ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်း ၂၀၁၉ ခု ဖေဖော်ဝါရီမှ အောက်တိုဘာအထိ ၉ လတာ ကာလ အတွင်း လူ ၁၀ ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ် ရဲတပ်ဖွ့ဲမှူးထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၂၁ ရက်နေ့အထိ သေဆုံးသူ အမျိုးသား ၈ ဦး အမျိုးသမီး ၂ ဦး ရှိပြီး အသက် ၂၁ နှစ်အရွယ်မှ အသက် ၇၉ နှစ်အရွယ်အထိ ပါဝင်သည်။
“အများစု တွေ့ရသလောက်ကတော့ အရက်ကြောင် ကြောင်တာပဲ။ အရက်ကို ဆေးရုံမှာ မဖြတ်ဘူး၊ အိမ်မှာ မသောက် မစားပဲ ဒီအတိုင်း ဖြတ်လိုက်ကြတာ။ အရက်ကြောင့် မဟုတ်တဲ့ဟာတွေမှာတော့ အိမ်နီးနားချင်း စောင့်ရှောက်မှု အဲဒါတွေ ကလည်း နည်းလာတယ် လူတွေမှာ။ တယောက်နဲ့တယောက်က ဒုက္ခရောက်ကြတယ်ဆိုရင် လှည့်မကြည့်ကြတော့ဘူး။ သူတယောက်တည်း စိတ်ညစ်နေတာကို ဝိုင်းဝန်းပြီး ဖြေသိမ့်ပေးမယ့် လူမရှိဘူး။ အဲဒီလိုမျိုးတွေတော့ တွေ့ရတယ်” ဟု ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှကိုကိုက ပြောသည်။
သေဆုံးသူ ၁၀ ဦးတွင် ပေါင်းတည်မြို့ပေါ် ရပ်ကွက်များတွင် နေထိုင်သူ ၆ ဦး ပါဝင်ကာ ကျေးလက်ဒေသများမှ ၄ ဦးတို့ ဖြစ်ကြပြီး အသက် ၄၀ နှစ် အထက် ၅ ဦးနှင့် ၃၅ နှစ်အောက် လူငယ် ၅ ဦးတို့ဖြစ်သည်။
သေဆုံးရသည့် အကြောင်းအရင်းများကို ဆန်းစစ်ရာတွင် အရက်ဖြတ်ထားစဉ် စိတ်ဖောက်ပြန်၍ သတ်သေသွားသူ ၂ ဦး၊ သမီးရည်းစားကိစ္စ အဆင်မပြေ၍ သတ်သေသွားသူ ၂ ဦး၊ ဇနီးသည် အိမ်ပေါ်က ဆင်းသွား၍ အိမ်ထောင်ရေး အဆင် မပြေသူ ၁ ဦး၊ ငွေရေးကြေးရေး အဆင်မပြေသူ ၂ ဦး၊ စိတ်ကျရောဂါနှင့် တခြားရောဂါရှိသူ ၂ ဦးနှင့် သားရေးသမီးရေး လူမှုရေးကိစ္စ အဆင်မပြေသူ ၁ ဦး တို့ဖြစ်ပြီး ဆယ်ဦးစလုံးမှာ ကြိုးဆွဲချ သေဆုံးခဲ့ကြသူများ ဖြစ်သည်ဟု သိရသည်။
၎င်းတို့အထဲတွင် အစိုးရဝန်ထမ်း အခွန်ဦးစီးဌာန ဒုဦးစီးမှူး အဆင့်ရှိသူ ၁ ဦး၊ ပုဂ္ဂလိကချေးငွေလုပ်ငန်း ဘဏ်ငွေသိမ်း စာရေး ၁ ဦး၊ လက်သမားဆရာ ၁ ဦး၊ ကိုရင်တပါးနှင့် အခြား သေဆုံးသူများမှာ ဈေးသည်နှင့် ကျပန်းလုပ်ကိုင် စားသောက် နေသူများ ဖြစ်ကြသည်။
“ကျနော်တို့မြို့မှာ နေ့စဉ်ရက်ဆက် ဒီလောက်ကြီး ဖြစ်တာ တခါမှ မကြုံဖူးဘူး၊ အစိုးရအနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ အသိပညာပေးပွဲတွေ မလုပ်မဖြစ် လုပ်သင့်နေပြီ။ ကြိုးဆွဲချသေတာ ၁၀ ဦးအပြင် တနေ့ ကလည်း အရက်ကြောင် ကြောင်နေတဲ့ ဦးလေးက ၂ နှစ်ခွဲ တူမကို ဓားနဲ့ခုတ်သတ်တာလည်း ဖြစ်ခဲ့သေးတယ်။ အစိုးရ အနေနဲ့ မလုပ်နိုင်ရင်တော့ အရပ်ဖက် အဖွဲ့အစည်းတွေ ပရဟိတအဖွဲ့တွေက ဦးဆောင်လုပ်ဖို့ စဉ်းစားထားတာ ရှိပါတယ်” ဟု ပေါင်းတည်မြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုချစ်ကိုက ပြောသည်။
မြန်မာနိုင်ငံအတွင်း တနှစ်လျှင် လူ ၁ သိန်းတွင် ၇ ဦးနှုန်းခန့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားနေရာ ထိုသို့သော သတ်သေမှုများ လျော့နည်းလာစေရန်အတွက် မူးယစ်ဆေးဝါးနှင့် အရက်ကို လွယ်ကူစွာ ဝယ်ယူနိုင်မှုနှင့် အလွန်အကျွံ သောက်သုံးနေမှု များ လျှော့ချ ထိန်းချုပ်ရန် လိုအပ်ကြောင်းနှင့် စိတ်ကျန်းမာရေး မြှင့်တင်ခြင်း အစီအစဉ်များ ပြုလုပ်သင့်ကြောင်း ရန်ကုန် ဆေးတက္ကသိုလ် ၁၊ စိတ်ကျန်းမာရေးဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာတင်ဦးက သုံးသပ် ပြောကြားသည်။
“အဓိကတော့ အရက်ပြဿနာ၊ မူးယစ်ဆေး ပြဿနာ နောက်တခုက စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနိုင်တယ်။ အဲဒီ အကြောင်းကြောင့် ဖြစ်နိုင်တယ်။ အခုအခြေအနေက များတယ်လို့တော့ ပြောလို့ရတယ်။ စိုးရိမ်ရ၊ မရ ဆိုတာက ခါတိုင်းထက် များလာရင်တော့ စိုးရိမ်ရတာပေါ့နော်။ ၁၀ ယောက်ဖြစ်တယ် ဆိုရင်တော့ နည်းနည်း များသွားတဲ့ အခြေ အနေပေါ့။” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ဒေါက်တာ တင်ဦးက “ကာကွယ်ရေးအနေနဲ့ကတော့ စိတ်ကျန်းမာရေး မြှင့်တင်တာတို့၊ စိတ်ရောဂါ ဖြစ်နေတဲ့လူတွေကို အချိန်မှီ ကုတာတို့ လုပ်သင့်တယ်။ စိတ်ကျန်းမာရေး ပြဿနာကို စောစောသိလို့ စောစောကုရင် လျှော့ချနိုင်တာပေါ့။ မူးယစ်ဆေး တို့ အရက်တို့ကြရင်တော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့တင် မရတော့ဘူး။ အရက် အလွယ်တကူရမှုတို့ အရက်အလွန်အကျွံ သောက်သုံးတာမျိုးကတော့ ဌာနပေါင်းစုံ ထိန်းချုပ်ဖို့တော့ လိုတာပေါ့” ဟု အကြံပြုသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များ အရ လူဦးရေ ၁၃၇၀၀၀ ကျော် နေထိုင်ပြီး ဖေဖော်ဝါရီလမှ စက်တင်ဘာလကုန်အထိ ၆ ဦး၊ အောက်တိုဘာ ၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း တလအတွင်း ၄ ဦးမှာ ကြိုးဆွဲချကာ မိမိကိုယ်ကိုယ် အဆုံးစီရင် သတ်သေမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ကရင်ပြည်နယ် အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ တင်ဝင်းကျော်သည် ၎င်း၏လက်ကို ကတ်ကြေးဖြင့် ထိုး၍ အဆုံးစီရင်ခဲ့ရာမှ ကွယ်လွန်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်နေ့က UMFCCI တွင် ကျင်းပသည့် “World Mental Health Day 2019 Ceremony” အထိမ်းအမှတ် သေကြောင်းကြံမှု ကာကွယ်ရေး၊ စိတ်ကျန်းမာရေး မြှင့်တင်ပေး အစီအစဉ်တွင် Myanmar Medical Association မှ Senior Consultant Psychiatrist ဒေါက်တာစိုးမင်း က ၂၀၁၈ခုနှစ်က မြန်မာနိုင်ငံတွင် ကိုယ်ကိုကိုယ် အဆုံးစီရင်သွားသည့် အရေအတွက်မှာ ၄ထောင်ပတ်ဝန်းကျင် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ကောက်ခံရရှိသည့် ကိန်းဂဏန်း အချက်အလက်ကို မူတည်၍ ပြောကြားခဲ့သည်။
ထိုအထဲတွင် အမျိုးသား ဦးရေမှာ အမျိုးသမီး ဦးရေထက် နှစ်ဆနီးပါး ရှိကြောင်းလည်း သူက ရှင်းပြသည်။