တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် တိုက်ပွဲများ ရပ်တန့်ရေး တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် NRPC ကြား သဘောတူညီကြောင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် ပူးတွဲ ထုတ်ပြန်ခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ပလောင်(တအန်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)တို့ ပါဝင်သော မြောက်ပိုင်း မဟာမိတ် လေးဖွဲ့နှင့် အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံ ဆွေးနွေးအပြီး အထက်ပါအတိုင်း သဘောတူညီမှု ရယူခဲ့ကြခြင်း ဖြစ်သည်။
သြဂုတ်လ ၃၁ ရက်က ပူးတွဲ ထုတ်ပြန်ချက်၌ တွေ့ဆုံရာတွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး၊ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်၍ ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြပါသည်ဟု ဖော်ပြပါရှိသည်။
“ဆွေးနွေးပွဲတွင် တပ်နေရာ ချထားရေး ဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ ဆောင်ရွက် မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်”ဟု ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။
နောက်တကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆-၁၇ ရက်တွင် တွေ့ဆုံရန် တွေ့ဆုံမည့် နေရာကို နှစ်ဖက် ဆက်လက် ညှိနှိုင်းရန် သဘောတူညီခဲ့ကြပါသည် ဟုလည်း ဆိုထားသည်။
အစိုးရ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးပွဲတွင် ပါဝင်သော ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)က ယနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ယခင်ကထက် ပိုပြီး အပြုသဘောဆောင်ကြောင်းနှင့် နောက်ထပ် တွေ့ဆုံမည့် နေရာကို ညှိနှိုင်းရန် လိုနေသေးကြောင်း ဧရာဝတီသို့ ပြောသည်။
“သူတို့ အဆိုပြုတဲ့ Bilateral Ceasefire Agreement မှာ အသေးစိတ်တွေ မပါပါ၊ မူသဘောထားတွေသာ ဖြစ်ပါတယ်။ ယခင် အချက်တချက်ကလွဲပြီး ကျန်တဲ့အချက်တွေ ညှိနှိုင်းလို့ ရနိုင်ပါတယ်။ နောက်တကြိမ်က စက်တင်ဘာလ ၁၆-၁၇ ရက်မှာ ထပ်မံ တွေ့ဆုံရန် ဖြစ်ပါတယ်။ တွေ့ဆုံမယ့် နေရာကိုတော့ သူတို့က ပန်ဆန်း(သို့မဟုတ်) တရုတ်ပြည် တွင်း အဆိုပြုထားပြီး ကျနော်တို့ကတော့ ယခု ကျိုင်းတုံမှာပဲ ပြန်လည် တွေ့ဆုံရန် အဆိုပြုထားပါတယ်”ဟု ၎င်းက ပြောသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့နှင့် NRPC တို့ ယနေ့ သြဂုတ်လ ၃၁ ရက်က ဆွေးနွေးပွဲတွင် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးသည့်နောက်
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)နှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်းသွားရန်လည်း သဘောတူညီခဲ့ကြကြောင်း၊ နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးဆန္ဒ အပြည့်အဝဖြင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပူးတွဲ ထုတ်ပြန်ခဲ့ကြသည်။
NCA ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းက ဆွေးနွေးပွဲမှာ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ရပ်တန့်ရေး ဆွေးနွေးကြခြင်းနှင့် စက်တင်ဘာ လလယ်မှာ ပြန်လည် တွေ့ဆုံရန် သဘောတူညီမှုသည် အပြုသဘောဆောင်ကြောင်းနှင့် အဆုံးအဖြတ်ပေးနိုင် မည့် ခေါင်းဆောင်များ ပါဝင်ဆွေးနွေးပါက ပိုမိုကောင်းမွန်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီဆွေးနွေးပွဲရဲ့ အဓိက ဆွေးနွေးတဲ့ ခေါင်းစဉ်တခုက ရှမ်းမြောက် ပြည်ထောင်စုလမ်းမတလျှောက် ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖြစ်တော့ တိုက်ပွဲရပ်ဖို့ သူတို့ ခေါင်းဆောင်တွေထံ တင်ပြပြီး လိုအပ်သလို ဆောင်ရွက် သွားမယ်လို့ ညီနောင် မဟာမိတ် သုံးဖွဲ့က ပြောတယ်ဆိုတော့ မကြာမီ တိုက်ပွဲတွေ ရပ်တန့်နိုင်လိမ့်မယ် ထင်ပါ တယ်။ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်လုံးက အပြန်အလှန် ညှိနှိုင်းဆွေးနွေးချက်တွေ၊ အဆိုပြုချက်တွေကို သက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တွေဆီ တင်ပြပြီးမှ နောက်ဆွေးနွေးပွဲတွေမှာ ပြန်လည် ယူဆောင်လာပြီး ထပ်မံ ဆွေး နွေးကြမယ်ဆိုတဲ့ အဆင့်ပဲ ဖြစ်တော့ နောက်နောင်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေပါရင် ဆွေးနွေးပွဲတွေက ပိုမို ထိရောက်မလားလို့ မြင်တယ်ဗျ”ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနက် TNLA၊ MNDAA၊ AA တို့ ၃ ဖွဲ့သည် ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် နှင့် တိုးဂိတ် အပါအဝင် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးဂိတ်၊ ရဲစခန်းနှင့် မြို့ရှောင်လမ်း တိုးဂိတ် စသည့် နေရာ ၆ နေရာကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် တပ်မတော် အရာရှိ စစ်သည် အပါအဝင် ရဲနှင့် အရပ်သား စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၈၂၁ ဖိုး ဖျက်စီး ဆုံးရှုံးသွားခဲ့သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ တို့ အပစ်ရပ်စာချုပ်အတွက် ကျိုင်းတုံမြို့တွင် ဆွေးနွေးနေသည့် ယနေ့ ဩဂုတ်လ ၃၁ ရက် မနက်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟစ်ကျေးရွာအတွင်း တိုက်ပွဲကြောင့် လက်နက်ကျည်ကြီးများ ကျပြီး ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာများ ရရှိထားသည်ဟု သတင်းရရှိသည်။
ဆက်စပ်ဖတ်ရှုရန် –
အပစ်ရပ်ဆွေးနွေးနေသော်လည်း လက်နက်ကြီးကျည်ကျ၍ အရပ်သား ၅ ဦး သေဆုံး