ဦးစိန္တိတအား တပ်မတော်မှ ၅၀၅(ခ) ဖြင့် တရားစွဲဆိုမှု တရားရုံး ပလပ်
ရွှေဝါရောင် ဆရာတော် တပါးဖြစ်သည့် ဦးစိန္တိတကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူပေး ရန် တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကို ပြည်ကြီးတံခွန်တရားရုံးက ဇူလိုင်လ ၂၃ရက်နေ့က ပလပ် ကြောင်း အမိန့်ချခဲ့သည်။
၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင် ပါဝင်သည့် ဆရာတော်ဦးစိန္တိတသည် တပ်မတော်နှင့်ပတ်သက်၍ သူ၏ Facebook စာမျက်နှာတွင် တပ်မတော်ကို အကြည်ညို ဖျက်စေရန် ဝေဖန် ရေးသားခြင်းများ ပြုလုပ်နေသည်ဟုဆိုကာ အမှတ်၂ ပင်မလျှပ်/စက်မှ ဒုတိယ ဗိုလ်မှုးကြီး သန့်ဇော်ဦးက မေလ၂၈ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ ခြင်းဖြစ်သည်။
ပြည်ကြီးတံခွန် မြို့နယ် တရားရုံးမှ တရားသူကြီး ဦးအောင်ကျော်ဦးက “လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြတယ် ဆို ပြီး စွဲတာ၊ ရဲစခန်းက စုံစမ်း စစ်ဆေးတော့ ဒီအတိုင်း ပေါ်ပေါက်တယ်၊ ဥပဒေရုံးကနေ ပြန်ကြားတယ်၊ အဲဒါကို စစ်မယ် ဆိုရင် လူမှုကွန်ရက်မှာ ဖော်ပြတာ ဖြစ်တာကြောင့် ဆက်သွယ်ရေး ဥပဒေနဲ့ပဲ တရားစွဲရန် အကြောင်းတရား ပေါ်ပေါက် နေ တယ်၊ ဆက်သွယ်ရေး ဥပဒေနဲ့ စွဲမယ်ဆို ၆၆(ဃ)နဲ့သာ စွဲရမှာ ဖြစ်တယ် ဒါကိုတရားရုံးတော်မှာ ဦးတိုက် လျှောက် ထားတာ ဖြစ်တဲ့အတွက် ဆရာတော်ကို ၅၀၅(ခ)နဲ့ တရားစွဲဖို့ အကြောင်းတစုံတရာ မပေါ်ပေါက် ဘူးဆိုပြီးတော့ ပလပ် လိုက် တာပါ”ဟု ပြောသည်။
တပ်မတော်ဘက်က ဦးတိုက် လျှောက်ထားခဲ့မှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ရာကြီးမှု အမှတ် (၅၃၄/ ၂၀၁၉) အရ လက်ခံကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ရဲတပ်ဖွဲ့သို့ ချထားပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဇွန်လ ၆ ရက်နေ့က ဆရာတော် ဦးစိန္တိတ သီတင်း သုံးရာ ပြည်ကြီးတံခွန်မြို့နယ် မလိခ ဝါဆိုကျောင်းတိုက်သို့ သွားရောက်စစ်ဆေးခဲ့ပြီး ဇွန်လ ၁၁ရက်နေ့က တရားရုံးသို့ ပြန်လည်ပေးပို့ခဲ့သည်။
ရဲ စစ်ဆေးချက်အရ ဆရာတော်အား စွဲဆိုရာတွင် ဆက်သွယ်ရေး ဥပဒေဖြင့်သာ စွဲဆိုရမည့် အနေအထား ဖြစ်ပြီး ထို ဥပဒေဖြင့် တရားစွဲဆိုပါက ရဲစခန်းတွင် အမှုဖွင့် ရမည်ဖြစ်သည့် အပြင် ဆက်သွယ်ရေးဝန်ကြီးဌာန ခွင့်ပြုစာ ပါရှိရမည် ဖြစ်သည့်အတွက် အမှုမှ ပလပ်ခြင်းဟု သိရသည်။
“ဦးဇင်း အနေနဲ့ ကတော့ ဘာမှ ထွေထွေထူးထူး မပြောချင်ပါဘူး၊ ဒီကိစ္စကိုတကယ်တမ်းဆိုရင် စွဲလို့မရဘဲ စွဲကြတာပါ၊ ဒါကိုလည်း သူတို့သိကြမှာပါ”ဟု ဆရာတော် ဦးစိန္တိတက မိန့်သည်။

ပုဒ်မ ၅၀၅ (ခ) ကိုသာ ဦးတည်သည့် ယခု တပ်မတော်၏ တိုင်ကြားချက်ကို တရားရုံးက ပလပ်လိုက်ခြင်းသာဖြစ်ပြီး အကယ်၍ တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုပါက စွဲဆိုနိုင်သေးကြောင်း သိရသည်။
“သူတို့ဘက်ကနေ ၆၆-ဃနဲ့ စွဲမလား၊ မစွဲဘူးလားဆိုတာကို စောင့်ကြည့်သွားရမှာပါ၊ စွဲလာခဲ့ရင်လည်း ရင်ဆိုင် ဖြေရှင်းရမှာ ပေါ့လေ၊ ဒါပေမယ့် တရားသူကြီး တယောက်အနေနဲ့ လမ်းကြောင်းခင်း သလိုမျိုး ပြောတာတော့ မကောင်းဘူးပေါ့နော်”ဟု ဆရာတော် ဦးစိန္တိတက ဆက်လက် မိန့်၏။
ဆရာတော်သည် လူမှုကွန်ရက်တွင် တပ်မတော်သားများအား စစ်ပုန်ကန်ခြင်းကိုသော် လည်းကောင်း၊ မိမိ၏ တာဝန် ဝတ္တရားများကို မလေးစားခြင်းသော် လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်ကောင်း ဖြစ်စေရန်၊ မည်သူမဆို ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ၊ ထုတ်ပြန် ကြေငြာရန် အကြံဖြင့်သော် လည်းကောင်း၊ နိုင်ငံတော် အစိုးရ ကိုဖြစ်စေ၊ ငြိမ်ဝပ်ပိပြားမှုကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တဦးတယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူ ကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တစ်ခုခု ဖြစ်စေရန် အကြံရှိပြီး လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့် တစ်ဖက် ပြစ်မှု ကျူး လွန်အောင် လှုံ့ဆော်ရန် အကြံဖြင့် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခြင်း၊ အခြားစာမျက်နှာ မှ ကူးယူ ဖော်ပြခြင်းနှင့် ကောလာဟလသတင်းများ ဖြန့်ချိခြင်းများ ပြုလုပ်နေသည့် အတွက်ဟုဆိုကာ တရားရုံး ဦးတိုက်လျှောက်ထား ခဲ့ခြင်း ဟု သိရသည်။
“ဦးဇင်းအနေနဲ့ကတော့အပြုသဘောနဲ့ထောက်ပြဝေဖန်တာပဲ ရှိတယ်၊ တပ်မတော်ဘက်က ယူဆထားသလိုမျိုး မရည် ရွယ်ပေမယ့် အပြုသဘောနဲ့ ထောက်ပြဝေဖန်တာကို တပ်မတော်အနေနဲ့ လက်ခံနိုင်စွမ်းရှိရမယ်၊ လက်ခံပေးဖို့ လို တယ်”ဟု မိန့်သည်
ယခုအမှုအား ပလပ်သည့် ကိစ္စနှင့်ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက “ဘာမှတော့ ပြောစရာမရှိပါဘူး ၊ တရားဥပဒေဆုံးဖြတ်ချက်အတိုင်းပါပဲ”ဟု မီဒီယာများကို ဖြေကြားထားသည်။