ပြည်တွင်း၌ အရန် စားနပ် ရိက္ခာနှင့် ဆန်စပါး သိုလှောင်ထားရှိရန် လိုအပ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က လွှတ်တော်သို့ တင်ပြ ဆွေးနွေးသည်။
ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ယင်းသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း တင်သွင်းသည့် ရာသီဥတု ဖောက်ပြန်သော ဒဏ် ဖြေ ရှင်းရန်၊ အရန် သီးနှံမျိုး၊ အရန်စပါး၊ အရန်ဆန်၊ အရန် ရိက္ခာ သိုလှောင်ထားရှိရန် ပြည်သူ့ လွှတ်တော်မှ အစိုးရသို့ တိုက် တွန်း ကြောင်း အဆိုကို တင်သွင်းရာ တပ်မတော်သား ကိုယ်စားလှယ်က အထက်ပါ အတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး မင်းမင်းက“ကျနော်တို့ နိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံ ဖြစ်သည့် အတွက် ရာသီဥတု ဖောက်ပြန်မှုကြောင့် ထိခိုက် ပျက်စီး လွယ်ပြီး တည်ငြိမ်မှု ပြန်ရရှိဖို့ ခက်ခဲပါတယ်။ စားနပ်ရိက္ခာ စိုက် ပျိုးရေး လုပ်ငန်းများ အတွက် အရန်ဆန်နှင့် အရန်ရိက္ခာများ အရန် သီးနှံ မျိုးစေ့များကို ကြိုတင် စီမံ ထားရှိဖို့ အထူး လို အပ်ပါတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ ရာသီဥတု ဖောက်ပြန်မှု အဆိုးဆုံး ကြုံတွေ့ခဲ့ရသော နိုင်ငံများ၏ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် အရေအတွက်များ ထဲတွင် မြန်မာ နိုင်ငံသည် ၄၁ ကြိမ်နှင့် အဆင့် ၁၀ တွင် ရှိနေကြောင်း ကိုလည်း ဆွေးနွေးခဲ့သည်။
ဗိုလ်မှူး မင်းမင်းက“မြန်မာ နိုင်ငံဟာ ရာသီဥတု ဖောက်ပြန်မှု အဆိုးဆုံး ကြုံတွေ့နေရသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် တတိယ အဆင့် ရှိနေပါတယ်”ဟု ပြောသည်။
ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု အဆိုးရွားဆုံး ကြုံတွေ့ရသည့် နိုင်ငံ ၁၀ နိုင်ငံတွင် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ စာရင်းဇယားများကို အခြေခံ ရေးသားထားသည့် German watch ၏ Global climate risk index (CRI) အစီရင်ခံစာမှ သိရှိရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအဆိုကို မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယနေ့ ကျင်းပသည့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးသာ ဆွေးနွေးခဲ့ပြီး အခြားပါတီနှင့် NLD ပါတီမှ ကိုယ်စားလှယ်များ ဆွေးနွေးခြင်း မရှိသည်ကို တွေ့ရသည်။
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဦးလှကျော်က ရာသီဥတု ပြောင်းလဲ ဖြစ်ပေါ် မှု ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင် တွက်ဆမှုများနှင့် အတူ ကာကွယ် စောင့် ရှောက်ခြင်း အစီအမံများကို စနစ်တကျ ဆောင်ရွက်ထားကြောင်း ၊ သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ပါကလည်း သက်ဆိုင်များနှင့် အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း လွှတ်တော်တွင် ပြန်လှန် ဖြေကြားခဲ့သည်။
ဘေးသင့် ပြည်သူများကို အချိန်မီ ထောက်ပံ့ ပေးနိုင်ရန် အတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ဗဟို သိုလှောင်ရုံများ ရှိ သည့် ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ်များရှိ သိုလှောင်ရုံများတွင် အရန်သင့် သို လှောင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ဦးလှကျော်က ပြောသည်။
၎င်းက“အဆိုပါ လုပ်ငန်းစဉ်တွေဟာ အမျိုးသား သဘာဝဘေးဆိုင်ရာ ဗဟိုကော်မတီက ချမှတ်ထားတဲ့ မူဝါဒ လမ်းညွှန် ချက်နဲ့ အညီဆောင်ရွက်လျက်ရှိသည့် အတွက် လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် အဆိုကို မှတ်တမ်း ဆွေးနွေး တာကို မှတ်တမ်း အဖြစ်ထားမည် ဖြစ်သည်”ဟု ဆိုသည်။
အဆို တင်သွင်းချိန်တွင် ထောက်ခံသူ ဘူးသီးတောင် အမတ် ဦးအောင်သောင်းရွှေက ယင်းအဆိုမှာ နိုင်ငံ အတွက် အမှန် တကယ် လိုအပ်သည့် အဆိုတရပ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် တရပ် ပေါ်ပေါက်လာပါက ပြည် တွင်း၊ ပြည်ပ အရပ်ဘက် အဖွဲ့အစည်းများနှင့် စေတနာရှင်၊ အလှူရှင် အဖွဲ့အစည်းများက အဓိက ကူညီ ထောက်ပံ့ပြီး အစိုးရ အနေဖြင့် စနစ်တကျ စီမံခန့်ခွဲမှု အားနည်းမှုများ ဆွေးနွေးခဲ့သည်။
ဦးစိန်ဝင်းသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်မှာ မအူပင် မဲဆန္ဒနယ်မှ NLD ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ NLD ပါတီမှ လူငယ် ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်း ခံရပြီး၊ ၂၀၁၆ နှစ် ကုန်ပိုင်းတွင် NLD ပါတီနှင့် သဘောထား မတိုင်ဆိုင်သည့် အတွက်ကြောင့် ပါတီမှ နုတ်ထွက်စာ တင်ခဲ့ပြီး ညီညွတ်သော ဒီမိုက ရက်တစ်ပါတီ (NUD) ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ဦးအောင်သောင်းရွှေက“NLD ကသာ ဒီအဆိုကို တင်ခဲ့မယ် ဆိုရင် အကောင်အထည် ဖော်မှာပါ။ ဦးစိန်ဝင်းက အဲဒီဘက် က ထွက်လာပြီးမှ ပါတီ ထောင်ပြီး လုပ်သွားတဲ့ သူတယောက် ဆိုတော့ အဆိုကို မှတ်တမ်း တင်လိုက်တယ် အဲဒီလိုပဲ မြင်တယ်။ ဒါဟာ ပုဂ္ဂိုလ် ရေး ဆန်သွားတဲ့ သဘော လို့ပဲ မြင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုအား မှတ်တမ်းတင်သင့်ကြောင်း ရှင်းလင်းခဲ့သဖြင့် အဆိုရှင် ဦးစိန်ဝင်းက မိမိ အဆိုအား အတည်ပြုပေးရန် လွှတ် တော်သို့ ပြောဆိုခဲ့ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဆိုရှင်၏ သဘောထား ကွဲလွဲသည့် အတွက် လွှတ်တော်၏ သဘော ထား ရယူရန် စက်ခလုပ်နှိပ် အသုံးပြု၍ ဆန္ဒမဲ ပေးသည့် နည်းလမ်း ဖြင့် မဲခွဲဆုံး ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံ ဆန္ဒမဲ ၁၅၀ မဲ ၊ ကန့်ကွက် ဆန္ဒမဲ ၂၀၁ မဲ၊ ကြားနေ ဆန္ဒမဲ ၃ မဲ ဖြစ်ပြီး ကန့်ကွက် သည့် ကိုယ်စားလှယ် ဦးရေများသည့် အတွက်ကြောင့် လွှတ်တော်က မှတ်တမ်း အဖြစ်သာ ထားမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။