တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် တီဘီ ရောဂါ ဖြစ်ပွားမှု ကျဆင်းလာသော်လည်း လူဦးရေ သိပ်သည်းမှု များပြားသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် ဖြစ်ပွားနှုန်း သိသိသာသာ ကျဆင်းခြင်း မရှိကြောင်း နိုင်ငံတဝန်း တီဘီ ရောဂါ ဖြစ်ပွားမှု စစ် တမ်း (၂၀၁၇-၂၀၁၈) အရ သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး (ရောဂါ နှိမ်နင်းရေး) ဒေါက်တာ စည်သူအောင်က“ရန်ကုန်မှာ က ဖြစ်ပွားမှုနှုန်း ယောင်ယောင်လေးပဲ ကျတယ်။ ဘာလို့လဲ ဆိုတော့ လူဦးရေ များတယ်။ လိုင်းကားစီးတာတို့ ကူးလူး သွားလာတာတွေ များတဲ့ အတွက် ကူးစက်မှုက ရှိနေတယ်”ဟု ပြောသည်။
နိုင်ငံအဝန်း တီဘီ ရောဂါ ဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့် ကျဆင်းနေသည့်တိုင် မြန်မာနိုင်ငံသည် ကမ္ဘာ့ တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးသော နိုင်ငံ ၃၀ တွင် ပါဝင်နေဆဲ ဖြစ်ပြီး တီဘီရောဂါ ဖြစ်ပွားသူများ၏ ၇၃ ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်ကြောင်း စစ်တမ်း အရ သိရသည်။
ဒေါက်တာ စည်သူအောင်က“အမျိုးသားတွေက အမျိုးသမီးတွေထက် အပြင်မှာ သွားလာရတာတွေ၊ အလုပ်အကိုင် လုပ်ရ တာတွေ များတော့ ပိုဖြစ်သလို၊ ဖြစ်တာကိုလည်း ပိုတွေ့ရတဲ့ သဘောပါ”ဟု ပြောသည်။
၂၀၀၉-၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်း အရ လူဦးရေ ၁ သိန်းတွင် ပိုးပေါက် တီဘီ (culture positive) ရောဂါ ဖြစ် ပွားသူ ၅၀၂ ဦး ရှိခဲ့ပြီး ယခု စစ်တမ်း တွေ့ရှိချက် အရ လူဦးရေ ၁ သိန်းတွင် ပိုးပေါက်တီဘီ (culture positive) ရောဂါ ဖြစ် ပွားသူ ၂၄၂ ဦးသို့ လျော့ကျလာပြီး ဆေးယဉ်ပါး တီဘီ ဖြစ်ပွားမှုမှာ စစ်တမ်း ကောက်ယူသူများ အတွင်း ၃ ရာခိုင်နှုန်းသာ တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က သိရသည်။
အမျိုးသား တီဘီ ရောဂါ တိုက်ဖျက်ရေး စီမံကိန်း ဗဟို (ရန်ကုန်) ဒေါက်တာ ဇော်မြင့်က“ရန်ကုန်မှာဆို လူဦးရေ ထူထပ် တဲ့မြို့နယ်တွေ ဥပမာ လှိုင်သာယာတို့ ရွှေပြည်သာတို့ မင်္ဂလာဒုံတို့ အင်းစိန်တို့ တောင်ဒဂုံတို့ ဒီနေရာတွေကတော့ အဖြစ် များတဲ့ မြို့နယ်တွေပေါ့”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် တီဘီ ရောဂါ စစ်တမ်း ကောက်ယူမှုကို ပထမဦးဆုံး အကြိမ် ၁၉၇၂ ခုနှစ်၊ ဒုတိယ အကြိမ် ၁၉၉၄ ခုနှစ်နှင့် တတိယ အကြိမ် အဖြစ် ၂၀၀၉ -၂၀၁၀ နှစ် တို့တွင်လည်း စစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့ဖူးသည်။
ရန်ကုန်တိုင်းသည် လူဦးရေ များပြားခြင်း အပြင် ပြည်သူ လူထုကြားတွင် ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်း၊ ကျန်းမာရေး ဆိုင်ရာ ပညာပေးမှု နည်းပါးခြင်း တို့ကြောင့်လည်း ကူးစက်မှု ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ပြီး HIV-TB ဝေဒနာရှင်များကိုလည်း စောင့်ရှောက်ရေး ဂေဟာ ဖွင့်လှစ်ပြီး ပြုစုစောင့်ရှောက်နေ သူ ဒေါ်ဖြူဖြူသင်းက ပြောသည်။
ဒေါ်ဖြူဖြူသင်းက“အဓိကကတော့ ပညာပေးမှု အပိုင်းလည်း ပိုလိုတယ်လို့ ထင်တယ်။ ပိုပြီး ဂရုစိုက်ဖို့ လိုတယ်။ အဲဒီလို မလုပ်ထားဘူး ဆိုရင် လူဦးရေ များလာတာနဲ့ အမျှ ဒီရောဂါက လျော့ကျသွားမှာ မဟုတ်ဘူး။ ပိုပြီး တိုးလာမယ်၊ ပိုပြီး ဆိုး ဆိုး ရွားရွား ဖြစ်လာမယ့် သဘောပဲ”ဟု ဆိုသည်။
အမျိုးသား တီဘီ ရောဂါ တိုက်ဖျက်ရေး စီမံချက်မှ ၂၀၁၈ ခုနှစ်တွင် တီဘီ ရောဂါလူနာ ၁ သိန်း ၃ သောင်း ၅ ထောင် ကျော်ကို ကုသမှု ပေးခဲ့ရာ ကုသမှု အောင်မြင်နှုန်းမှာ ၈၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ လူဦးရေ ၁ သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ ဦးနှင့် ရောဂါကြောင့် သေဆုံးသူ ၅၁ ဦး ရှိကြောင်း ကမ္ဘာ့ တီဘီ ရောဂါ အစီရင်ခံစာ ၂၀၁၈ တွင် ပါရှိသည်။