ရက္ခိုင့်တပ်မတော် (AA) က ဓားစားခံအဖြစ် ထိန်းသိမ်းထားသည့် စစ်ဘက်နှင့် သက်ဆိုင်သည့်သူများ လွတ်မြောက်ရေး အတွက် သုံ့ပန်းလဲလှယ်သည့်နည်းဖြင့် မဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် ကြိုးစားသွားမည် ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
AA က ၎င်းတို့ ဖမ်းဆီးထားသူများကို တပ်မတော်ဘက်က ဖမ်းဆီးထားသူများကို လဲလှယ်လိုကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အပေါ် တပ်မတော်က အထက်ပါအတိုင်း တုန့်ပြန်ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ တပ်မတော်မှ မဟုတ်ဘူး။ နိုင်ငံတကာ တပ်မတော်တိုင်းလည်း အကြမ်းဖက် သမားနဲ့ မဆွေးနွေးဘူး။ ထုံးစံ မရှိဘူး။ ဒါပေမယ့် ဒီလူတွေ လွတ်မြောက်ရေးကတော့ ဆက်ပြီးလုပ်နေတုန်းပဲ။ နယ်မြေ စိုးမိုးရေးနဲ့ သတင်းရရှိရေးကတော့ ဆက်လုပ်နေတယ်” ဟု ပြောသည်။
AA ဘက်မှ ဖမ်းဆီးထားသည့် ရဲနှင့် တပ်မတော်သားများ အပါအဝင် ၁၇ ဦး စာရင်းမှာ မှန်ကန်မှု ရှိသော်လည်း ၎င်းတို့ အားလုံး အသက်ရှင်လျက် ရှိ၊ မရှိ ဆိုသည်မှာလည်း မသေချာကြောင်း၊ အာမခံချက် မရှိကြောင်း တပ်မတော်ဘက်က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့လက်ထဲမှာတောင် အသက်ရှင်လျက် ရှိ၊ မရှိဆိုတာ အာမခံချက် မရှိဘူး။ မီးသတ်တွေ အဖမ်းခံရတုန်းကလည်း ဒီလိုပဲ။ အကုန်ကျန်းမာတယ်တို့ ဘာတို့ ပြောပြီး လွှတ်ခါနီးကျမှ တယောက်က သေတယ် ဖြစ်သွားပြန်ရော။ ဒီလူတွေက မယုံရဘူး” ဟု ပြောသည်။
ယခု ကိစ္စနှင့် ပတ်သက်ပြီး အစိုးရ၏ သဘောထားကို သတင်းစာ ရှင်းလင်းပွဲရောက်မှ ထုတ်ဖော် ပြောဆိုပေးမည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
AA ၏ ထုတ်ပြန်ချက်တွင် “မြန်မာ့တပ်မတော်က ရခိုင်ဒေသအတွင်း အကြောင်း အမျိုးမျိုးပြကာ ပုဒ်မအမျိုးမျိုးတပ်၍ မတရား ဖမ်းဆီးထားသော အရပ်သားများ၊ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ် ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသော သူများကို ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးမည် ဆိုပါက ယခုစာရင်းပါ စစ်ဖက်နှင့် သက်ဆိုင်သော သူများအားလုံးကိုလည်း မိမိတို့ဖက်မှ ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးရန် အသင့်ရှိပါသည်”ဟု ပါရှိသည်။
AA အားငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်သည်ဟုဆိုကာ အစိုးရဘက်က ဖမ်းဆီး တရားစွဲထားသူများ ထဲတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခ) မိုးနှင်းဖြူတို့လည်း ပါဝင်လျှက်ရှိသည်။
AA ကြေညာချက်တွင် “နှစ်ဖက်အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နေသည့် အချိန်ကာလများတွင် ကြားဝင်စေ့စပ်ပေးနိုင်မည့်သူများရှိပါက အဆိုပါသုံ့ပန်းများကို အပြန်အလှန်လွှတ်ပေးရန် ဆန္ဒရှိကြောင်း” ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရခိုင်ဒေသအတွင်း AA အပေါ် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ဆက်လက် ရှိ နေသေးပြီး လက်နက်ကြီးများဖြင့် နေ့ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် စစ်မြေပြင်နှင့် စစ်ဆင်ရေး နယ်မြေများထဲမှ ဖမ်းဆီးရမိထားသော သုံ့ပန်းများမှာ လက်နက်ကြီး ကျည်များကြောင့် သေဆုံးသွားမည်ကိုလည်း စိုးရိမ်းကြောင်း အကြောင်းပြချက် ပေးထားသည်ကို တွေ့ရသည်။
AA က ပြန်လွှတ်ပေးရန် ကတိပြုထားသူများတွင် တပ်မတော်နှင့် ပူးပေါင်းကာ ၎င်းတို့၏ လှုပ်ရှားမှုများအား ဆန့်ကျင်လုပ်ဆောင်နေသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ချင်းပြည်နယ်၊ အမှတ် ၁၁၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပါဝင်ခဲ့ခြင်းမရှိပေ။
AA အနေဖြင့် ဦးဝှေ့တင်းအား ဖမ်းဆီသည့်လုပ်ရပ်အပေါ် ပြင်းထန်စွာရှုပ်ချကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေကြောင်း အာဏာရ NLD ပါတီက ထုတ်ပြန်ခဲ့ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း NLD နှင့် ချင်းအရပ်ဖက်အဖွဲ့အစည်း ၄၃ တို့ကတောင်းဆိုထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများအတွင်း ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ပိုမိုများပြားလာသည့်အပြင် ဖမ်းဆီးချုပ်နှောင်ထားမှုအတွင်း သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ လည်း ရှိနေသည်။
AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာမှ စတင်ကာ တပ်မတော် နှင့် AA တို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့ နယ်များတွင် နှစ်ဘက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိသည်။
AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် လူငယ် ၂၀ ကျော်ဖြင့် စတင် ဖွ့ဲစည်းခဲ့ပြီး ယခုအခါ အင်အား ၁ သောင်းဝန်းကျင် ရှိပြီဟု ခန့်မှန်းကြသည်။
ရခိုင်ပြည်နယ်သို့ ဝင်ရောက်ရန် မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင် ခြေကုန်ယူခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း၊ မင် းပြားနှင့် မြောက်ဦး မြို့နယ်များတွင် ဝင်ရောက် လှုပ်ရှားကာ တပ်စခန်းနေရာ အခိုင်အမာ ရရှိရန် ကြိုးစားလျက် ရှိသည်။
အကြီးတန်း သတင်းထောက် ထွန်းထွန်း ပူးပေါင်း ရေးသားသည်။