သတင်း

ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တပ်မတော်သား အချို့ကျဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ ဒေသတွင် နယ်ခြား လုံခြုံရေး ဆောင်ရွက်နေသူများကို ဇူလိုင်လ ၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တပ်မတော်သားတချို့ ကျဆုံး သွားခဲ့ရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပြိုလက်ဝဲဒေသတွင် ဇူလိုင်လ ၆ ရက်နေ့ မနက် ၆ နာရီခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ အင်အား ၄၀ ခန့်ရှိသည့် အဖွဲ့တဖွဲ့ နှင့် အင်အား ၅၀ ခန့်ရှိမည့် အဖွဲ့တဖွဲ့ တို့၏ တိုက်ခိုက်မှု ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲဒီဖြစ်စဉ်မှာ ကျနေ်ာတို့ဘက်က စစ်သည် တချို့ ကျဆုံး၊ ဒဏ်ရာ ရရှိတယ်။ ရဲတွေလည်း ဒဏ်ရာ ရတဲ့သူတွေ ရှိတယ်။ တောင်ပြိုလက်ဝဲဘက်ကတော့ ARSA နဲ့ ဖြစ်တယ်လို့ပဲ ထင်တယ်။ အဲဒီဘက်မှာ လှုပ်ရှားနေရတာက ARSA အဖွဲ့ပဲ ရှိတယ်။ ဒီဟာက ARSA အဖွဲ့လို့ပဲ သုံးသပ်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ရှိသည့် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က အထက်ပါ ကိစ္စကို ကန့်ကွက်လိမ့်မည် ဖြစ်ကြောင်း၊ အစိုးရကလည်း ယခုလိုမျိုး ဖြစ်စဉ် ဖြစ်ပွားသည့် အခါတိုင်းတွင် ကန့်ကွက်မှုများ လုပ်ဆောင်လေ့ ရှိကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အခု နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းစာတွေမှာရော၊ မီဒီယာတွေမှာရော ရေးနေကြတာက ဒုက္ခသည်စခန်းတွေမှာ ARSA ရဲ့ လှုပ်ရှားမှုတွေ တွေ့နေရတယ်။ ကျနော်တို့ကတော့ ARSA က ပစ်တယ်လို့ပဲ ခန့်မှန်းပါတယ်။ အတည်ပြုလို့တော့ မရသေးဘူး” ဟု ပြောသည်။

ARSA အဖွဲ့ထံတွင် လက်နက်ကြီးများ ရှိနေသည်ကို ၎င်းတို့ ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်အချို့တွင် တွေ့ရသလို RPG နှင့် လက်လုပ်မိုင်းများလည်း ရှိကြောင်း၊ သို့သော် ယခုတကြိမ်တွင် မည်သည့် လက်နက်ကြီးနှင့် ပစ်လိုက်သည်ကို မခန့်မှန်းနိုင်ကြောင်း တပ်မတော်ဘက်မှ ပြောသည်။

ရက္ခိုင့် တပ်မတော် ထိပ်ပိုင်း အရာရှိတဦးကတော့ ယခုဖြစ်ခတ်မှုနှင့် ပတ်သက်ပြီး ၎င်းတို့လည်း ကြားသိရကြောင်း သို့သော်လည်း အဆိုပါ လက်သည်မှာ ARSA မဖြစ်နိုင်ဘဲ နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် လှုပ်ရှားနေသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) သာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “BP 42 ဘက် ဇီးရိုးလိုင်းနားမှာ သူတို့ (RSO အဖွဲ့) နေတယ်ဆိုတာကိုတော့ ကျနော်တို့လည်း သတင်း ကြားမိပါတယ်။ ARSA ကတော့ စခန်း ချနေလောက်အောင်အထိ အဆင့်မရှိဘူး။ ဖြစ်နိုင်ခြေရှိတာက RSO ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

RSO အဖွဲ့သည် ၂၀၁၄ ခုနှစ်ထဲတွင်လည်း နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကို ကျော်၍ မြန်မာလုံခြုံရေး အဖွဲ့များကို တိုက်ခိုက်ခဲ့ဖူးသည်။ ၎င်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းက လုံခြုံရေး အင်အားနည်းသည့် နေရာများကို အလစ်အငိုက်ယူ၍ တိုက်ခိုက်လေ့ရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် ခိုအောင်းနေသော RSO အဖွဲ့၏ ထိုသို့ တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် သိသာ ထင်ရှားသည့် အရေးယူ ဆောင်ရွက်မှုမျိုး မကြားသိရပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပစ်ခတ်မှုဆိုသည်မှာ သေချာပါက ယင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက် တိုက်ခိုက်၍ မရသဖြင့် ကန့်ကွက်သည့် နည်းလမ်းသာ ရှိကြောင်း၊ ARSA အဖွဲ့သည် ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ် နယ်မြေကို အသုံးပြုပြီး ဆက်လုပ်နေမည်ဆိုပါက မိမိတို့ဘက်မှ ခံစစ်ကို သေချာ ပြင်ဆင်ရန် လိုကြောင်း ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုး က “ARSA အင်အားကြီးလာရင် မောင်တော ဧရိယာမှာတော့ တည်ငြိမ်မှုကို ထိခိုက်နိုင်ပါတယ်။ ARSA က အင်အားကြီးလာဖို့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတကာ ကနေပြီးတော့ ဘူးသီးတောင်၊ မောင်တောကို အန္တရာယ်ကင်းဇုန်အချိန်အဖြစ် သတ်မှတ်ဖို့ နည်းမျိုးစုံနဲ့ တောင်းဆိုနေတာတွေ ရှိတယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “ဘူးသီးတောင်၊ မောင်တော ဧရိယာကို ဘင်္ဂလားဒေ့ရှ်က ဝင်သိမ်းပြီးတော့ ဘဂါၤလီတွေနဲ့ ပတ်သက်ပြီးတော့ အ န္တရာယ်ကင်းဇုန် သတ်မှတ်ချင်တယ်ဆိုတဲ့ အယူအဆမျိုးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်တယ်။ အမေရိကန် အောက်လွှတ်တော်မှာလည်း ဒီကိစ္စ၊ ဘူးသီးတောင်၊ မောင်တောဒေသကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပေးသင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတယ်”ဟု ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသကို ဘဂါၤလီများအတွက် အန္တရာယ်ကင်းဇုန် ထားမည်ဆိုသည့် အယူအဆသည် နည်းမျိုးစုံနှင့် ပေါ်ပေါက်နေသဖြင့် ယင်းအယူအဆသည် အန္တရာယ် ရှိကြောင်း၊ ယင်းအယူအဆကို မြန်မာဘက်က အလေးထား ဖြေရှင်းသင့်ကြောင်း အကြံပြုကြသည်။

ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသည့် ရက္ခိုင်စစ်တပ် (AA)နှင့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) တို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်း နှိမ်နင်းရန် နေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သည့် ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များကြား အစည်းအဝေးမှ သဘောတူညီခဲ့ကြသေးသည်။

ARSA ကို အကြမ်းဖက် အဖွဲ့ အဖြစ် အစိုးရက ကြေညာထားပြီး ယင်းအဖွဲ့ဝင်များ၊ ဆက်စပ်သူများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အစိုးရက အရေးယူလျက် ရှိသော်လည်း ၎င်းတို့အဖွဲ့က ဒေသန္တရ အုပ်ချုပ်ရေး ပျက်ပြားအောင် နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်တိုက်ခိုက်နေဆဲ ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်နယ်တွင် AA နှင့် ARSA တို့ကဲ့သို့ အခြေစိုက် လှုပ်ရှားသည့် လက်နက်ကိုင် အဖွဲ့ တချို့ ရှိနေပြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေသည့် အနေအထား ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပစ်ခတ်မှုတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် နယ်စပ်ခြံစည်းရိုး ကာရံနေသည့် တပ်မတော်အင်ဂျင်နီယာတပ် (GE) မှ ဝန်ထမ်းတဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ဖူးသည်။

ထိုနေ့က မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၄၁ အနီးတွင် နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသော မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်ကိုမူ သေချာ မသိရသော်လည်း တပ်မတော်က ARSA ၏ လုပ်ရပ်ဟု ထုတ်ပြန်ခဲ့သည်။

ရခိုင် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို ARSA အဖွဲ့က ၂၀၁၇ ခုနှစ်တွင် ဝင်ရောက် တိုက်ခိုက် ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ခဲ့ရာ ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံတကာ၏ ဖိအားပေးမှုများကို မြန်မာ အစိုးရ ရင်ဆိုင်နေရသည်။

ယင်းပြဿနာများကို အကြောင်းပြပြီး ပြီးခဲ့သည့် ဇွန်လက ပြုလုပ်ခဲ့သည့် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်က မွတ်ဆလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလား ဒေ့ရှိသို့ လွှဲပြောင်းပေးရေး လွှတ်တော် အမတ်တဦး၏ ပြောဆိုမှုကို တရားဝင် ကန့်ကွက်ရန် မြန်မာ အစိုးရက စဉ်းစားခဲ့သေးသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖော်မှုများမှာ အကြိမ်ကြိမ် မအောင်မမြင်ဖြစ်ကာ နှောင့်နှေးမှု အတွက် တဖက်နှင့်တဖက် အပြန်အလှန် အပြစ်တင်လျက် ရှိသည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ပြီး ပြန်လည်ပေါင်းစည်းနိုင်ရေး အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ သို့သော် လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်တွင် လုံခြုံရေးအရ နယ်မြေ ပြန်စိုးမိုးနိုင်ပြီဟု တပ်မတော် ပြော

ရခိုင် ဒေသတချို့ ဘင်္ဂလားဒေ့ရှ် လွှဲပေးရေး အမေရိကန် ပြောဆိုမှု ကန့်ကွက်ရန် စဉ်းစားနေဟု ဆို 

Did you find apk for android? You can find new Free Android Games and apps.
Loading