မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို အပြီးတိုင်ရပ်တန့်စေရေး လှုပ်ရှားသွားရန် နယ်ပယ်အသီးသီးမှ တက်ကြွ လှုပ်ရှားသူများ စုစည်း၍ “မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာ ကော်မတီ- အလုပ်အဖွဲ့” တခုကို ယနေ့ ဖွဲ့စည်း လိုက်သည်။
မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ နာရေးကူညီမှုအသင်း-ရန်ကုန်တွင် ကျင်းပခဲ့ပြီး၊ လူဦးရေ ၂၀၀ ခန့် တက်ရောက်ကာ အစည်းအဝေးတွင် ကော်မတီ-အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
ကော်မတီ-အလုပ်အဖွဲ့တွင် မြန်မာအစိမ်းရောင်ကွန်ရက်၊ မာတာ၊ ဒို့မြေကွန်ရက်၊ ဗကသများ အဖွဲ့ချုပ်၊ ရှေ့နေ ကွန်ရက်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ၊ သံလွင်သားချင်း ကွန်ရက်၊ မိုင်းပန်လူငယ်အဖွဲ့၊ ကချင် ဒေသခံများ အပါအဝင် အဖွဲ့အစည်း ၂၁ ဖွဲ့၊ တသီးပုဂ္ဂလ ၄ ဦးတို့ ပါဝင်သည်။
ကော်မတီတွင်း ပါဝင်မည့် သူများ၊ အဖွဲ့အစည်း ကိုယ်စားလှယ်များက ကွန်ရက်တွင် ပါဝင်မည်ဖြစ် ကြောင်း တဦး ချင်း၊ တဖွဲ့ချင်း အဆိုပြု ပါဝင်ကြခြင်း ဖြစ်သည်။
အစည်းအဝေးသို့ တတ်ရောက်လာသည့် စာရေးဆရာ ကိုတာက “ကျနော်က မြစ်ဆုံရေကာတာ ဆောက်မှာကို ဆန့်ကျင်ပါတယ်။ အရင်ကလည်း ဆန့်ကျင်ခဲ့ပါတယ်။ အခုလည်း ဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံအတွက် ဘာအကျိုးမှ မရပါဘူး”ဟု ပြောသည်။
အစည်းအဝေးတွင် စာရေးဆရာ ကိုတာအပြင် မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဦးထွန်းလွင်၊ စာပေတွင် သြဇာ ရှိသည့် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၊ စာရေးဆရာမ ဂျူး တို့ကလည်း စီမံကိန်းမှာ မြန်မာ ပြည်သူ လူထုအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးသာ များပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်မည့် ဆိုးကျိုးများ သားစဉ်မြေးဆက် ခံရမည့် အကြောင်းကို ပြောဆိုကြသည်။
မောင်စိန်ဝင်း (ပုတီးကုန်း)၊စာရေးဆရာမ ဂျူးတို့က မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံ ပြည်သူများမှာ အိုးအိမ်မဲ့ ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပျောက်ဆုံးခြင်း၊ သဘာပတ်ဝန်းကျင်နှင့် ရေသယံဇာတ ဆုံးရှုံးခြင်း ဆိုးကျိုး များသာ ရမည်ဖြစ်သဖြင့် စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းရမည်ဟု ပြောသည်။
မြစ်ဆုံသည် ကမ္ဘာပေါ်တွင် ရေသယံဇာတဖြစ်သည့် ရေခဲတောင်မှ ပျော်လာသည့် ရေခဲရေ၊ မုတ်သုန် မိုးမှ ရ သည့် ရေ၊ မြေအောက် သယံဇာတမှ ရေသည့် ရေ ၃မျိုးလုံးကို ပိုင်ဆိုင်ထားသည့် အဖိုးတန် မြစ် ဖြစ်သည်ဟု ဦးထွန်းလွင်က ပြောသည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်လာခြင်း၊ မုတ်သုန် ပြောင်းလဲလာခြင်း၊ မြေအောက် ရေသယံဇာတ လျော့ပါးလာခြင်းတို့ ကြုံနေရသည့်အပြင် ရာသီဥတုပြောင်းလဲခြင်းကြောင့် အပူလွန်ကဲလာသည့် အခါ ရေသယံဇာတ ရှားပါး ပြတ်လပ်သည့် ပြဿနာများ ရင်ဆိုင်ကြရမည်ဟု လည်း ဦးထွန်းလွင်က ဆိုသည်။
“၂ ဒီဂရီဆဲစီးယပ် ပိုလာရင် အဲ့နိုင်ငံမှာ မြစ်တွေချောင်းတွေ ရေခမ်းတာ စတွေ့ပါတယ်။ ၃ဒီဂရီ ဆဲစီးယပ် ပိုလာရင် မြေအောက်ရေတွေ ဆုတ်တယ်လို့ အတိအလင်းသိပ္ပံတွေ့ရှိချက် ရှိထားပါတယ်”ဟု ဦးထွန်းလွင်က ပြောသည်။
အင်္ဂလန်နိုင်ငံအခြေစိုက် သုတေသနစင်တာက ၂၁၀၀ ခုနှစ်အထိ အရှေ့တောင်အာရှနိုင်ငံများအပေါ် သုတေ သန ပြုလုပ်ချက်အရ မြန်မာနိုင်ငံသည် ၅ ဒီဂရီဆဲစီးယပ်ထိ အပူချိန် မြင့်တတ်လာမည် ဖြစ်သည်ဟု ဦးထွန်းလွင်က ပြောသည်။
မြန်မာပြည် အလယ်ပိုင်း ဒေသတလျှောက် စိုက်ပျိုးရေးအဓိက လုပ်ကိုင်သည့် ဒေသများကလည်း ဧရာဝတီမြစ် မှ ရေသယံဇာတကို မှီခိုနေရသည်။
ဦးထွန်းလွင်က “ဒီလောက်လျှပ်စစ်က အရေးကြီးနေလား။ ဒါကြီးကို ဆောက်ရမယ်ဆို ဘာလို့ ကျနော် တို့က ၅ရာခိုင်နှုန်းပဲ ရတာလဲ။ ကျနော်တို့က လိုအပ်နေတာလေ။ ၉၅ရာခိုင်နှုန်းယူလေ။ အခုလုပ်ထား တာကြီးက မမျှမတပဲ”ဟုလည်း ပြော သည်။
မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်နှင့် တောင်းဆိုချက်အဖြစ် အချက် ၇ ချက် ထုတ်ပြန်သည်။
ထိုအထဲတွင် မြစ်ဆုံကို အပြီးတိုင် ရပ်ဆိုင်းရေး အပါအဝင် စီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူ လူထု၏ သဘောထား ကို အလေးထားရန်၊ အနာဂတ် လူသားများ၏ လူမှုဘဝ ဖြစ်တည်မှုကိုပါ ထည့်စဉ်းစားရန်၊ စီမံကိန်း စာချုပ် ကြောင့် နိုင်ငံ ကို အခြားတနိုင်ငံက နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး အရ အကျပ်ကိုင် ခြိမ်းခြောက်မှု မဖြစ်စေရန် အထူးဂရုပြုရန်ဟူသည့် အချက်များ ပါဝင်သည်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်သမ္မတ ဟူကျင်း တောင် တို့က သဘောတူကာ နှစ်နိုင်ငံကြား စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါ အချက်အလက် များကို လူထုအား ချပြခြင်း မရှိပါ။
မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသည် အကြီးစား ရေကာတာ စီမံကိန်းတခုဖြစ်ပြီး ယင်းစီမံကိန်းထဲ၌ မေခ၊ မလိခမြစ်များ ပေါ်တွင် ဆည် ၇ ခုခန့်လည်း ဆောက်လုပ်မည် ဖြစ်သည်။
စီမံကိန်း တည်ဆောက်ပြီးပါက ခန့်မှန်းခြေ ထွက်ရှိမည့် လျှပ်စစ်မီဂါဝပ် ၆၀၀၀ ထဲမှ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိ မည် ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက ရရှိမည်ဟု သဘောတူညီထားသည်။
မြစ်ဆုံ စီမံကိန်း၏ တန်ကြေး စုစုပေါင်း ဒေါ်လာသန်း ၃၆၀၀ ခန့်ရှိကာ တရုတ်အစိုးရ၏ တရုတ် လျှပ်စစ်စွမ်းအား ရင်းနှီး မြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) က ရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်း၊ မြန်မာ အစိုးရမှ ၁၅ ရာခိုင်နှုန်းနှင့် အေးရှားဝေါ ကုမ္ပဏီမှ ၅ ရာခိုင်နှုန်း ရှယ်ယာပါဝင်ထားကြသည်။
အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုနှင့် နယ်ပယ်စုံမှ ဝိုင်းဝန်းကန့်ကွက်သဖြင့် သမ္မတဦးသိန်းစိန် လက်ထက်က ၎င်းသမ္မတ သက်တမ်းအတွင်း စီမံကိန်းကို ရပ်ဆိုင်းခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင် တရုတ်နိုင်ငံက စီမံကိန်း ပြန်စရန် ပြောဆိုဆောင်ရွက်နေသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ရက်နေ့ ပဲခူးတိုင်း အနောက် ခြမ်း ပြည်မြို့ ခရီးစဉ် တွင် “ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြီးကျယ်တဲ့ စီမံကိန်းကြီး တွေနဲ့ ပတ်သက် လို့ပဲ ဖြစ်ဖြစ် ကျမ တို့ ပြည်သူလူထုဟာ အမြင်ကျယ် ကျယ်နဲ့ အဖက် ဖက်ကနေ စဉ်းစားစေချင်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်၊ ကျမတို့နိုင်ငံကို ကမ္ဘာက ယုံကြည်မှုရဖို့အတွက် ကျမတို့က စကားတည်ဖို့လိုတယ်နော်” ဟု ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံကလည်း ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကို စီမံကိန်းကို ထောက်ခံပေးရန် ဖိအားပေး ပြောဆိုမှုများ ရှိသလို ဒေသခံများ၊ နိုင်ငံရေးပါတီများကိုလည်း စီမံကိန်းကို လက်ခံပေးရန် စည်းရုံးမှုများ ရှိနေသည်။
မတ် ၃၀က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက မြစ်ဆုံစီမံကိန်းစာချုပ်မှာ ယခင်အစိုးရများ ချုပ်ဆိုသွားသော်လည်း ယခုအစိုးရမှ စာချုပ်အပေါ် တာဝန်ယူမှု တာဝန်ခံမှု ပြုပြီး အကောင်းဆုံးအနေအထား ဖြစ်စေရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ အချိန်တန်ပါက လူထုကို ချပြ မည်ဖြစ်သော်လည်း အချိန်အတိအကျကို မပြောနိုင်သေးပါဟု ပြောသည်။
“ဒီကိစ္စက ထိလွယ်ရှလွယ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ စီမံကိန်းလည်း ဖြစ်တယ်။ မြန်မာနိုင်ငံ အတွက် လည်း အရေးကြီးတယ်။ လူထုအတွက်လည်း အရေးကြီးတယ်”ဟုလည်း ဦးဇော်ဌေးက ပြောသည်။
မြစ်ဆုံစီမံကိန်းကြောင့် ရွာ ၅ ရွာမှ ဒေသခံ ထောင်ချီသည် ဘိုးဘွားပိုင်မြေနှင့် စိုက်ပျိုးမြေများ ဆုံးရှုံးကာ CPI မှ အသစ် ဆောက်ပေးသည့် အိမ်ရာများကို ပြောင်းရွှေ့ခဲ့ရသော်လည်း အလုပ်အကိုင်မရှိ၊ စိုက်ပျိုးမြေ မရှိသဖြင့် တရုတ်ဘက်မှ ထောက်ပံ့သည့် စားနပ်ရိက္ခာကို မှီခိုနေရသည်။
စီမံကိန်းကို ကန့်ကွက်သည့် တတ်ကြွလှုပ်ရှားသူ ဒေသခံအချို့က ၎င်းတို့ပိုင် မြေနေရာများကို ပြန်လည် ဝင်ရောက် နေထိုင်ကြပြီး ထိုသို့ နေရပ်ပြန်သူများကို တရုတ်ကုမ္ပဏီက ဆန်နှင့် ငွေ ထောက်ပံ့မှုများ ရပ်ဆိုင်းထားသည်။
ဆက်စပ်ဖတ်ရှုရန် –
မြစ်ဆုံ စီမံကိန်းကို မဆန့်ကျင်ကြောင်း တရုတ် သံရုံး ထုတ်ပြန်ချက် မှားယွင်းနေ ဟုဆို
မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းပေးရန် မြစ်ကြီးနားတွင် ဆန္ဒပြ
စီမံကိန်းကြီးတွေနှင့် ပတ်သက်လျှင် စကားတည် ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော