ရှမ်းပြည်မြောက်ပိုင်း နမ္မတူ (မြစ်ငယ်) မြစ်ပေါ် ဆည်တည်ဆောက်မည့် စီမံကိန်းများတွင် ပါဝင်သော နိုင်ငံခြား ကုမ္ပဏီများအားလုံးအနေဖြင့် အထက်ရဲရွာဆည်စီမံကိန်းမှ ရုတ်သိမ်းသွားသော ပြင်သစ် ကုမ္ပဏီ အင်ဂျီ (Engie ) ကို နမူနာယူလုပ်ဆောင်ကြရန် မြစ်တလျှောက် နေထိုင်ကြသော ဒေသခံများက တောင်းဆိုသည်။
Engie ရုတ်သိမ်းသွားခြင်းသည် အထက်ရဲရွာဆည် တည်ဆောက်ပါက ရေအောက်နစ်မြုပ်သွားမည်ကို စိုးရိမ်နေရသည့် ဒေသခံများအတွက် အောင်မြင်မှုဖြစ်သည်ဟု ဆည်တည်ဆောက်ပါက ရေလွှမ်းမိုးမှုခံရနိုင်ခြေရှိသည့် တာလုံကျေးရွာဒေသခံ နန်းလောင်ဝ်ခမ်း ကပြောဆိုကြောင်း ရှမ်းပြည်နယ်မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက် (Action for Shan State Rivers) က ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရသည် ၂၀၁၀ ခုနှစ်များမှစတင်ပြီး နမ္မတူမြစ်ပေါ်တွင် စုစုပေါင်း မဂ္ဂါဝပ် ၁၂၀၀ ထုတ်လုပ်မည့် ဆည် ၄ ခု တည်ဆောက်ရန် စီစဉ်နေသည်။ ထိုဆည်များတွင် မန္တလေးတိုင်း ကျောက်ဆည်မြို့မှ ဒီးဒုတ်ဆည်၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမှ အလယ်ရဲရွာဆည်၊ ကျောက်မဲမှ အထက်ရဲရွာဆည်နှင့် နမ္မတူမြို့နယ်မှ နမ္မတူဆည်တို့ ပါဝင်သည်။
အလယ်ရဲရွာဆည်အတွက် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း၊ အထက်ရဲရွာဆည်အတွက် မြေပြင်ရှင်းလင်းခြင်းနှင့် နမ္မတူဆည်အတွက် လမ်းဖေါက်လုပ်ခြင်းတို့ကိုလွန်ခဲ့သော နှစ်က စတင်နေသည်ဟု ဒေသခံများ၏ အဆိုအရ သိရသည်။
ထိုဆည်စီမံကိန်းများမှ နိုင်ငံခြားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန် ဒေသခံများက အောက်တိုဘာလတွင် တောင်းဆိုခဲ့သည်။ ဒေသခံများသည် ရန်ကုန်ရှိ တရုတ်၊ ဂျပန်၊ ဂျာမဏီ၊ ဆွစ်ဇာလန်နှင့် နော်ေ၀ အပါအဝင် သံရုံးများသို့လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် စာများ ပေးပို့ခဲ့ပြီး နမ္မတူမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၄ ခုလုံးတွင် ပါဝင်မှု ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။
Engie သည် Burma Campaign U.K. က ဒီဇင်ဘာလက ထုတ်ပြန်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ပတ်သက်သည့် ကုမ္ပဏီဆိုးများစာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ဂုဏ်သတင်း ထိခိုက်မည်စိုးသောကြောင့် ထိုကုမ္ပဏီက ၎င်းတို့၏ အမည်ကို စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီး နောက် ၎င်းတို့၏လုပ်ငန်းခွဲ ဂျာမန်ကုမ္ပဏီ လာမေးယား (Lahmeyer) သည် အထက်ရဲရွာဆည်စီမံကိန်းတွင် ဆက်လက်ပါဝင်ခြင်း မရှိတော့ကြောင်း အကြောင်းကြားခဲ့သည်ဟု BCUK ၏ အဆိုအရ သိရသည်။
ဒေသခံများက ထိုဆည်စီမံကိန်းရပ်ဆိုင်းရန် သမ္မတ ဦးဝင်းမြင့်ထံ စာရေးတောင်းဆိုခဲ့ပြီး အစိုးရသည် ဒေသခံများ၏ ပူပန်မှုများကို အလေးထားမည်ဟု မျှော်လင့်ကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများအတွက်လ ှုပ်ရှားမှုကွန်ယက် ပြောခွင့်ရသူ စိုင်းထမ်းအိုက်က ဧရာဝတီ သတင်းဌာနသို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ပြောသည်။
“ကျနော်တို့ သမ္မတကိုလည်း စာတင်တောင်းဆိုထားတာ ရှိတယ်။ ကျနော်တို့ မြန်မာပြည်က ပြည်သူလူထု အသံကို နားထောင်ပါ။ တကယ် နိုင်ငံရေးသမားတွေလည်း ရပ်ထဲ ရွာထဲ ရောက်အောင် သွားကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ တကယ့်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးအပိုင်းကို ကြိုးစားပေးပါ။ ဒီရင်းနှီးမြှုပ်နှံမှုအပိုင်းကိုပဲ လိုက်ပြီးတော့ ကြည့်မနေနဲ့။ ကျနော်တို့ ပြည်သူလူထု တကယ့်တကယ် လိုချင်တဲ့ဟာက ဒီ ငြိမ်းချမ်းရေး လိုချင်တယ်။ ဒါပေမယ့် ဒီနေရာတွေက ကျနော်တို့ အိုးမဲ့ အိမ်မဲ့ ဖြစ်စေမယ်။ ရွှေ့ရမှာ ပြောင်းရမှာ ပိုပြီးတော့ အခြေအနေ ပိုဆိုးလာစေနိုင်တဲ့ အနေအထားပေါ့” ဟု ၎င်းက ပြောဆိုသည်။
စိုင်းထမ်းအိုက်က “ရွာသူရွာသားတွေက ဒါကို (ဆည်တွေ) မလိုချင်ဘူးဆိုတာ အစကတည်းက ပြောလာတာ။ သူတို့ထုတ်ထဲ့ အချက်အလက်ကလည်း ပြည့်ပြည့်စုံစုံ မရှိပါဘူး။ သူတို့ ဘာပြောလဲဆိုတော့ ဒီရွှေ့ပြောင်းတဲ့ကိစ္စ လျော်ကြေးကိစ္စမှာ ပေါင်းလောင်းထက် မလျော့စေရဘူး ပြောတယ်” ဟု ကုမ္ပဏီဘက်မှ လာရောက်ချဉ်းကပ်မှုကို ပြောပြသည်။ ပျဉ်းမနား အရှေ့ဖက် ကီလိုမီတာ ၄၀ လောက်ရှိ အထက်ပေါင်းလောင်းဆည်ကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မဟာဓါတ်အားလိုင်းနှင့် ချိတ်ဆက်ခဲ့သည်။
“ပေါင်းလောင်းဆည်ကိစ္စဆိုတာ တဧကကို ၁၀ သိန်းလောက်နဲ့ လူထုဘ၀ အဲ့လောက် စုတ်ပြတ်သတ်သွားတာ။ ဒီတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ရွာသားတွေလည်း ဒီလောက် မအဘူး။ တကယ် တကယ် ဖြစ်ပျက်တဲ့နေရာ ရောက်ဖူး။ သွားလေ့လာဖူးတယ်ဆိုတော့ ဒါတွေ မဖြစ်သင့်ဘူးဆိုတာ အားလုံးက သိနေပြီးသားပဲ” ဟုလည်း သူပြောသည်။
ဒေသခံပြည်သူများ ရေအားလျှပ်စစ်အလိုရှိပါက ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သောအပတ် ရှမ်းပြည်အရှေ့ပိုင်းခရီးစဉ်အတွင်း ကျိုင်းတုံမြို့တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျိုင်းတုံဒေသခံများနှင့်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က ရေအားလျှပ်စစ် ထုတ်ရေးနဲ့ ပတ်သက်လို့ နည်းပညာအရလည်း ကြည့်ရတယ်။ ဘဏ္ဍာရေးအရလည်း ကြည့်ရတယ်။ ဒေသခံ ပြည်သူလူထုရဲ့ သဘောထားကိုလည်း လေ့လာရပါတယ်။ အားလုံးက တိုက်ဆိုင်ပြီး သဟဇာတ ဖြစ်တယ်ဆိုရင် ကျမတို့ဒီလို စီမံကိန်း အကောင်ထည်ဖော်ဖို့က အခက်အခဲ မရှိပါဘူး။ ရေအားကိုသုံးပြီး လျှပ်စစ်ဓါတ်အားထုတ်ဖို့ ပြည်သူလူထုက လိုလားတယ်ဆိုရင် ကျမတို့က အတတ်နိုင်ဆုံး လုပ်ပေးပါမယ်။ ကျမတို့ နိုင်ငံမှာ ဆိုရင် ဒီ သဘာဝပတ်ဝန်းကျင်နဲ့ပြည်သူလူထုရဲ့ လိုအပ်ချက် ဒီ နှစ်ခုကို အမြဲပဲ ကျမတို့က ကြည့်ပြီးတော့ ညှိရပါတယ်” ဟု ပြောသည်။
သို့သော် ဒေသခံများကန့်ကွက်သည့်ကြားမှပင် နမ္မတူ/မြစ်ငယ်မြစ်ပေါ်တွင် ဆည်များ တည်ဆောက်ရန် ကြိုးစားမှုများ ရှိနေသည်။ ရှမ်းပြည်မြောက်ပိုင်း သီပေါမှ ဒေသခံများကလည်း သီပေါမြို့အနီး ထိုမြစ်ပေါ်တွင် ဆည်တည်ဆောက်မည့် Unienergy ကုမ္ပဏီ ၏ အစီအစဉ်ကို ဆန့်ကျင်ကြပြီး စီမံကိန်းရပ်ရန် ထိုကုမ္ပဏီနှင့် အာဏာပိုင်များကို တောင်းဆိုနေကြသည်။
Unienergy သည် သီပေါတွင် နမ္မတူမြစ်အတွင်း စီးဝင်သည့် နမ့်မနှင့် နမ့်ပေါင် မြစ်လက်တက်များ တဝိုက် ပတ်ဝန်းကျင်ဒေသများသို့ သွားရောက်လေ့လာနေပြီး ၂၀၁၇ ခုနှစ်တွင် တကြိမ်နှင့် ယခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့များတွင် ဆိုင်းလင်းကျေးရွာအုပ်စုသို့ လာရောက်ကာ ဒေသခံများနှင့် လာရောက်တွေ့ဆုံရန် ကြိုးပမ်းသည်ဟု ထိုကျေးရွာအုပ်စုတွင်းရှိ ဒေသခံများကိုယ်စား စိုင်းဆာလူကပြောသည်။
“ဒီဆည်က ဘယ်လောက်ကြီးတယ်ဆိုတာကို ကုမ္ပဏီက ကျနော်တို့ကို မပြောသေးဘူး။ ဒါပေမယ့် ဆည်စီမံကိန်းက ကျနော်တို့ပြည်သူလူထု ကောင်းကျိုးမမြင်ဘဲ ဆိုးကျိုးပဲ မြင်တယ်” ဟုလည်း သူပြောသည်။
ထိုဆည်ကို တည်ဆောက်လိုက်ပါက ဆည်နေရာတဝိုက်ရှိ ကျေးရွာ ၃ ရွာသာမက ပတ်ဝန်းကျင်ရှိ စုစုပေါင်းကျေးရွာ ၂၁ ရွာနှင့် လယ်များ၊ လိမ္မော်ခြံများကိုပါ ရေမြှုပ်မည်ကို စိုးရိမ်သည်ဟု ဆိုသည်။