနည်း လာမှန်တာ ရှိတယ်။ ကျနော့်ညီကို သွားကြည့်တော့ မင်းမင်းက သွေးတွေ အရမ်းထွက်ပြီး သတိလစ်နေတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
သွေးထက်ဒဏ်ရာများပြားသည့်အတွက် အစ်ကိုဖြစ်သူ ကိုကျော်သိန်းသည် ရွာကို ပြန်မလှည့်တော့ပဲ အနီးဆုံး ကျေးရွာ တရွာ ဖြစ်သည့် ကျောက်တော်မြို့နယ်ထဲက ခမောင်းကျေးရွာသို့ ညီဖြစ်သူ မင်းမင်းကို ကျောပိုးကာ လမ်းလျှောက်လာခဲ့ကြောင်း သိရသည်။
“မိုင်းက မြေထဲမှာ သဲဖုံးပြီး မြုပ်ထားတာပါ ။ မိုင်းပေါက်တဲ့နေရာမှာ ဘောစိတွေနဲ့ ဖိုင်ဘာ အစအနတွေ တွေ့ခဲ့တယ်။ ဒီလို လမ်းမ ထက်မှာ ဘယ်သူဆို ဒီလို လုပ်ငန်းစဉ်ကို လုပ်ဖို့ မသင့်ဘူး” ဟု ကိုကျော်သိန်း က ဆက်လက်ပြောသည်။
ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော် က “ ဖြစ်တာက လိပ်ဖားကျေးရွာနဲ့ ကျောက်တော်မြို့နယ် ခမောင်းကျေးရွာ နဲ့ကြား တောထဲမှာဖြစ်တာ။ သူတို့ ညီကိုယ်နှစ်ယောက်က ကျောက်တော်မြို့နယ် ကန်စောက် ရွာကိုလာတာ။ စားသောက်စရာ ဆားတို့ ဆီတို့ ငါးပိတွေ လာဝယ်တာလို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ မိုင်းထိသွားသည့် အတွက် ကိုမင်းမင်းအား ကျောက်တော်မြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရကြောင်း သိရသည်။
“ကျနော်တို့မနေ့က သွားခေါ်ပြီးတော့ ဆေးရုံတင်ထားပါတယ်။ ညာဘက်လက်ဖျံမှာ တချက်ထိတယ်။ နောက်တစ်ခါ ဘယ်ဘက်လက်ဖမိုး နောက်တခုညာဘက်ကခြေ ဒဏ်ရတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ အပေါ်ယံအရေပြားထိတာ အဲဒါပါပဲ” ဟု ဦးသီဟဇော် က ပြောသည်။
ကိုမင်းမင်း ကျန်မာရေးကိစ္စနှင့် ပတ်သက်ပြီး ကျော်တော်မြို့ ပေါ် လူမှုအရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးထားကြောင်းလည်း ကျောက်တော် လူမှုအဖွဲ့အစည်းမှ ကိုဇော်ဝင်းက ပြောသည်။
ယိုးချောင်းဖျားဒေသတွင် နေထိုင်သော ရခိုင် ၊ မြို ၊ခမီ တိုင်းရင်းသားကျေးရွာအား တပ်မတော်က ရိက္ခဆန်များ တင်ပို့မှုကို ပိတ်ပင်ထားသဖြင့် ရိက္ခာ ပြတ်လတ်လာမှုများ ဖြစ်ပေါ်ကာ ၎င်းကျေးရွာသားများမှာ အိုးအိမ်များကို စွန့်ခွာကာ ရန်ကုန် – စစ်တွေ ကားလမ်းမ အနီး တွင်တည်ရှိသည့် ဝါးတောင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် လာကြကြောင်းလည်း သိရသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် က “ နှစ်ဘက် တိုက်ပွဲ ဖြစ်ကြတဲ့ အခါမှာ ကျနော်တို့ကတော့ အပြစ်မဲ့ ပြည်သူတွေက မနစ်နာစေချင်ဘူး။ မဆုံးရှုံးနေချင်ဘူး ။ ဒီလောက်ဝေးလံ ခေါင်ဖျားပြီး ဆက်သွယ်ရေး ခက်ခဲ့တဲ့နေရာ တခုမှာ ပြည်သူတွေက ကိုယ်ဟာ ကိုယ် ထမင်း ကို ရိုးရိုးသားသား နဲ့ လုပ်ကိုင်စားသောက်ပြီး ရုန်းကန်နေရတဲ့ အချိန်မှာ အပြစ်မဲ့ ပြည်သူ တွေက ဒီလို မိုင်းထိတယ်။ တခြား အခက်အခဲ့ကြုံရတယ် ။ စစ်ဘေးရှောင်ပြီး ထွက်ပြေးရတယ် ဒီလို ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေကို ကျနော်တို့ကတော့ မလိုလားဘူး ။ နှစ်ဘက် အဖွဲ့အစည်း တွေကလည်း အတတ်နိုင်ဆုံး ပြည်သူတွေ မထိခိုက်အောင်တော့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံများကတော့ ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုမျိုး ယခင်ကမရှိခဲ့ဟုဆိုသည်။
AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့များ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယနိုင်ငံ နယ်စပ်များတွင် ဝင်ရောက် လှုပ်ရှား လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
တပ်မတော်နှင့် AA သည် နိုဝင်ဘာ ၃၀ မှ စ၍ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နှင့် ဘူးသီး တောင် မြို့နယ် တို့တွင် စစ်ရေး တင်းမာမှုများ ဖြစ်ပွားလျက် ရှိပြီး ဒေသခံ ၁ ထောင်ခန့် ရပ်ရွာများမှ ထွက်ပြေးကာ စစ် ဘေးရှောင် ဒုက္ခသည်များ အဖြစ် လုံခြုံရာ၌ ခိုလှုံနေရဆဲ ဖြစ်သည်။