သယံဇာတ ကဏ္ဍရှိ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး အတွက် လာမည့်လ အတွင်း နေပြည်တော် ၌ အလုပ်ရုံ ဆွေးနွေးပွဲ တခုပြုလုပ်ရန် ရှိကြောင်း မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း များ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (MEITI) ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။
ကျောက်စိမ်း၊ ကျောက်မျက်များ၊ သတ္တုတွင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် သယံဇာတ ကဏ္ဍနှင့် ဆက်စပ် နေသော ဝန်ကြီးဌာနများ၏ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ (State Owned Enterprises-SOE) ရှိ တာဝန်ရှိသူများ အား ဖိတ်ကြားကာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ပြုလုပ်သွားမည် ဖြစ်သည်။
ဦးစိုးဝင်း က “ဘာတွေ အဓိက ဆွေးနွေးမလဲ ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ဒီကိစ္စတွေက ထိလွယ် ရှလွယ်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ဒီလို ဆွေးနွေးပွဲတွေက တဆင့် ကောင်းမွန်တဲ့ ပြုပြင် ပြောင်းလဲတဲ့ စနစ် တခုကို ဦးတည်ဖို့ အတွက် ရည်ရွယ် ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် ဇန်နဝါရီလ ၁၁ ရက်က မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ဆိုင်ရာ လူထု ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ယင်း ဆွေးနွေးပွဲသို့ EITI သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့၌ ပါဝင်သော အစိုးရ ဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင် အချို့ နှင့် အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့မှ ဒေါ်မိုးမိုးထွန်းက “နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေက ပွင့်လင်း မြင်သာမှု မရှိတာကို တွေ့ရတယ်။ ဒါ့ပြင် နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း မမီဘူး ဆိုတာ လေ့လာ တွေ့ရှိရတယ်။ ဒါကြောင့် ဒီကဏ္ဍကိုသာ ကောင်းကောင်း စီမံခန့်ခွဲနိုင်မယ် ဆိုရင် နိုင်ငံ့ ဝင်ငွေ က သိသိသာသာ ပြောင်းလဲသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
သယံဇာတ ကဏ္ဍတွင် လုပ်ကိုင်နေသော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများသည် လုပ်ငန်း လုပ်ကိုင်ရန် နည်းဥပဒေရေး ဆွဲခြင်း၊ ကြီးကြပ် စစ်ဆေးခြင်း၊ လိုင်စင် ချထားပေးခြင်း၊ အကျိုးတူများ ငှားရမ်း ချထားခြင်း၊ အခွန်ကောက်ခံခြင်းနှင့် ရရှိ အခွန်ခွဲဝေခြင်း တို့ကို ၎င်းတို့ ကိုယ်တိုင် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် အဆိုပါ စနစ်ကို ပြုပြင် ပြောင်းလဲရန် လိုအပ် သည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။
မန္တလေးတိုင်း သပိတ်ကျင်း ဒေသရှိ ရွှေလုပ်ကွက် အများစုတွင် မြန်မာ စီးပွားရေး ဦးပိုင်က လုပ်ပိုင်ခွင့် ရရှိထားပြီး ယင်းကုမ္ပဏီမှ ပုဂ္ဂလိက တူးဖော်ရေး ကုမ္ပဏီ အချို့သို့ ပြန်လည် အငှား လုပ်ကိုင် ခွင့်ပြုခြင်းတို့ ဆောင်ရွက်လျက် ရှိပြီး ဒေသ အကျိုးစီးပွား အတွက် ဆောင်ရွက်မှု မရှိသလောက် နည်းသည်ဟု အဆိုပါ ဒေသမှ ဒေသခံများက ပြော ကြသည်။
ထိုသို့ လုပ်ပိုင်ခွင့် စီမံ အုပ်ချုပ်ခွင့် အပြည့်အဝ ရှိနေသော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရက ဥပဒေကြောင်း အရ စောင့်ကြည့် အရေးယူခြင်း အားနည်းခဲ့ပြီး ယခု အစိုးရ လက်ထက်တွင်သာ မိုးထိမိုးမိ ရွှေလုပ် ကွက်နှင့် ပတ်သက်၍ ပထမဆုံး အရေးယူခြင်း ရှိခဲ့သည်ဟု ဒေါ်မိုးမိုးထွန်း က ပြောသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုတွင်း ဦးစီးဌာနမှ ဒု ညွှန်ကြား ရေးမှူးချုပ် ဦးကျော်သက်က “အရင်တုန်းကတော့ SOE တွေနဲ့ ပတ်သက်ပြီး အထူး အခွင့်အရေး ပေးခဲ့ရတာတွေ ရှိ တယ်။ ဒါပေမယ့် အခုတော့ အခွန် ကိစ္စတွေ၊ သူတို့ ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့တော့ လိုလာ ပါပြီ” ဟု ပြောဆိုသည်။
ထို့ကြောင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား ပြုပြင်ပြောင်းလဲမှု လုပ်ရန်နှင့် သယံဇာတ ကဏ္ဍတွင် ပိုမို ပွင့်လင်းမြင် သာမှု ရှိရန် အတွက် ထိုသို့ စီစဉ်ခြင်း ဖြစ်ပြီး ပဏမ ဆွေးနွေးပွဲကို ယခုလ အတွင်း ဆောင်ရွက်သွားရန် ရှိသည်ဟု သိ ရသည်။
ဒုတိယ အကြိမ်နှင့် တတိယ အကြိမ် EITI အစီရင်ခံစာကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းက ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင် ခံစာတို့တွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများက ကောက်ခံရရှိသော အခွန်များနှင့် ယင်းလုပ်ငန်းများမှ နိုင်ငံတော် ဘတ်ဂျက် (ရသုံး မှန်းခြေ ငွေစာရင်း) သို့ ထည့်ဝင်သော ဘဏ္ဍာငွေ စီးဆင်းမှု အပေါ် တိုက်ဆိုင် စစ်ဆေးခြင်း စသည့် အကြောင်းအရာ တို့ကို ထည့်သွင်းခဲ့သည်ဟု ယင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။