ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ ရှမ်ပြည်တိုးတတ်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား တိုက်ပွဲဖြစ်ပွားမည့် အခြေအနေကြောင့် နောင်လိုင်၊ လွယ်ဆာ၊ နာပုံ၊ ကောင်းဟုန်း ရွာများဘက်မှ ၁၅၄ ဦး ကျောက်မဲမြို့ပေါ်ရှိ နမ့်စံလင်း ဘုန်းကြီးကျောင်းသို့ ယမန်နေ့ညက စစ်ရှောင်လာသည်။
“သူတို့ဟိုဘက်က နှစ်ဘက်စစ်ရေးပြင်နေလို့ ရွာသူရွာသားတွေက ကြောက်ပြီး ဆင်းလာတာ။ သူတို့ မျက်နှာချင်းဆိုင် စစ်ရေးပြင်နေလို့။ RCSSနဲ့ SSPPပါ။ ရွာပြင်ရဲ့ ဟိုဘက်တောင်ကုန်းနဲ့ ဒီဘက် တောင်ကုန်းမှာ ပြင်ဆင်နေတော့ ကြောက် ကြတာ။ ရွာသုံးရွာက ဖိုခနောက် ပုံစံဖြစ်နေတော့ အဲဒီ တောင်ကျောက မလွတ်တော့ဘူး။ ထိတွေ့မှုတခုခုဖြစ်တာနဲ့ မလွတ် တော့ဘူးလေ” ဟု စစ်ဘေးရှောင် ပရဟိတအဖွဲ့အစည်းမှ ကိုအိုက်နှောင်က ဧရာဝတီသို့ ပြောကြားသည်။
၎င်းရွာသားများသည် ယခင်ကလည်းတိုက်ပွဲသံများကြား၍ စစ်ရှောင်နေကြရာမှ အေးချမ်းပြီးဆိုသဖြင့် ပြန်သွားကြသည် မှာ ရက်သတ္တ တပတ်ခန့်သာရှိသေးသည်။ ယခုအခါ ပြန်လည် စစ်ရှောင်လာကြ ခြင်းဖြစ်သည်။
တိုက်ပွဲရှောင်များအား ကူညီပေးနေသည့် ကိုသားဇော်က “ သူတို့က ရွာလုံးကျွတ်ပြေး လာကြတာ မဟုတ်ဘူး။ တချို့ သူတို့ လူကြီးက ပေးမထွက်သေးတဲ့ ရွာသားတချို့ ကျန်သေးတယ်” ဟု ၎င်းက ပြောကြားသည်။
လတ်တလော ၎င်း တိုက်ပွဲရှောင်များ၏ စားသောက်မှုကို ကျောက်မဲမြို့နယ် စစ်ရှောင်ကော်မတီက ဆန် ၁၀ပိုင်းနှင့် ဆီ တပုံး လာရောက် ပို့ဆောင်ပေးထားကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်ပိုင်းက နားပြိန်း၊ နားပုံ၊ နန်စစ်လင်း၊ လွယ်ဆာ၊ နန့်ပျဉ် နှင့် ပန်လော့ ရွာများမှ ရွာသားများ သည် ပစ်ခတ် အသံများ ကြားခြင်းကြောင့် တိုက်ပွဲရှောင်လာသူ တထောင်ကျော်အထိ ရှိလာခဲ့ရာမှ အေးချမ်းသဖြင့် သက်ဆိုင်ရာရပ်ရွာသို့ ပြန်သွားကြသည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။
“ကျန်းမာရေးမကောင်းတဲ့ အဘွားတွေက အရမ်းစိုးရိမ်ဖို့ကောင်းပါတယ်။ သူတို့က ပြေးလွှားရင်းနဲ့ပဲ သေရမလို ဖြစ်နေပြီ။ သူတို့က လေးတန်း ကလေးတွေ စာမေးပွဲပြီးတော့မှ ရွာပြန်သွားတာဆိုတော့ သိပ်တောင် မကြာသေးဘူး။ အခု ပြန်လာရ တယ်ဆိုတော့” ဟု ကိုအိုက်နှောင်က ဆိုသည်။
၂၀၁၈ခုနစ်အတွင်း (TNLA) နှင့် (RCSS)တိုက်ပွဲဖြစ်ပွားမှု အကြိမ် အရေအတွက်ပေါင်း ၄၀ခန့်ရှိပြီး (RCSS)နှင့် (SSPP) တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း ၁၀ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။